Site uses cookies to provide basic functionality.

OK
I KINGS
Prev Up Next Toggle notes
Chapter 9
I Ki BurJudso 9:1  ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
I Ki BurJudso 9:2  ထာဝရဘုရားသည် ဂိဗောင်မြို့၌ ထင်ရှားတော် မူသကဲ့သို့၊ ဒုတိယအကြိမ်၌ ထင်ရှားတော်မူလျက်၊
I Ki BurJudso 9:3  သင်သည် ငါ့ရှေ့မှာဆုတောင်းပဌနာပြုသော စကားကို ငါကြားပြီ။ သင်တည်ဆောက်သော ဤအိမ်ကို သန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေ မည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက် နေမည်။
I Ki BurJudso 9:4  သင်သည် ငါမှာထားသမျှကိုပြု၍၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ၊ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သော စိတ်သဘောနှင့် ငါ့ရှေ့မှာ ကျင့်နေလျှင်၊
I Ki BurJudso 9:5  ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ် အား ငါဂတိရှိသည်အတိုင်း၊ သင်ထိုင်ရသော ဣသရေလ နိုင်ငံ၏ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။
I Ki BurJudso 9:6  သို့မဟုတ်သင်နှင့် သင်၏သားမြေးတို့သည် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲလျက် ငါမှာထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မစောင့်၊ အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊
I Ki BurJudso 9:7  ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည်။
I Ki BurJudso 9:8  အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊
I Ki BurJudso 9:9  တယောက်က၊ သူတို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သူတို့၏ ဘုရားသခင် ထာဝရ ဘုရားကို သူတို့သည်စွန့်၍ အခြားတပါးသောဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ထာဝရဘုရား သည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
I Ki BurJudso 9:10  ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
I Ki BurJudso 9:11  တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရူးသစ်သားနှင့် ရွှေ အခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည် ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီး အားပေး၏။
I Ki BurJudso 9:12  ရှောလမုန်ပေးသော မြို့တို့ကို ဟိရံသည် တုရုမြို့ မှလာ၍ ကြည့်ရှုသောအခါ အားမရ။
I Ki BurJudso 9:13  ငါ့ညီ၊ ငါ့အားပေးသော မြို့တို့သည် အဘယ်သို့သောမြို့နည်းဟု ဆိုလျက်၊
I Ki BurJudso 9:14  ထိုအရပ်ကို တာဗုလဟူ၍ ယနေ့တိုင်အောင် သမုတ်သတည်း။
I Ki BurJudso 9:15  ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း။
I Ki BurJudso 9:16  ဂေဇာမြို့ကိုကား၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ၍ တိုက်ယူ မီးရှို့သဖြင့်၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ၊ မိမိသမီး၊ ရှောလမုန်၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ။
I Ki BurJudso 9:17  သို့ဖြစ်၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ၏။ ထိုမှတပါး၊ အောက်ဗေသောရုန်မြို့၊
I Ki BurJudso 9:18  ဗာလက်မြို့၊ တောအရပ်၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ၏။
I Ki BurJudso 9:19  ဘဏ္ဍာတော် သိုထားသောမြို့များ၊ ရထားတော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
I Ki BurJudso 9:20  ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့်၊
I Ki BurJudso 9:21  ပြည်တော်၌ကျန်ကြွင်းသော တပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ ကျွန်ခံစေ၏။
I Ki BurJudso 9:22  ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန်သည် ကျွန်မခံစေ။ စစ်သူရဲ၊ အမှုတော်စောင့်၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထား တော်မူ၏။
I Ki BurJudso 9:23  တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။
I Ki BurJudso 9:24  ဖာရောရှင်ဘုရင်၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက်၍၊ သူ့အဘို့ ရှောလမုန်တည်ဆောက်သော နန်း တော်သို့ ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ၏။
I Ki BurJudso 9:25  ထာဝရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
I Ki BurJudso 9:26  တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ်၏။
I Ki BurJudso 9:27  ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။
I Ki BurJudso 9:28  သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ၏။