Site uses cookies to provide basic functionality.

OK
ISAIAH
Prev Up Next Toggle notes
Chapter 56
Isai BurJudso 56:1  ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကို စောင့်၍ ဖြောင့်မတ်စွာ ကျင့်ကြလော့။ ငါ၏ကယ်တင် ခြင်း ကျေးဇူးရောက်ချိန်နှင့်၊ ငါ၏ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန်ရောက်လုနီးပြီ။
Isai BurJudso 56:2  ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသား သည်၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း၊ မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။
Isai BurJudso 56:3  ထာဝရဘုရား၌ မှီဝဲသော တပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထား တော်မူပြီဟု မဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည် သွေ့ခြောက်သော အပင်ဖြစ်သည်ဟု မဆိုစေနှင့်။
Isai BurJudso 56:4  ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ဥပုသ် နေ့ကို စောင့်လျက်၊ ငါနှစ်သက်သောအရာကို ရွေးယူ၍၊ ငါ၏ပဋိညာဉ်ကို မှီဝဲသော မိန်းမလျှာတို့အား၊
Isai BurJudso 56:5  သားသမီးတို့ ထက်မြတ်သောအရာ၊ မြတ်သော နာမကို ငါ့အိမ်၊ ငါ့တန်တိုင်းအတွင်း၌ ငါပေးမည်။ မပျောက်နိုင်သော ထာဝရနာမကို သူတို့အား ငါပေးမည်။
Isai BurJudso 56:6  ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော် ကို ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်း အလိုငှါ၊ ထာဝရ ဘုရား၌မှီဝဲသော တပါးအမျိုးသားတို့ကို၎င်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကို၎င်း၊
Isai BurJudso 56:7  ငါ၏သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့ မီးရှို့ရာ ယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံ မည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့။
Isai BurJudso 56:8  အရပ်ရပ်၌ ကွဲပြားသော ဣသရေလအမျိုးသား တို့ကို စုဝေးစေသော အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ စုဝေးပြီးသော သူများမှတပါး အခြားသော သူတို့ကို ထိုအစုအဝေး၌ ငါစုဝေးစေဦးမည်ဟု မိန့်တော် မူ၏။
Isai BurJudso 56:9  အို လယ်ပြင်သားအပေါင်းနှင့် တော၌လည် သော သားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှါ လာကြလော့။
Isai BurJudso 56:10  သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။
Isai BurJudso 56:11  စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။
Isai BurJudso 56:12  လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။