Site uses cookies to provide basic functionality.

OK
REVELATION OF JOHN
Prev Up Next Toggle notes
Chapter 18
Reve BurCBCM 18:1  ထို့နောက် ဩဇာအာဏာကြီးသော ကောင်းကင်တမန်တော်တစ်ပါးသည် ကောင်းကင်မှ ဆင်းလာသည်ကို ငါမြင်ရ၏။ ကမ္ဘာမြေကြီးသည်လည်း သူ၏ဘုန်းအရှိန်အဝါဖြင့် တောက်ပလာ၏။-
Reve BurCBCM 18:2  သူသည် အင်အားကြီးမားသောအသံဖြင့် ကြွေးကြော်သည်မှာ မဟာဘာဘီလွန်မြို့တော်ကြီး ကျဆုံးလေပြီ၊ ကျဆုံးလေပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသော ဝိညာဉ်တို့ကျက်စားရာဌာနနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ငှက်တို့၏ အသိုက်ဖြစ်လာလေပြီ။-
Reve BurCBCM 18:3  အကြောင်းမူကား တိုင်းနိုင်ငံအပေါင်းတို့သည် သူမ၏မစင်ကြယ်သော ရမ္မက်ဆန္ဒတို့ဖြင့် ပြည့်နေသည့် စပျစ်ရည်နှင့်ယစ်မူး ခဲ့ကြပြီ။ ကမ္ဘာပေါ်ရှိ ဘုရင်တို့သည်လည်း သူမနှင့် ကာမဂုဏ်အမှုကို ကျူးလွန်ခဲ့ကြပြီး ကမ္ဘာပေါ်ရှိ ကုန်သည်များသည် သူမ၏ ကာမဂုဏ်စည်းစိမ်အားဖြင့် ချမ်းသာကြွယ်၀လာကြလေပြီဟု ဆိုလေ၏။
Reve BurCBCM 18:4  တစ်ဖန် ကောင်းကင်မှလာသည့် အခြားသောအသံက ငါ၏လူမျိုးတို့၊ သူမ၏အပြစ်မကောင်းမှု၌ မပါဝင်စေရန်နှင့် သူမခံထမ်းရမည့် ဘေးဒုက္ခကြီးများ၌ ပါဝင်မခံထမ်းကြစေရန် သူမထံမှ ထွက်လာကြလော့။-
Reve BurCBCM 18:5  အကြောင်းမူကား သူမ၏အပြစ်များသည် မိုးထိမြင့်အောင် စုပုံနေလေပြီ။ ဘုရားသခင်သည်လည်း သူမ၏မကောင်းမှုများကို မှတ်သားထားတော်မူလေပြီ။-
Reve BurCBCM 18:6  သင့်ကို သူမဆက်ဆံခဲ့သည့်အတိုင်း သူမကို ပြန်လည်ဆက်ဆံလော့။ သူမပြုမူခဲ့သော လုပ်ရပ်များအတွက် သူမကို နှစ်ဆပြန်၍ပေးကြလော့။ သူမ ရောစပ်ခဲ့သည့်ခွက်ထဲတွင် သူမအတွက် နှစ်ဆပြင်းအောင်ရောစပ်၍ သူမအား ပေးကြလော့။-
Reve BurCBCM 18:7  သူမသည် မိမိကိုယ်ကို ဂုဏ်ဖော်ဝါကြွား၍ မကောင်းမှု၌ ဖောက်ပြားခဲ့သည့်အတိုင်း သင်တို့သည် ညီမျှသောဒုက္ခ ဆင်းရဲခြင်းနှင့် ငိုကြွေးခြင်းတို့ကို သူမ၌ သက်ရောက် စေကြလော့။ အဘယ်ကြောင့်ဆိုသော် သူမက ငါသည် မိဖုရားဖြစ်၏၊ မုဆိုးမ မဟုတ်၊ ငိုကြွေးခြင်းကို မည်သည့်အခါမျှ ငါမြင်ရလိမ့်မည်မဟုတ်ဟု မိမိ၏စိတ်နှလုံးထဲ၌ ဆိုသောကြောင့်ဖြစ်၏။-
Reve BurCBCM 18:8  ထို့ကြောင့် သူမ၏ဘေးဒုက္ခများဖြစ်သော ကပ်ရောဂါ၊ ဝမ်းနည်းငိုကြွေးခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်နေ့တည်းတွင် စုပြုံရောက်ရှိလာကြလိမ့်မည်။ သူမသည် မီးရှို့ခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူမကို စီရင်တော်မူသော ထာ၀ရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်တည်း ဟုဆိုသည်ကို ငါကြားရ၏။
