Site uses cookies to provide basic functionality.

OK
EXODUS
Prev Up Next Toggle notes
Chapter 20
Exod BurJudso 20:1  ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား၊
Exod BurJudso 20:2  ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Exod BurJudso 20:3  ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
Exod BurJudso 20:4  အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။
Exod BurJudso 20:5  ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊
Exod BurJudso 20:6  ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရားဖြစ်၏။
Exod BurJudso 20:7  သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။
Exod BurJudso 20:8  ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
Exod BurJudso 20:9  ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။
Exod BurJudso 20:10  သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။
Exod BurJudso 20:11  အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
Exod BurJudso 20:12  သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
Exod BurJudso 20:13  လူအသက်ကို မသတ်နှင့်။
Exod BurJudso 20:14  သူ့မယားကို မပြစ်မှားနှင့်။
Exod BurJudso 20:15  သူ့ဥစ္စာကို မခိုးနှင့်။
Exod BurJudso 20:16  ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။
Exod BurJudso 20:17  ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
Exod BurJudso 20:18  လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။
Exod BurJudso 20:19  မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။
Exod BurJudso 20:20  မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှာ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာ၎င်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။
Exod BurJudso 20:21  လူများတို့သည်လည်း အဝေး၌ ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သော မှောင်မိုက်သို့ ချဉ်းကပ်လေ၏။
Exod BurJudso 20:22  ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။
Exod BurJudso 20:23  ငါ့ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေဘုရား၊ ရွှေဘုရားကို မလုပ်ရ။
Exod BurJudso 20:24  ငါ့အဘို့ မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိဿဟာယယဇ် တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ ငါကြွလာ၍ ကောင်းကြီးပေးမည်။
Exod BurJudso 20:25  သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဘို့ တည်လျှင်၊ ဆစ်သောကျောက်ကို မတည်ရ။ သံတန်ဆာပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ၏။
Exod BurJudso 20:26  သင်၌ ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့် မတက်ရဟု မိန့်တော်မူ၏။