Site uses cookies to provide basic functionality.

OK
GENESIS
Prev Up Next
Chapter 15
Gene BurJudso 15:1  ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊
Gene BurJudso 15:2  အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာ သည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။
Gene BurJudso 15:3  တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ ဘွားသောသူသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
Gene BurJudso 15:4  တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံ မဖြစ်ရ။ သင်၏ ကိုယ်ထဲက ထွက်သောသူသည် သင်၏ အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊
Gene BurJudso 15:5  အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက် နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည်ထိုသို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
Gene BurJudso 15:6  အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည် ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
Gene BurJudso 15:7  တဖန်၊ငါသည် ဤပြည်ကို သင်အမွေခံစရာဘို့၊ သင်အားပေးလိုသောငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ သင့်ကို ထုတ်ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူလျှင်၊
Gene BurJudso 15:8  အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ် အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ၏။
Gene BurJudso 15:9  ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသော နွားမတကောင်၊ သုံးနှစ်အသက်ရှိသော ဆိတ်တကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင်၊ ချိုးတကောင်၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊
Gene BurJudso 15:10  ထိုတိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊ တကောင် တကောင်ကို ထက်ဝက်စီ ခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို အဘက်တချက်၌ ထားလေ၏။ ငှက်ကောင်တို့ကို မခွဲ။
Gene BurJudso 15:11  ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည် နှင်လေ၏။
Gene BurJudso 15:12  နေဝင်သောအခါ၊ အာဗြံသည် ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့် ခြင်းသို့ ရောက်လေ၏။
Gene BurJudso 15:13  ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
Gene BurJudso 15:14  သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။
Gene BurJudso 15:15  သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာ သွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့် မည်။
Gene BurJudso 15:16  လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။ အာမောရိ အမျိုးသား တို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။
Gene BurJudso 15:17  တဖန် နေဝင်၍ မိုက်သောအခါ၊ ခွဲထားသော အသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်း သော မီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ၏။
Gene BurJudso 15:18  ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တု မြစ်မှစ၍ မြစ်ကြီး တည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကို ၎င်း၊
Gene BurJudso 15:19  ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊
Gene BurJudso 15:20  ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊
Gene BurJudso 15:21  သင်၏ အမျိုးအနွယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ၏။