Site uses cookies to provide basic functionality.

OK
EXODUS
Prev Up Next Toggle notes
Chapter 17
Exod BurJudso 17:1  ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သိန်တောထဲက ထွက်၍ ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဘို့ရာ ရေမရှိ။
Exod BurJudso 17:2  ထိုကြောင့် လူများတို့က၊ သောက်ဘို့ရေပေးပါဟု ဆို၍ မောရှေကို ရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟု ဆိုလေ၏။
Exod BurJudso 17:3  လူများတို့သည် ရေငတ်၍ မောရှေကို အပြစ်တင် မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။
Exod BurJudso 17:4  ထိုအခါ မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့် ပစ်လုကြပါပြီဟု လျှောက်လေ၏။
Exod BurJudso 17:5  ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကို ခေါ်လော့။ မြစ်ကို ရိုက်သော သင်၏လှံတံကို ကိုင်လျက်၊ ဟောရပ်အရပ်သို့ သွားလော့။
Exod BurJudso 17:6  ထိုအရပ်၌ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည်။ သင်သည် ထိုကျောက်ကို ရိုက်ရမည်။ လူများသောက်ဘို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။
Exod BurJudso 17:7  ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင် ရှိသလော မရှိလောဟု ထာဝရဘုရားကို စုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့် မေရိဘဟု သမုတ်သတည်း။
Exod BurJudso 17:8  ထိုအခါ အာမလက်လူတို့သည် လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။
Exod BurJudso 17:9  မောရှေကလည်း၊ လူတို့ကို ရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကို ကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။
Exod BurJudso 17:10  မောရှေမှာလိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တက်ကြ၏။
Exod BurJudso 17:11  မောရှေသည် လက်ကို ချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကို ချသောအခါ၊ အာမလက်လူတို့သည် နိုင်ကြ၏။
Exod BurJudso 17:12  သို့ရာတွင် မောရှေ၏လက်သည် ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကို ထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ၍ သူ၏လက်ကို မကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။
Exod BurJudso 17:13  ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကို ထားလက်နက်ဖြင့် လုပ်ကြံလေ၏။
Exod BurJudso 17:14  ထာဝရဘုရားကလည်း၊ ဤအမှုကို အောက်မေ့စရာဘို့ စာရေးထား၍ ယောရှုအား ဘတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအား မိန့်တော်မူ၏။
Exod BurJudso 17:15  မောရှေသည်လည်း ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါနိဿိဟု သမုတ်လေ၏။
Exod BurJudso 17:16  အကြောင်းမူကား၊ အာမလက်လူမျိုး၏ လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ ရန်ဘက်ဖြစ် သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကို စစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း။