Site uses cookies to provide basic functionality.

OK
REVELATION OF JOHN
Prev Up Next Toggle notes
Chapter 17
Reve BurCBCM 17:1  ထိုအခါ ဖလားခုနစ်လုံး ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်တော် ခုနစ်ပါးအနက် တစ်ပါးက ငါ့အားပြောဆိုသည်မှာ လာခဲ့လော့၊ ရေများပေါ်တွင် ထိုင်လျက်ရှိသော ပြည့်တန်ဆာမကြီးခံရမည့် အပြစ်ဒဏ်စီရင်ချက်ကို ငါပြမည်။-
Reve BurCBCM 17:2  ကမ္ဘာပေါ်ရှိဘုရင်များသည် သူမနှင့်ကာမဂုဏ်ကျူးလွန်ခြင်းကို ပြုခဲ့ကြပြီ။ မြေကြီးသားအပေါင်းတို့သည် သူမ၏ ကာမဂုဏ်ကျူးလွန်ခြင်းတည်းဟူသော စပျစ်ရည်၌ ယစ်မူးကြပြီဟုဆို၏။-
Reve BurCBCM 17:3  ထို့နောက် သူသည် ဝိညာဉ်တော်အားဖြင့် ငါ့ကို တောကန္တာရထဲသို့ ခေါ်ဆောင်သွားရာ အနီရောင်သတ္တဝါကြီးပေါ်တွင် ထိုင်နေသော မိန်းမတစ်ယောက်ကို ငါမြင်ရ၏။ ထိုသတ္တဝါ၌ ဘုရားသခင်ကို ထိခိုက်စော်ကားသည့် အမည်နာမများဖြင့် ပြည့်နှက်နေပြီး ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းလည်းရှိ၏။-
Reve BurCBCM 17:4  ထိုမိန်းမသည် ခရမ်းရောင်နှင့် အနီရောင်အဝတ်များကို ဝတ်ဆင်လျက် ရွှေ၊ ကျောက်မြတ်ရတနာနှင့် ပုလဲတန်ဆာတို့ကို ဆင်မြန်းထား၏။ သူမ၏လက်ထဲတွင် စက်ဆုပ်ရွံရှာဖွယ်ရာများနှင့် ညစ်ညမ်းသော ကာမဂုဏ်ကျူးလွန်ခြင်းများဖြင့် ပြည့်နေသည့်ရွှေခွက်ကို ကိုင်ဆောင်ထား၏။-
Reve BurCBCM 17:5  သူမ၏နဖူးပေါ်တွင် နက်နဲဖွယ်သောအမည်နာမကို ရေးထိုးထားသည်ကား ပြည့်တန်ဆာတို့နှင့် ကမ္ဘာပေါ်ရှိ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာတို့၏မိခင်၊ မဟာဘာဘီလွန်မြို့တော်ကြီး ဟူ၍ဖြစ်၏။-
Reve BurCBCM 17:6  ထိုမိန်းမသည် သူတော်သူမြတ်များ၏သွေးနှင့် ယေဇူးအတွက် အသေခံသောသူများ၏ သွေးတို့နှင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ သူမကို ငါမြင်ရသောအခါ ငါသည် လွန်စွာအံ့ဩမိ၏။-
Reve BurCBCM 17:7  သို့သော် ကောင်းကင်တမန်တော်က ငါ့အားဆိုသည်မှာ အဘယ်ကြောင့် အံ့ဩရသနည်း၊ ထိုမိန်းမနှင့် သူမကို တင်ဆောင်ထားသော ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းပါသည့် သတ္တဝါကြီးတို့၏ အနက်အဓိပ္ပာယ်ကို ငါပြောပြမည်။-
Reve BurCBCM 17:8  သင်မြင်ခဲ့ရသော သတ္တဝါကြီးသည် ယခင်ကရှိခဲ့သော်လည်း ယခုမရှိတော့ချေ။ ယင်းသည် အဆုံးမရှိနက်ရှိုင်းလှသော တွင်းကြီးထဲမှတက်လာပြီး ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။ ကမ္ဘာတည်စကပင် အသက်မှတ်တမ်းစာအုပ်၌ အမည်စာရင်းမဝင် ထားသော ကမ္ဘာသူကမ္ဘာသားတို့သည် သတ္တဝါကြီးကို မြင်ရသောအခါ အံ့ဩကြလိမ့်မည်။ အကြောင်းမူကား ၎င်းသည် ယခင်ကရှိခဲ့ပြီး ယခုမရှိတော့သော်လည်း ပြန်လာ ဦးမည်ဖြစ်သောကြောင့်တည်း။
