Site uses cookies to provide basic functionality.

OK
GENESIS
Prev Up Next
Chapter 13
Gene BurJudso 13:1  အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့် တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။
Gene BurJudso 13:2  ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း အလွန်ရတတ်၏။
Gene BurJudso 13:3  တဖန်တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်က တဲကိုဆောက်၍၊
Gene BurJudso 13:4  ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသော အရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။
Gene BurJudso 13:5  အာဗြံနှင့်အတူ လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊
Gene BurJudso 13:6  ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေ မဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ။
Gene BurJudso 13:7  အာဗြံ၏ နွား ကျောင်းသား၊ လောတ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌ နေကြသတည်း။
Gene BurJudso 13:8  အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။
Gene BurJudso 13:9  မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော့။ ငါနှင့် ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို၏။
Gene BurJudso 13:10  ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည် ကဲ့သို့၎င်းဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊
Gene BurJudso 13:11  ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်း တဦးနှင့် တဦး ကွဲပြားကြ၏။
Gene BurJudso 13:12  အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လောတ မူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့ နားမှာ တဲကို ဆောက်လေ၏။
Gene BurJudso 13:13  သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
Gene BurJudso 13:14  လောတသည် အာဗြံနှင့်ခွါ၍ သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မြော်ကြည့်လော့။
Gene BurJudso 13:15  သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့်သင်၏ အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲပေးမည်။
Gene BurJudso 13:16  သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင်၊ သင်၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။
Gene BurJudso 13:17  သင်ထ၍မြေကို အလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့။ သင်အား ငါပေးမည်ဟု မိန့်တော်မူ၏။
Gene BurJudso 13:18  တဖန်အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍ ထာဝရဘုရား အဘို့ ယဇ်ပလ္လင်ကို တည်လေ၏။