Site uses cookies to provide basic functionality.

OK
JOHN
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21
Prev Up Next Toggle notes
Chapter 20
John BurJudso 20:1  ခုနစ်ရက်တွင် ပဌမနေ့ရက်၊ မိုဃ်းမလင်းမှီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊
John BurJudso 20:2  ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။
John BurJudso 20:3  ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက်၍ သင်္ချိုင်းတော်သို့သွားကြ၏။
John BurJudso 20:4  ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊
John BurJudso 20:5  ပိတ်ပုဆိုးရစ်သည်ကိုမြင်လျှင်၊ မဝင်ဘဲနေ၏။
John BurJudso 20:6  ရှိမုန်ပေရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊
John BurJudso 20:7  ခေါင်းတော်၌ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို၎င်း မြင်လေ၏။
John BurJudso 20:8  ထိုအခါသင်္ချိုင်းတော်သို့ အရင်ရောက်သောအခြားတပည့်တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏။
John BurJudso 20:9  ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည် ကြသေး။
John BurJudso 20:10  နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။
John BurJudso 20:11  မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို့ကြည့်လျှင်၊
John BurJudso 20:12  ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်း ရာအရပ်၊ ခေါင်းရင်း၌တပါး၊ ခြေရင်း၌တပါး ထိုင်ကြသည်ကိုမြင်လေ၏။
John BurJudso 20:13  ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွား ကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။
John BurJudso 20:14  ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ် တော်မူသည်ကိုမသိ။
John BurJudso 20:15  ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော် မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။
John BurJudso 20:16  ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
John BurJudso 20:17  ယေရှုကလည်း၊ ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊
John BurJudso 20:18  မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အားကြားပြောလေ၏။
John BurJudso 20:19  ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။
John BurJudso 20:20  ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကိုပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
John BurJudso 20:21  တဖန်ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊
John BurJudso 20:22  ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။
John BurJudso 20:23  အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွှတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။
John BurJudso 20:24  ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည်ထိုတပည့်တော်တို့နှင့်အတူမရှိ။
John BurJudso 20:25  ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။
John BurJudso 20:26  ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျှက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေ သတည်းဟု မိန့်တော်မူ၏။
John BurJudso 20:27  ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။
John BurJudso 20:28  သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။
John BurJudso 20:29  ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
John BurJudso 20:30  ဤကျမ်းစာ၌ ရေး၍မထားသောအခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည်တပည့်တော်တို့ မျက်မှောက်၌ပြတော်မူ၏။
John BurJudso 20:31  ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း၊ ထိုသို့ယုံ၍နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။