Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 103
Psal BurJudso 103:1  အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ ငါ၏ အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့။
Psal BurJudso 103:2  အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
Psal BurJudso 103:3  သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍၊ သင်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။
Psal BurJudso 103:4  သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။
Psal BurJudso 103:5  သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
Psal BurJudso 103:6  ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှ သော သူတို့အဘို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
Psal BurJudso 103:7  ဘာသာဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌ ၎င်း ပြတော်မူပြီ။
Psal BurJudso 103:8  ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
Psal BurJudso 103:9  အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
Psal BurJudso 103:10  ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော် မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊
Psal BurJudso 103:11  မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံသော သူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။
Psal BurJudso 103:12  အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်း နှင့်ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေ တော်မူ၏။
Psal BurJudso 103:13  အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက် တော်မူ၏။
Psal BurJudso 103:14  အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော် မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော် မူ၏။
Psal BurJudso 103:15  လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့် တတ်၏။
Psal BurJudso 103:16  လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တဖန် သူ့ကိုမသိရာ။
Psal BurJudso 103:17  ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက် ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက် ရောက်တတ်၏။
Psal BurJudso 103:18  သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကို ကျင့် ခြင်းငှါ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
Psal BurJudso 103:19  ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်း ကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။
Psal BurJudso 103:20  တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
Psal BurJudso 103:21  အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။
Psal BurJudso 103:22  နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူ သမျှတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။