Site uses cookies to provide basic functionality.

OK
II SAMUEL
Prev Up Next Toggle notes
Chapter 14
II S BurJudso 14:1  ထိုသို့ရှင်ဘုရင်၏ စိတ်နှလုံးသည် အဗရှလုံသို့ ပါသွားကြောင်းကို ဇေရုယာသားယွာဘသည် ရိပ်မိသော အခါ၊
II S BurJudso 14:2  တေကောမြို့သို့ စေလွှတ်၍ ပညာရှိသောမိန်းမကို ခေါ်ပြီးလျှင်၊ သင်သည် ဆီမလိမ်းပါနှင့်။ စိတ်မသာ ညည်းတွားဟန်ပြု၍ မသာအဝတ်ကို ဝတ်ပါတော့။ လူသေအတွက် ကြာမြင့်စွာ ငိုကြွေးသောမိန်းမယောင် ဆောင်လျက်၊
II S BurJudso 14:3  ရှင်ဘုရင်ထံတော်သို့ဝင်၍ ဤသို့လျှောက်ရမည်ဟု သွန်သင်လေ၏။
II S BurJudso 14:4  ထိုတေကောမြို့သူမိန်းမသည် အထံတော်သို့ ဝင်၍ မြေပေါ်မှာ ပြပ်ဝပ်ရှိခိုးလျက်၊ အရှင်မင်းကြီး၊ ကယ်မသနားတော်မူပါဟု လျှောက်လေ၏။
II S BurJudso 14:5  ရှင်ဘုရင်ကလည်း၊ အဘယ်အမှုရှိသနည်းဟု မေးတော်မူလျှင် မိန်းမက၊ ကျွန်တော်မသည် လင်သေ သော မုတ်ဆိုးမဖြစ်ပါ၏။
II S BurJudso 14:6  ကိုယ်တော်ကျွန်မ၌သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်တို့သည် ခိုက်ရန်ပြုကြပါ၏။ ဖျန်ဖြေ သောသူမရှိသောကြောင့် တယောက်သည် တယောက်ကို သေသည်တိုင်အောင် လုပ်ကြံပါ၏။
II S BurJudso 14:7  ယခုမှာ အဆွေအမျိုးအပေါင်းတို့သည် ကိုယ်တော်ကျွန်မတဘက်၌ထကြ၍ အစ်ကိုကို သတ် သောသူကိုသေစားသေစေခြင်းငှါ အပ်ရမည်။ အမွေခံကိုလည်း ငါတို့ပယ်ရှင်းမည်ဟုဆိုကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ၌ ကျန်ကြွင်းသေးသောမီးခဲကို သူတို့သည် သတ်ကြပါလိမ့်မည်။ ကျွန်တော်မလင်၏အမည်ကို၎င်း၊ အကျန်အကြွင်းကို၎င်း၊ မြေကြီးပေါ်က သုတ်သင် ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက်လေသော်၊
II S BurJudso 14:8  ရှင်ဘုရင်က သင့်အိမ်သို့ ပြန်သွားလော့။ သင့်အမှုကို ငါစီရင်မည်ဟု မိန်းမအား မိန့်တော်မူ၏။
II S BurJudso 14:9  တေကောမြို့သူမိန်းမကလည်း၊ အိုအရှင်မင်းကြီး၊ ကျွန်တော်မနှင့် ကျွန်တော်မအဆွေအမျိုး၌ အပြစ်ရောက်ပါစေ။ ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်သည် အပြစ်လွတ်ပါစေဟုလျှောက်လျှင်၊
II S BurJudso 14:10  ရှင်ဘုရင်က၊ သင်၌အပြစ်တင်သောသူကို ငါ့ထံသို့ခေါ်ခဲ့လော့။ နောက်တဖန်သင့်ကို မနှောင့်ရှက်ရဟု မိန့်တော်မူသော်၊
II S BurJudso 14:11  မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏သားကို သတ်မည်ဟု စိုးရိမ်ပါသည်ဖြစ်၍၊ သူတို့သည်အထူးသဖြင့် မဖျက်ဆီးစေခြင်းငှါ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား ၏ဆံပင်တပင်မျှ မြေပေါ်သို့ မကျရဟု မိန့်တော်မူ၏။
II S BurJudso 14:12  တဖန် မိန်းမကလည်း၊ ကိုယ်တော်ကျွန်မသည် အရှင်မင်းကြီးအား စကားတခွန်းလျှောက်ရသော အခွင့် ကို ပေးတော်မူပါဟု တောင်းပန်လျှင်၊ လျှောက်လော့ဟု မိန့်တော်မူ၏။
II S BurJudso 14:13  မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏ လူတို့တဘက်၌ အဘယ်ကြောင့် ကြံစည် တော်မူသနည်း။ အရှင်မင်းကြီးနှင်ထုတ်သော သူကို တဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကို အပြစ်တင်၍ စီရင် တော်မူပါပြီတကား။
II S BurJudso 14:14  ငါတို့သည် သေအံ့သော သူဖြစ်ကြ၏။ မြေပေါ် မှာသွန်းပြီးလျှင် နောက်တဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသော သူသည် အစဉ် နှင်ထုတ်ခြင်းကို ခံ၍ မနေရမည်အကြောင်း ကြံစည် တော်မူ၏။
II S BurJudso 14:15  သို့ဖြစ်၍ ကျွန်တော်မသည် လာ၍ဤအမှုကို အရှင်မင်းကြီးအား လျှောက်ရသည်အကြောင်းမှာ၊ ကျွန်တော်မကြောက်အောင် လူများတို့သည်ပြုကြပါ၏။ ကိုယ်တော်ကျွန်မကလည်း၊ ရှင်ဘုရင်ကို ငါလျှောက်မည်။ ရှင်ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြုကောင်း ပြုတော်မူမည်။
II S BurJudso 14:16  ငါနှင့်ငါ့သားကိုဘုရားသခင်၏ အမွေတော်မြေပေါ်က သုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကို နှုတ်အံ့သောငှါ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။
