Site uses cookies to provide basic functionality.

OK
II CHRONICLES
Prev Up Next Toggle notes
Chapter 1
II C BurJudso 1:1  ဒါဝိဒ်၏သားတော်ရှောလမုန်သည်၊ မိမိဘုရား သခင် ထာဝရဘုရားမစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည် ကြည်မြဲမြံသောအခါ၊
II C BurJudso 1:2  လူတထောင်အုပ်၊ တရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီးအစ ရှိသော ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ်၍၊
II C BurJudso 1:3  တော၌ ထာဝရဘုရား၏ကျွန် မောရှေလုပ်ခဲ့ သော ဘုရားသခင်၏ပရိသတ်စည်းဝေးရာ တဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသည်ဖြစ်၍ ထိုအရပ် သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ၏။
II C BurJudso 1:4  ဘုရားသခင်၏ သေတ္တာတော်ကို ကားဒါဝိဒ် ပြင်ဆင်သောအရပ်၊ ယေရုရှလင်မြို့၌ ဆောက်နှင့် သောတဲသို့ ကိရယတ်ယာရိမ် မြို့မှ ဆောင်ခဲ့သော်လည်း၊
II C BurJudso 1:5  ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ လုပ်ခဲ့သောကြေးဝါ ယဇ်ပလ္လင်ကို ထာဝရဘုရား၏ တဲတော်ရှေ့မှာ ထားသောကြောင့်၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
II C BurJudso 1:6  ထိုသို့ပရိသတ်စည်းဝေးရာတဲတော်ရှေ့၊ ထာဝရ ဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှော လမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
II C BurJudso 1:7  ထိုညဉ့်တွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။
II C BurJudso 1:8  ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် အဘဒါဝိဒ်၌ များစွာသော ကျေးဇူးကိုပြုတော်မူပြီ။ အဘအရာ၌လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။
II C BurJudso 1:9  ယခုမှာ အိုထာဝရအရှင်ဘုရားသခင်၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသော လူတို့၏ ရှင်ဘုရင်အရာ၌ အကျွန်ုပ်ကို ချီးမြှောက်တော် မူသောကြောင့် အဘဒါဝိဒ်၌ထားသော ဂတိတော်ကို တည်စေတော်မူပါ။
II C BurJudso 1:10  အကျွန်ုပ်သည် ဤလူတို့ရှေ့မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင် နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။
II C BurJudso 1:11  ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက် မေ့၍ စည်းစိမ်ဥစ္စာဂုဏ်အသရေကို မတောင်း၊ ရန်သူ တို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သော အသက် ကိုလည်းမတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏ လူမျိုးကို တရားစီရင်ခြင်းငှါ တတ်နိုင်သော ဉာဏ်ပညာ ကိုသာ ကိုယ်အဘို့ တောင်းသောကြောင့်၊
II C BurJudso 1:12  ဉာဏ်ပညာကို ငါပေး၏။ ထိုမှတပါး သင့်ရှေ့ မှာဖြစ်ဘူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတံ့ သော ရှင်ဘုရင်တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
II C BurJudso 1:13  ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှ သည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။
II C BurJudso 1:14  ထိုနောက်ရှောလမုန်သည် ရထားများ၊ မြင်းစီး သူရဲများကို ဆည်းဖူး၍၊ ရထားတထောင်နှင့်လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့ ၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။
II C BurJudso 1:15  ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း၊ များပြားစေ၏။
II C BurJudso 1:16  ရှောလမုန်ထံသို့မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှ ဆောင်ခဲ့ရ၏။ ရှင်ဘုရင်ကုန်သည်တို့သည် အဘိုးပေးလျက်၊ ကောမြို့၌ခံယူရကြ၏။
II C BurJudso 1:17  အဲဂုတ္တုပြည်မှ ရထားတခုကိုငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို ငွေခြောက်ပိဿာနှင့်၎င်း၊ မြင်း တစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။