Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next
Chapter 115
Psal BurJudso 115:1  အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း။
Psal BurJudso 115:2  သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။
Psal BurJudso 115:3  ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
Psal BurJudso 115:4  သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
Psal BurJudso 115:5  ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
Psal BurJudso 115:6  နားရှိ၍မကြားတတ်။ နှာခေါင်းရှိ၍မနမ်းတတ်။
Psal BurJudso 115:7  လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား။
Psal BurJudso 115:8  လုပ်သောသူတို့လည်း အတူတူပါတကား။
Psal BurJudso 115:9  အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။
Psal BurJudso 115:10  အိုအာရုန်အမျိုးအနွယ်၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
Psal BurJudso 115:11  ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော် မူ၏။
Psal BurJudso 115:12  ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။
Psal BurJudso 115:13  ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည်။
Psal BurJudso 115:14  ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။
Psal BurJudso 115:15  သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ၏။
Psal BurJudso 115:16  ကောင်းကင်ကား၊ ထာဝရဘုရား၏ ကောင်း ကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ။
Psal BurJudso 115:17  သေလွန်သောသူ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ။
Psal BurJudso 115:18  ငါတို့မူကား၊ ထာဝရဘုရားကို ယခုမှစ၍ အစဉ် အဆက် ကောင်းကြီးပေးကြလေအံ့သတည်း။ ဟာလေ လုယ။