II S BurJudso 14:17  ကိုယ်တော် ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင် ၏ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူ ရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။
II S BurJudso 14:18  ထိုအခါရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့် ဟုအမိန့်ရှိသော်၊ မိန်းမက အရှင် မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
II S BurJudso 14:19  ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အားအကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမ က အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ျာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော် မကို မှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။
II S BurJudso 14:20  ပရိယာယ်ပြု၍ ဤသို့အယောင်ဆောင်စေခြင်းငှါ ကိုယ်တော်ကျွန်ယွာဘသည် စီရင်ပါ၏။ အရှင်သခင် သည်လည်း မြေကြီးပေါ်မှာ ရှိသမျှတို့ကို သိနိုင်သည် တိုင်အောင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ပညာရှိသကဲ့သို့ ပညာရှိတော်မူသည်ဟု ပြန်လျှောက် လေ၏။
II S BurJudso 14:21  ထိုအခါရှင်ဘုရင်က၊ ဤအမှုကို ငါစီရင်ရ၏။ သင်သွား၍ ထို လုလင်အဗရှလုံကို တဖန်ခေါ်ရမည်ဟု ယွာဘအား မိန့်တော်မူ၏။
II S BurJudso 14:22  ယွာဘသည်လည်း မြေပေါ်မှာ ဦးချပြပ်ဝပ်လျက်၊ ကျွန်တော်သခင်အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီးပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာ ရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။
II S BurJudso 14:23  ထိုနောက် ယွာဘသည်ထ၍ ဂေရှုရမြို့သွားသဖြင့်၊ အဗရှလုံကို ယေရုရှလင်မြို့သို့ဆောင်ခဲ့လေ၏။
II S BurJudso 14:24  ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့ သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရ။
II S BurJudso 14:25  ဣသရေလအမျိုး တမျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသော သူတယောက်မျှမရှိ။ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တခုမျှမရှိ။
II S BurJudso 14:26  ဆံပင်လေးသောကြောင့်၊ နှစ်တိုင်းဖြတ်၍ တနှစ်လျှင် အကျပ်တော်အတိုင်း အကျပ်သုံးဆယ်ရတတ်၏။
II S BurJudso 14:27  အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတယောက်ကိုမြင်လေ၏။ သမီးသည် အလွန်လှသောသူဖြစ်၏။
II S BurJudso 14:28  အဗရှလုံသည် ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရဘဲနှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌ နေပြီးမှ၊
II S BurJudso 14:29  ယွာဘကိုရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မလာ။
II S BurJudso 14:30  ဒုတိယအကြိမ်ခေါ်သော်လည်း မလာ။ ထိုကြောင့် ကျွန်တို့အား၊ ယွာဘ၏ လယ်သည် ငါတို့နေရာ နှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ ကြဟု စီရင်သည်အတိုင်း အဗရှလုံ၏ကျွန်တို့သည် မီးရှို့ကြ၏။
II S BurJudso 14:31  ထိုအခါ ယွာဘသည် အဗရှလုံအိမ်သို့ထသွား၍၊ ကိုယ်တော်၏ ကျွန်တို့သည် ကျွန်တော်လယ်ကို အဘယ် ကြောင့် မီးရှို့ကြသနည်းဟု မေးသော်၊
II S BurJudso 14:32  အဗရှလုံက၊ ငါသည် ဂေရှုရမြို့မှအဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟု လျှောက်စေခြင်းငှါ၊ သင့်ကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာ ရှင်ဘုရင်၏ မျက်နှာတော်ကို ငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟု ယွာဘအား ပြောဆိုသော်၊
II S BurJudso 14:33  ယွာဘသည် ရှင်ဘုရင်ထံတော်သို့ သွား၍ လျှောက်သဖြင့်၊ အဗရှလုံကို ခေါ်တော်မူ၏။ အဗရှလုံ သည်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပြပ်ဝပ်၏။ ရှင်ဘုရင်သည် သူကိုနမ်းတော်မူ၏။