Site uses cookies to provide basic functionality.

OK
JEREMIAH
Prev Up Next Toggle notes
Chapter 41
Jere BurJudso 41:1  သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သားနာသနိ၏သား ဣရှမေလသည်၊ လူတကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့ သို့လာ၍၊ ထိုမြို့၌တစုတည်းစားသောက်ကြ၏။
Jere BurJudso 41:2  ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူ တကျိပ်တို့သည် ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည် အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကိုထားနှင့်ခုတ်၍ သတ်ကြ၏။
Jere BurJudso 41:3  ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိ ထံ၌ရှိသော ယုဒလူအပေါင်းတို့ကို၎င်း၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို၎င်း သတ်လေ၏။
Jere BurJudso 41:4  ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့်၊
Jere BurJudso 41:5  ရှေခင်မြို့၊ရှိလောမြို့၊ ရှမာရိမြို့မှထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသော ကိုယ်ရှိလျက်၊ ပူဇော သက္ကာနှင့်နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ၏။
Jere BurJudso 41:6  ထိုသူတို့ကို ကြိုဆိုအံ့သောငှါ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံ သို့လာကြလော့ ဟု ခေါ်လေ၏။
Jere BurJudso 41:7  မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလ နှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်း ထဲသို့ ပစ်ချကြ၏။
Jere BurJudso 41:8  ထိုသူတို့တွင်ပါသော လူတကျိပ်တို့က၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည်တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။
Jere BurJudso 41:9  ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသော တွင်းသည်အခြားတွင်း မဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။
Jere BurJudso 41:10  ထိုအခါအဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန် အပ်သောမင်းသမီးများအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည် သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။
Jere BurJudso 41:11  ထိုသို့နာသနိသား ဣရှမေလပြုသော အမှုဆိုး အလုံစုံတို့ကို၊ ကာရသားယောဟနန်နှင့် သူ့ထံ၌ရှိသမျှ သော တပ်မှူးတို့သည်ကြားလျှင်၊
Jere BurJudso 41:12  လူအပေါင်းတို့ကို ခေါ်၍၊ နာသနိသား ဣရှ မေလကိုတိုက်ခြင်းငှါ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နား မှာတွေ့လေ၏။
Jere BurJudso 41:13  ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသား ယောဟနန်နှင့်သူ၌ပါသော တပ်မှူး အပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကြ၏။
Jere BurJudso 41:14  ထိုအခါမိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။
Jere BurJudso 41:15  နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသား တို့ထံသို့ သွားလေ၏။
Jere BurJudso 41:16  ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည် နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ ၎င်း၊ မိဇပါမြို့မှ၎င်းနှုတ်၍ ကျန်ကြွင်းသော သူတည်း ဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ် များ၊ မိန်းမစိုးများ အပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ ပြန်၍၊
Jere BurJudso 41:17  ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ပြောင်းမည် အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့သွား၍ နေကြ၏။
Jere BurJudso 41:18  အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိ သား ဣရှမေလသတ်သောကြောင့်၊ ခါလဒဲလူတို့ကို ကြောက်ကြ၏။