Reve BurCBCM 18:9  သူမနှင့်ကာမဂုဏ်ကျူးလွန်၍ ဖောက်ပြန်ခဲ့ကြသော လောကီဘုရင်တို့သည် သူမကိုလောင်ကျွမ်းရာမှ ထွက်သော မီးခိုးများကို မြင်ကြသောအခါ သူမအတွက် ငိုကြွေးပူဆွေးကြလိမ့်မည်။-
Reve BurCBCM 18:10  သူတို့သည် သူမခံထမ်းရသည့် ပြင်းထန်သောဝေဒနာကို ကြောက်ရွံ့ကြ၍ အဝေးမှရပ်နေလျက် ဆိုကြသည်ကား အိုအသင်မြို့တော်ကြီး၊ သင်သည် အဖြစ်ဆိုးလှပါသည်တကား။ အင်အားကြီးမားသော ဘာဘီလွန်မြို့တော်၊ သင်သည် တစ်နာရီအချိန်အတွင်း သင်၏အပြစ်ဒဏ်ကို ခံရလေပြီဟူ၍ဖြစ်၏။
Reve BurCBCM 18:11  ကမ္ဘာတစ်ဝန်းမှ ကုန်သည်များသည်လည်း မိမိတို့၏ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူမရှိသောကြောင့် ဝမ်းနည်းငိုကြွေးကြ လေ၏။-
Reve BurCBCM 18:12  သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချောများ၊ ကတ္တီပါ များ၊ ပိုးထည်များ၊ အနီရောင်ဝတ်ရုံများ၊ သစ်မွှေးများ၊ ဆင်စွယ်ပစ္စည်းအမျိုးမျိုး၊ အဖိုးထိုက်သောသစ်၊ ကြေးဝါ၊ သံနှင့် ကျောက်ဖြူစသည်တို့ဖြင့် ပြုလုပ်ထားသော ပစ္စည်းတန်ဆာများ၊-
Reve BurCBCM 18:13  သစ်ကြပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်အစေး၊ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ စစ်ရထားနှင့် လူသားကျွန်များဖြစ်ကြ၏။
Reve BurCBCM 18:14  သင်၏စိတ်နှလုံး၌ မျှော်မှန်းတမ်းတသောအသီးအပွင့်သည် သင့်ထံမှပျောက်ကွယ်သွားလေပြီ။ သင်၏ သိမ်မွေ့လှသော ဂုဏ်အရှိန်အဝါတို့သည်လည်း ပျောက်ဆုံးကြလေပြီ။ ထိုအရာများကို နောက်တစ်ဖန်သင်ပြန် တွေ့ရတော့မည်မဟုတ်။-
Reve BurCBCM 18:15  သူမကို အမှီပြု၍ ထိုကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်းအားဖြင့် ချမ်းသာကြွယ်၀လာသော ကုန်သည်များသည် သူမခံစားရသော ပြင်းထန်သည့်ဝေဒနာကို ကြောက်ရွံ့သောကြောင့် အဝေး၌ရပ်နေကြလျက် ကျယ်လောင်စွာ ငိုကြွေးမြည်တမ်းကြသည်မှာ၊-
Reve BurCBCM 18:16  နူးညံ့ချောမွေ့သော ခရမ်းရောင်နှင့် အနီရောင်အဝတ်များကို ဝတ်ဆင်ထား၍ ရွှေ၊ ကျောက်မျက်ရတနာ၊ ပုလဲ တန်ဆာတို့ဖြင့် ဆင်ယင်ထားသောမြို့တော်ကြီး၊ သင်သည် အဖြစ်ဆိုးလှပါသည်တကား။-
Reve BurCBCM 18:17  သင်၏ကြွယ်၀ချမ်းသာမှု အားလုံးသည် တစ်နာရီအတွင်း ပျက်စီးဆုံးရှုံးသွားလေပြီ ဟုဆိုကြလိမ့်မည်။ အားလုံးသော ရေယာဉ်မှူးများ၊ ပင်လယ်ခရီးသည်များ၊ သင်္ဘောသားများ၊ ရေကြောင်းဖြင့် ကုန်သွယ်မှုပြုသောသူများတို့သည် အဝေးကရပ်နေလျက်၊-
