Site uses cookies to provide basic functionality.

OK
ISAIAH
Prev Up Next Toggle notes
Chapter 66
Isai BurJudso 66:1  ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။
Isai BurJudso 66:2  ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲ ခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။
Isai BurJudso 66:3  တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။
Isai BurJudso 66:4  ငါသည်လည်း၊ သူတို့ဘို့ ဘေးဥပဒ်များကိုရွေးမည်။ သူတို့ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကိုကျင့်၍၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။
Isai BurJudso 66:5  ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သော သူတို့၊ စကားတော်ကို နားထောင် ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည်သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြ လိမ့်မည်။
Isai BurJudso 66:6  မြို့၌ အုတ်အုတ်ကျက်ကျက်သောအသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုး အပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏စကားသံ ပေတည်း။
Isai BurJudso 66:7  ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို မခံမှီသားကိုဘွား၏။ ဝေဒနာခံချိန်မရောက်မှီ သား ယောက်ျားကိုမြင်၏။
Isai BurJudso 66:8  ထိုသို့သောအမှုကို အဘယ်သူသည် ကြားဘူး သနည်း။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဘူး သနည်း။ တိုင်းနိုင်ငံကို တနေ့ခြင်းတွင် ဘွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဘွားမြင်ပါသည် တကား။
Isai BurJudso 66:9  သားဘွားမည်အကြောင်းကို ငါသည်စီရင်ပြီးမှ၊ မဘွားစေဘဲနေရမည်လောဟု ထာဝရဘုရားမေးတော် မူ၏။ ငါသည် ပဋိသန္ဓေပေးပြီးမှ၊ မဘွားနိုင်အောင် ချုပ်ထားရမည်လောဟု သင်၏ဘုရားသခင်မေးတော် မူ၏။
Isai BurJudso 66:10  ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။
Isai BurJudso 66:11  သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။
Isai BurJudso 66:12  ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။
Isai BurJudso 66:13  အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာ ရကြလိမ့်မည်။
Isai BurJudso 66:14  ထိုသို့ တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍၊ အရိုးတို့ သည်စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား၏ လက်တော်သည်လည်း ကျွန်တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့အား၎င်း ထင်ရှားလိမ့်မည်။
Isai BurJudso 66:15  ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကို၎င်း၊ မီးလျှံအားဖြင့် ဆုံးမ တော်မူခြင်းကို၎င်း ထင်ရှားစွာ ပြခြင်းငှါ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကိုစီး၍၊ မီးကဲ့သို့ ကြွလာတော် မူလိမ့်မည်။
Isai BurJudso 66:16  ထာဝရဘုရားသည် မီးနှင့်ထားအားဖြင့်၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ၍၊ ထာဝရ ဘုရားကွပ်မျက်တော်မူသော သူတို့သည် များကြလိမ့်မည်။
Isai BurJudso 66:17  တဖန်မိန့်တော်မူသည်ကား၊ ဝက်သား၊ ကြွက် သား၊ ရွံရှာဘွယ်သောအရာကို စားလျက်၊ ဥယျာဉ်တို့တွင် အလယ်၌ရှိသော သူတယောက်နောက်သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင် နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့၏အကျင့် ကို၎င်း အကြံအစည်တို့ကို၎င်း ငါသိ၏။
Isai BurJudso 66:18  အချိန်တန်မှ ဘာသာစကားခြားနားသော လူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့်၊ သူတို့သည် လာ၍ ငါ၏ဘုန်းကို ဖူးမြင်ကြလိမ့်မည်။
Isai BurJudso 66:19  ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ် သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကိုမမြင်၊ ဝေးစွာသော တကျွန်းတနိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တပါး အမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။
Isai BurJudso 66:20  ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကို အပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအားပူဇော်ဘို့ရာ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ၏ သန့်ရှင်းသောတောင်၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Isai BurJudso 66:21  ထိုသူအချို့တို့ကို ငါရွေးယူ၍၊ ယဇ်ပုရောဟိတ် အရာနှင့် လေဝိလူအရာ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Isai BurJudso 66:22  ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Isai BurJudso 66:23  လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့်ဥပုသ်နေ့ အစဉ်အတိုင်းလာကြ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Isai BurJudso 66:24  ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည်မသေနိုင်ရာ။ သူတို့၏မီးသည်လည်းမငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဘွယ်ဖြစ်ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။ ပရောဖက်ဟေရှာယစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။