Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 13
Roma BurJudso 13:1  အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။
Roma BurJudso 13:2  ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။
Roma BurJudso 13:3  မင်းမူကား၊ ကောင်းသောအကျင့်ကို ကျင့်သောသူကြောက်ဘို့ဖြစ်သည်မဟုတ်။ မကောင်းသော အကျင့်ကို ကျင့်သောသူကြောက်ဘို့၏။ မင်းအာဏာကို မကြောက်ဘဲနေချင်သလော။ ကောင်းသော အကျင့်ကိုကျင့်လော့။ ကျင့်လျှင်မင်းအာဏာကြောင့်ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
Roma BurJudso 13:4  မင်းသည်ကား၊ သင်၏အကျိုးအလိုငှါ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်းမရှိစေလော့။ အကြောင်းမူကား၊ မင်းသည်အချည်းနှီးထားကို ဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။
Roma BurJudso 13:5  ထိုကြောင့်၊ ရာဇဝတ်ကိုကြောက်သောကြောင့်သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံရမည် မဟုတ်။ ကိုယ်ကိုကိုယ်သိသော စိတ်ကို ထောက်၍ ဝန်ခံရမည်။
Roma BurJudso 13:6  ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။
Roma BurJudso 13:7  ထိုကြောင့်၊ လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကို ၎င်း၊ အကောက်ကို ခံထိုက်သော သူအား အကောက်ကို၎င်း ပေးကြလော့။ ကြောက်ထိုက်သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့။
Roma BurJudso 13:8  အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။
Roma BurJudso 13:9  အကြောင်းမူကား၊ သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မမှန်သော သက်သေကိုမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ် ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ၊ ချစ်လော့ဟူသော ပညတ်တခု၌ အပါအဝင် ဖြစ်ကြ၏။
Roma BurJudso 13:10  ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် မစပ်ဆိုင်သော သူ၏အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။
Roma BurJudso 13:11  ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊
Roma BurJudso 13:12  ညဉ့်အချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသော အချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။
Roma BurJudso 13:13  ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။
Roma BurJudso 13:14  သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှါ မကြံစည် ကြနှင့်။