Reve BurCBCM 17:9  ဤနေရာတွင် ဉာဏ်ပညာရှိရန် လိုအပ်၏။ ဦးခေါင်းခုနစ်လုံးသည်ကား ထိုမိန်းမထိုင်နေသော တောင်ခုနစ်တောင်ပင်ဖြစ်၏။-
Reve BurCBCM 17:10  ယင်းတို့သည် ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ထိုဘုရင်များအနက် ငါးပါးသည် ကျဆုံးခဲ့ပြီးဖြစ်၍ တစ်ပါးအသက်ရှင်လျက် ရှိသေး၏။ အခြားသောတစ်ပါးကား မလာသေးပေ။ သူလာသောအခါ၌လည်း ခေတ္တခဏမျှသာ အုပ်စိုးရလိမ့်မည်။-
Reve BurCBCM 17:11  ယခင်ကရှိခဲ့ပြီး၍ ယခုပျောက်ကွယ်သွားသော သတ္တဝါကြီးမှာမူ အဋ္ဌမမြောက်ဖြစ်သော်လည်း ၎င်းသည် ဘုရင်ခုနစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်၏။ သူသည်လည်း ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။-
Reve BurCBCM 17:12  သင်မြင်ခဲ့သော ဦးချိုဆယ်ချောင်းသည်ကား မင်းအာဏာစက်ကို မရရှိသေးသော ဘုရင်ဆယ်ပါးဖြစ်ကြ၏။ သို့သော် သူတို့သည် သတ္တဝါကြီးနှင့်အတူ တစ်နာရီခန့်မျှသာ မင်းအာဏာစက်ကို ရကြလိမ့်မည်။-
Reve BurCBCM 17:13  ထိုဘုရင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြပြီး မိမိတို့၏ဩဇာအာဏာကို သတ္တဝါကြီးအား ပေးအပ်ကြ၏။-
Reve BurCBCM 17:14  သူတို့သည် သိုးငယ်တော်ကို စစ်ဆင်တိုက်ခိုက်ကြလိမ့်မည်။ သို့သော် သခင်တို့၏သခင်၊ ဘုရင်တို့၏ဘုရင်ဖြစ်တော်မူသော သိုးငယ်တော်သည် သူတို့အပေါ် အနိုင်ရလိမ့်မည်။ ကိုယ်တော်နှင့်အတူ ရှိသောသူတို့သည် ဖိတ်ခေါ်ခံရ၍ ရွေးကောက်ခြင်းခံရပြီး သစ္စာရှိသူများဖြစ်ကြ၏ ဟုဆိုလေ၏။
Reve BurCBCM 17:15  ထို့နောက် သူက ငါ့အား ဆိုသည်ကား သင်မြင်ခဲ့ရသော ပြည့်တန်ဆာထိုင်နေသည့် ရေတို့သည်ကား တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုကြသော လူမျိုးအပေါင်းတို့ဖြစ်ကြ၏။-
Reve BurCBCM 17:16  သတ္တဝါကြီးနှင့် သင်မြင်ခဲ့ရသော ဦးချိုဆယ်ချောင်းသည် ထိုပြည့်တန်ဆာကို မုန်းတီးကြလိမ့်မည်။ သူတို့သည် သူမ၌ ရှိသမျှကို ဖျက်ဆီးကြ၍ သူမကို အဝတ်အချည်းစည်းအဖြစ်၌ ထားခဲ့ကြလိမ့်မည်။ သူတို့သည် သူမ၏အသားကိုဝါးမျိုပြီး သူမကို မီးရှို့ကြလိမ့်မည်။-
Reve BurCBCM 17:17  အကြောင်းမူကား ဘုရားသခင်၏နှုတ်တော်ထွက်စကားများ ပြည့်စုံခြင်းသို့ရောက်သည်အထိ ကိုယ်တော်သည် မိမိ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် သူတို့ကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေပြီး သူတို့၏မင်းအာဏာစက်ကို သတ္တဝါကြီးအား ပေးအပ်စေခြင်းဖြင့် သူတို့၏စိတ်နှလုံးကို လွှမ်းမိုးထားခဲ့သောကြောင့်ပင်ဖြစ်၏။- သင်မြင်ခဲ့ရသော မိန်းမသည်ကား ကမ္ဘာပေါ်ရှိဘုရင်များအပေါ် အုပ်စိုးရသောမြို့တော်ကြီးပင် ဖြစ်သတည်းဟုဆိုလေ၏။