Site uses cookies to provide basic functionality.

OK
JOSHUA
Prev Up Next Toggle notes
Chapter 24
Josh BurJudso 24:1  တဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်း တို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကို ခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။
Josh BurJudso 24:2  ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟော ပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ် တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာ လ၌ မြစ်ကြီးတဘက်မှာနေ၍ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကြ၏။
Josh BurJudso 24:3  သင်တို့အဘ အာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏ အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကို ပေး၏။
Josh BurJudso 24:4  ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။
Josh BurJudso 24:5  မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူ တို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။
Josh BurJudso 24:6  ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်သဖြင့်၊ သူတို့သည် ဧဒုံပင်လယ်သို့ ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင် လယ်တိုင်အောင် လိုက်ကြ၏။
Josh BurJudso 24:7  ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့ နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကို ငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြု သောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌ လည်း ကာလကြာမြင့်စွာနေရကြ၏။
Josh BurJudso 24:8  နောက်တဖန် ယော်ဒန်မြစ်အရှေ့ဘက်၌နေ သော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည် စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ၏။ သူတို့ ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။
Josh BurJudso 24:9  မောဘရှင်ဘုရင် ဇိဖေါ်၏သား ဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှါ၊ ဗောရ၏သား ဗာလမ်ကို ခေါ်သော အခါ၊
Josh BurJudso 24:10  ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းကြီးပေး၍ သူ့လက်မှ သင်တို့ ကို ငါကယ်လွှတ်လေ၏။
Josh BurJudso 24:11  တဖန် သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကို စစ်တိုက်၍ သူတို့ ကို သင်တို့လက်၌ ငါအပ်လေ၏။
Josh BurJudso 24:12  သင်တို့၌ ထားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင် တို့ရှေ့မှ ငါနှင်ထုတ်လေ၏။
Josh BurJudso 24:13  သင်တို့မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
Josh BurJudso 24:14  ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူ ခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီး တဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ဝတ်ပြု သော ဘုရားများကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြု ကြလော့။
Josh BurJudso 24:15  သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
Josh BurJudso 24:16  လူများတို့က အခြားတပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှါ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော။
Josh BurJudso 24:17  ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင်၍၊ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ ရှောက်လေရာ ရာလူမျိုးတို့တွင် စောင့်တော်မူပြီ။
Josh BurJudso 24:18  ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသော သူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော် မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထိုဘုရားသည် ငါတို့ဘုရားသခင် ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
Josh BurJudso 24:19  ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရား အား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင်တို့လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော် မမူ။
Josh BurJudso 24:20  သင်တို့သည် ထာဝရဘုရားကို စွန့်၍ တကျွန်း တနိုင်ငံ ဘုရားတို့ကို ဝတ်ပြုလျှင်၊ သင်တို့၌ ကျေးဇူးပြုတော် မူပြီးမှ တဖန်လှည့်၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်ဟု ဆို လျှင်၊
Josh BurJudso 24:21  လူများတို့က၊ မဟုတ်ပါ။ ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏။
Josh BurJudso 24:22  ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုခြင်းငှါ ထိုဘုရားကို ရွေးကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေခံကြသည်ဟုဆိုလျှင် သူတို့က၊ သက်သေခံ ကြပါ၏ဟု လျှောက်ကြသော်၊
Josh BurJudso 24:23  ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံဘုရားတို့ကို ပယ်၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို ညွှတ်ကြ လော့ဟု ဆိုလေ၏။
Josh BurJudso 24:24  လူများတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါ မည်ဟု ဝန်ခံပြီးမှ၊
Josh BurJudso 24:25  ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု ၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။
Josh BurJudso 24:26  ထိုစကားကိုလည်း ဘုရားသခင်၏ ဓမ္မကျမ်းစာ ၌ ရေးထား၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော် နားမှာရှိသော သပိတ်ပင်အောက်၌ ကျောက်ကြီးကို ထောင်လျက်၊
Josh BurJudso 24:27  ဤကျောက်သည် ငါတို့အား သက်သေဖြစ်ရ လိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံ ကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အား ပြောဆို ပြီးမှ၊
Josh BurJudso 24:28  အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွား ရသောအခွင့်ကို ပေးလေ၏။
Josh BurJudso 24:29  ထိုနောက်မှ ထာဝရဘုရား၏ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စ ရောက်လေ၏။
Josh BurJudso 24:30  ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။
Josh BurJudso 24:31  ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူ သမျှတို့ကို သိ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေး သော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရား ကို ဝတ်ပြုကြ၏။
Josh BurJudso 24:32  ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော ယောသပ်၏အရိုးတို့ကို၊ ရှေခင်၏အဘ ဟာမော်၏သားတို့တွင် ငွေတပိဿာနှင့် ယာကုပ်ဝယ် သော ရှေခင်မြို့နယ် မြေအကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေ အကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း။
Josh BurJudso 24:33  အာရုန်သား ယဇ်ပုရောဟိတ် ဧလာဇာသည် လည်း အနိစ္စရောက်လေ၏။ သူ၏သား ဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ်၊ ဖိနဟတ်ကုန်း၌ သင်္ဂြိုဟ်ကြ၏။ ယောရှုမှတ်စာပြီး၏။