Reve BurCBCM 18:18  သူမကို လောင်ကျွမ်းနေသော မီးမှမီးခိုးများကိုမြင်ကြ၍ ကြွေးကြော်ကြသည်မှာ ဤကဲ့သို့ကြီးကျယ်ခမ်းနားသော မြို့တော်ကြီးနှင့်တူသောမြို့ အဘယ်မှာရှိသနည်းဟုဆိုကြ၏။-
Reve BurCBCM 18:19  ထို့နောက် သူတို့သည် မြေမှုန့်များကို မိမိတို့၏ဦးခေါင်းပေါ်သို့ ကြဲဖြန့်လျက် ငိုကြွေးမြည်တမ်းကြသည်မှာ ပင်လယ်တွင် သွားလာသော သင်္ဘောများကို ပိုင်ဆိုင်သောသူတို့အား သင်၏စည်းစိမ်ဥစ္စာတို့ဖြင့် ကြီးပွားစေသည့်မြို့တော်ကြီး၊ သင်သည် အဖြစ်ဆိုးလှပေသည်တကား။ တစ်နာရီအတွင်း သင်၌ရှိသမျှတို့သည် ပျက်စီးဆုံးရှုံးရလေပြီတကားဟု ဆိုကြ၏။
Reve BurCBCM 18:20  အို ကောင်းကင်၊ အို သူတော်သူမြတ်တို့၊ တမန်တော်ကြီးများနှင့် ပရောဖက်တို့၊ ထိုမြို့ပျက်စီးသွားသည့်အတွက် ဝမ်းမြောက် ရွှင်လန်းကြပါလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့အတွက် သူမကို တရားစီရင်တော်မူလေပြီ။
Reve BurCBCM 18:21  ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တော်တစ်ပါးသည် ကြီးမားသည့် ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်တုံးတစ်တုံးကို ပင်လယ်အတွင်းသို့ ပစ်ချပြီးလျှင် ဘာဘီလွန်မြို့ကြီးသည်လည်း ဤနည်းတူ ကြမ်းတမ်းစွာ ပစ်ချခံရလျက် နောက်တစ်ဖန် သူမကို ပြန်တွေ့ရလိမ့်မည်မဟုတ်။-
Reve BurCBCM 18:22  စောင်းတီးသူများ၊ သီချင်းသီဆိုသူများ၊ ပုလွေမှုတ်သူများ၊ တံပိုးခရာမှုတ်သူများ၏အသံကို နောက်တစ်ဖန် သင်၌ကြားရ လိမ့်မည်မဟုတ်။ မည်သည့်လက်မှုပညာရှင် တစ်ယောက်ကိုမျှ သင်၌တွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံကျောက်၏ အသံကိုလည်း နောက်တစ်ဖန် သင်၌ကြားရလိမ့်မည်မဟုတ်။-
Reve BurCBCM 18:23  ဆီမီးခွက်၏ အလင်းရောင်ကိုလည်း သင်၌မြင်ရတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့် သတို့သမီးတို့၏ အသံကိုလည်း သင်၌ မည်သည့်အခါမျှ ကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာပေါ်တွင် ဩဇာအာဏာ ကြီးမားသူများဖြစ်ကြပြီး လူမျိုးတကာတို့သည်လည်း သင်၏စုန်းကဝေအတတ်ဖြင့် လှည့်ဖြားခြင်းကို ခံကြရလေပြီ။-
Reve BurCBCM 18:24  သူမ၌ ပရောဖက်များနှင့် သူတော်သူမြတ်တို့၏ သွေးကိုလည်းကောင်း၊ ကမ္ဘာပေါ်၌အသတ်ခံရသော သူတို့၏သွေးကို လည်းကောင်း တွေ့ရသောကြောင့် ဖြစ်သည်ဟုဆိုလေ၏။