Site uses cookies to provide basic functionality.

OK
II SAMUEL
Prev Up Next Toggle notes
Chapter 24
II S BurJudso 24:1  နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။
II S BurJudso 24:2  ရှင်ဘုရင်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား၍၊ လူတို့ကို ရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘအားမိန့်တော်မူ၏။
II S BurJudso 24:3  ယွာဘကလည်း၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတရာတိုးပွါး စေသဖြင့်၊ ကျွန်တော်သခင် အရှင်မင်းကြီးမြင်မည် အကြောင်း ပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင်အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ ၏။
II S BurJudso 24:4  သို့သော်လည်း အမိန့်တော်သည် ယွာဘစကား နှင့် ဗိုလ်များ စကားကိုနိုင်သဖြင့်၊ ယွာဘနှင့် ဗိုလ်များ တို့သည် လူတို့ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက် သွားကြ၏။
II S BurJudso 24:5  ယော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်၌ရှိသော အာရော်မြို့အရှေ့ဘက်၊ ယာဇာမြို့အနားမှာ တပ်ချ ကြ၏။
II S BurJudso 24:6  ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ ဝိုင်းသွား၍၊
II S BurJudso 24:7  တုရုရဲတိုက်သို့၎င်း၊ ဟိဝိမြို့များ၊ ခါနာနိမြို့များ အလုံးစုံတို့သို့၎င်း ရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရ ရှေဘမြို့၌ လက်စသတ်ကြ၏။
II S BurJudso 24:8  ထိုသို့တပြည်လုံး ရှောက်သွား၍ ကိုးလနှင့် အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ၏။
II S BurJudso 24:9  ယွာဘသည်လည်းလူပေါင်းစာရင်းကို ရှင်ဘုရင်အား ဆက်၍၊ ဣသရေလအမျိုး၌ ထားကိုင် သူရဲရှစ်သိန်း၊ ယုဒအမျိုး၌ ငါသိန်းရှိကြ၏။
II S BurJudso 24:10  ဒါဝိဒ်သည် လူတို့ကို ရေတွက်ပြီးမှ နောင်တရ၍၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ အိုထာဝရ ဘုရား၊ ကိုယ်တော်ကျွန်၏အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရားအား တောင်းပန်လေ၏။
II S BurJudso 24:11  ဒါဝိဒ်သည် နံနက်အချိန်၌ ထသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ ပရောဖက်ဂဒ်သို့ ရောက်လာ၍၊
II S BurJudso 24:12  ဒါဝိဒ်ထံသို့သွားလော့။ အရာသုံးပါးကိုသင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
II S BurJudso 24:13  ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍၊ ပြည်တော်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို့မဟုတ် ပြည်တော်၌ သုံးရက်ပတ်လုံးကာလနာ ရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
II S BurJudso 24:14  ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏ လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။
II S BurJudso 24:15  ထိုနေ့နံနက်မှစ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ ကာလ နာကို လွှတ်လိုက်တော်မူ၍၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် လူခုနစ်သောင်းသေကြ၏။
II S BurJudso 24:16  ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကို ဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရား သည် ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန်သည် ယေဗုသိလူအရောန၏ ကောက်နယ်တလင်းအနားမှာ ရှိ၏။
II S BurJudso 24:17  လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါ သနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ် အဆွေ အမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။
II S BurJudso 24:18  ထိုနေ့ခြင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ၍၊ ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ ကောက်နယ် တလင်း၌ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ရမည် ဟု၊
II S BurJudso 24:19  ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည် သွားလေ၏။
II S BurJudso 24:20  ထိုသို့ရှင်ဘုရင်သည် အခြံအရံတော်နှင့်တကွ ကြွလာသည်ကို အရောနသည် ကြည့်၍မြင်လျှင်၊ ပြင်သို့ ထွက်၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပြပ်ဝပ်လျက်၊
II S BurJudso 24:21  ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်း ဟု မေးလျှောက်လျှင်၊ ဒါဝိဒ်က၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လို၍၊ သင်၏ကောက်နယ်တလင်းကို ဝယ်အံ့သောငှါ လာသည်ဟု အမိန့်ရှိသော်၊
II S BurJudso 24:22  အရောနက၊ ကျွန်တော်သခင်အရှင်မင်းကြီး သည် စိတ်တော်ရှိသည်အတိုင်း ယူ၍ ပူဇော်တော်မူပါ။ မီးရှို့ရာယဇ်ဘို့ နွားများရှိပါ၏။ ထင်းဘို့ကောက်နယ်တန်ဆာ၊ နွားနှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက်လျက်၊
II S BurJudso 24:23  အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်၍၊ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ၏။
II S BurJudso 24:24  ရှင်ဘုရင်ကလည်း၊ ထိုသို့ငါမယူရ။ စင်စစ်အဘိုးပေး၍ ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲငါ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအား ဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကို ပေး၍၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကို ဝယ်ပြီးမှ၊
II S BurJudso 24:25  ထိုအရပ်၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဘို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်းစေတော်မူ၏။ ဓမ္မရာဇဝင်ဒုတိယစောင်ပြီး၏။