Site uses cookies to provide basic functionality.

OK
II SAMUEL
Prev Up Next Toggle notes
Chapter 7
II S BurJudso 7:1  ထာဝရဘုရားသည် အရပ်ရပ်တို့၌ရှိသော ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူသော ကျေးဇူးကို ရှင်ဘုရင်သည် ခံရ၍၊ နန်းတော်၌ငြိမ်ဝပ်စွာ နေရသောအခါ။
II S BurJudso 7:2  ပရောဖက်နာသန်ကို ခေါ်၍၊ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့်နေ၏။ ဘုရားသခင်၏ သေတ္တာတော်မူကား၊ ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊
II S BurJudso 7:3  နာသန်က၊ အကြံတော်ရှိသမျှ အတွင်းပြုတော် မူပါ။ ထာဝရဘုရားသည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက်၏။
II S BurJudso 7:4  ထိုညဉ့်တွင် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် နာသန်သို့ ရောက်၍၊
II S BurJudso 7:5  ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့ အိမ်ကို ဆောက်ရမည်လော။
II S BurJudso 7:6  ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောနေ့ကစ၍ယနေ့တိုင်အောင် အိမ်နှင့်ငါ မနေ။ တဲအမျိုးမျိုးနှင့်ငါလှည့်လည်ပြီ။
II S BurJudso 7:7  ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့၌၊ ငါ၏လူဣသရေလအမျိုးကို ကျွေးမွေးစေ ခြင်းငှါ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစုံတယောက်အား၊ သင်သည် ငါ့အဘို့အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။
II S BurJudso 7:8  ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနှုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။
II S BurJudso 7:9  သင်သွားလေရာရာ၌ ငါလိုက်၍သင်၏ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ပယ်ရှားသဖြင့်၊ မြေကြီးသား တို့တွင် လူကြီး၏ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ။
II S BurJudso 7:10  ထိုမှတပါး ငါ၏လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တဖန် မပြောင်းမလဲ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသောသူတို့သည် ရှေးကာလ၌၎င်း၊
II S BurJudso 7:11  ငါ၏လူဣသရေလအမျိုးတွင် တရားသူကြီး တို့ကို ခန့်ထားသောကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန်မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။
II S BurJudso 7:12  သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှ ဆင်းသက်သော သားကိုငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။
II S BurJudso 7:13  ထိုသားသည် ငါ၏နာမအဘို့ အိမ်ကို ဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်။
II S BurJudso 7:14  ငါသည် သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သူသည် ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သော ကြိမ်လုံးနှင့် ငါဆုံးမမည်။
II S BurJudso 7:15  သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသော ရှောလု၌ ငါ၏ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်။
II S BurJudso 7:16  သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။
II S BurJudso 7:17  ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အား ပြန်ပြောလေ၏။
II S BurJudso 7:18  ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း။
II S BurJudso 7:19  သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့်၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါ သလော။
II S BurJudso 7:20  ဒါဝိဒ်သည် အဘယ်သို့တိုးတက်၍ လျှောက်ရပါမည်နည်း။ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏ ကျွန်ကို သိတော်မူ၏။
II S BurJudso 7:21  နှုတ်ကပတ်တော်ကို ထောက်၍၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်သိရမည်အကြောင်း၊ ဤကြီးစွာသော အမှုအလုံးစုံတို့ ကိုပြုတော်မူပြီ။
II S BurJudso 7:22  သို့ဖြစ်၍ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့်တူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမည်မျှမရှိပါ။
II S BurJudso 7:23  နာမတော်ကို ထင်ရှားစေ၍ အဲဂုတ္တုပြည်အစ ရှိသော အခြားသောပြည်များ၊ သူတို့ဘုရားများတို့မှ ရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့တွင် လူမျိုးတော်အဘို့နှင့်ပြည်တော်အဘို့ ကြောက်မက်ဘွယ် သော အမှုကြီးတို့ကို ပြုခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ရွေး နှုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။
II S BurJudso 7:24  အကြောင်းမူကား၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို အစဉ်အမြဲ ကိုယ်တော်၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော်အဘို့ ခိုင်ခံ့မြဲမြံစေ၍၊ ကိုယ်တော် ထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်တော်မူ၏။
II S BurJudso 7:25  ယခုမှာအိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲ တည်စေတော်မူပါ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။
II S BurJudso 7:26  ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူ သည်ဟူ၍ နာမတော်သည် အစဉ်အမြဲချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ် သည် ရှေ့တော်၌တည်ပါစေသော။
II S BurJudso 7:27  အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်က၊ သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ဤပဌနာကို ရှေ့တော်၌ ပြုချင် သောစိတ်ရှိပါ၏။
II S BurJudso 7:28  ယခုလည်းအိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။ စကားတော်လည်း မှန်ပါ၏။ ဤကျေးဇူးကိုကိုယ်တော်ကျွန်၌ ဂတိထားတော်မူပြီ။
II S BurJudso 7:29  သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း၊ ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား၊အမိန့်တော်ရှိသည်အတိုင်းကောင်းကြီးပေး တော်မူသောမင်္ဂလာကို၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် အစဉ်အမြဲခံရပါစေသောဟု ဆုတောင်းသတည်း။