Site uses cookies to provide basic functionality.

OK
REVELATION OF JOHN
Prev Up Next Toggle notes
Chapter 9
Reve BurCBCM 9:1  ပဉ္စမကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ကြယ်တစ်လုံးသည် ကောင်းကင်မှ မြေပေါ်သို့ ကျလာသည်ကို ငါမြင်ရ၏။ ထိုကောင်းကင်တမန်တော်အား အဆုံးမရှိနက်ရှိုင်းသော တွင်းကြီးထဲသို့ ဝင်သည့် ဥမင်လိုဏ်ခေါင်း ပေါက်၏ သော့ကို ပေးအပ်ထား၏။-
Reve BurCBCM 9:2  သူသည် အဆုံးမရှိနက်ရှိုင်းလှသော တွင်း၏ဥမင်လိုဏ်ခေါင်းပေါက်ကို ဖွင့်လိုက်သောအခါ ထိုလိုဏ်ခေါင်းပေါက်မှ မီးခိုးသည် ကြီးမားသော မီးပြင်းဖို၏မီးခိုးလုံးကြီးကဲ့သို့ ထွက်ပေါ်လာပြီးလျှင် နေနှင့်လေထုတို့သည် ထွက်လာသောထိုမီးခိုးလုံးကြီးဖြင့် မှောင်မည်းသွားလေ၏။-
Reve BurCBCM 9:3  ထို့နောက် ကျိုင်းကောင်တို့သည် ထိုမီးခိုးလုံးကြီးထဲမှထွက်လာ၍ ကမ္ဘာမြေပေါ်သို့ ရောက်လာကြကုန်၏။ ထိုကျိုင်းကောင်များသည် ကမ္ဘာမြေပေါ် ရှိ ကင်းမြီးကောက်များ၏ အင်အားအစွမ်းကို ရရှိထားကြ၏။-
Reve BurCBCM 9:4  ကျိုင်းကောင်များသည် မြက်ပင်များနှင့် အခြားစိမ်းလန်းသော သစ်ပင်ကြီးငယ်တို့ကို အန္တရာယ်ပြုခွင့်မရှိဘဲ နဖူး၌ ဘုရားသခင်၏ ချိပ်တံဆိပ်နှိပ်ထားခြင်းမရှိသော လူတို့ကိုသာ အန္တရာယ်ပြုခွင့်ရှိကြ၏။-
Reve BurCBCM 9:5  ကျိုင်းကောင်များသည် ထိုသူတို့ကို အသေသတ်ခွင့်မရသော်လည်း သူတို့အား ငါးလတိုင်တိုင် ညှဉ်းဆဲခွင့်ရကြလေ၏။ ကျိုင်းကောင်အကိုက်ခံရသော သူတို့သည် ကင်းမြီးကောက်အကိုက်ခံရသကဲ့သို့ နာကျင်သောဝေဒနာကို ပြင်းစွာခံကြရ၏။-
Reve BurCBCM 9:6  ထိုနေ့ရက်တို့၌ လူတို့သည် သေခြင်းကို ခံယူလိုကြသော်လည်း သေကြရလိမ့်မည်မဟုတ်။ သူတို့၌ သေလိုသောဆန္ဒ ရှိကြသော်လည်း သေခြင်းတရားသည် သူတို့ကို တိမ်းရှောင်သွားလိမ့်မည်။
Reve BurCBCM 9:7  ထိုကျိုင်းကောင်များသည် စစ်ပွဲဝင်ရန် ကကြိုးတန်ဆာဆင်ထားသောမြင်းများနှင့် သဏ္ဌာန်တူ၏။ သူတို့၏ခေါင်းပေါ်တွင် ရွှေသရဖူနှင့်တူသော အရာများရှိပြီး သူတို့၏မျက်နှာများသည် လူမျက်နှာနှင့်တူကြ၏။-
Reve BurCBCM 9:8  သူတို့၏ ဆံပင်သည်လည်း အမျိုးသမီးတို့၏ဆံပင်ကဲ့သို့ဖြစ်၍ သူတို့၏သွားများသည် ခြင်္သေ့၏သွားများကဲ့သို့ဖြစ်ကြ၏။-
Reve BurCBCM 9:9  သူတို့၌ သံချပ်ကာအင်္ကျီကဲ့သို့သော အကြေးခွံများရှိကြပြီး သူတို့၏အတောင်ပံများရိုက်ခတ်သံသည် စစ်တလင်းသို့ တစ်ဟုန်ထိုးမောင်းနှင်နေသော မြင်းဆွဲသည့် စစ်ရထားများစွာတို့၏ အသံကဲ့သို့ ဖြစ်ကြ၏။-
Reve BurCBCM 9:10  သူတို့၌ ကင်းမြီးကောက်ကဲ့သို့ အဆိပ်ဆူးရှိသော အမြီးများရှိကြ၏။ လူတို့အား ငါးလတိုင်တိုင် ဒုက္ခပေးနိုင်သော အင်အား အစွမ်းမှာ သူတို့၏အမြီးတွင်ရှိ၏။-
Reve BurCBCM 9:11  အဆုံးမရှိနက်ရှိုင်းလှသောတွင်းကြီး၏ ကောင်းကင်တမန်တော်သည်ကား သူတို့အပေါ် အုပ်စိုးသောဘုရင်ဖြစ်၏။ ဘုရင်၏အမည်မှာ ဟေဗြေဦးဘာသာစကားအားဖြင့် အာဘက်ဒွန်ဟူ၍လည်းကောင်း၊ ဂရိဘာသာစကားအားဖြင့် အာပိုလီ ယမ်ဟူ၍လည်းကောင်း ခေါ်တွင်လေ၏။
Reve BurCBCM 9:12  ပထမဘေးဒုက္ခပြီးဆုံးသွားသော်လည်း နောက်ထပ်ဘေးဒုက္ခနှစ်ခု ကျရောက်ရန် ကျန်ရှိသေး၏။
Reve BurCBCM 9:13  ထို့နောက် ဆဋ္ဌမကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ဘုရားသခင်၏ မျက်မှောက်တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ဦးချိုလေးခု ထံမှအသံတစ်သံထွက်ပေါ်လာ၏။-
Reve BurCBCM 9:14  ထိုအသံက တံပိုးခရာရှိသော ဆဋ္ဌမကောင်းကင်တမန်တော်အား ယူဖရေးတီးမြစ်အနီး၌ ချည်နှောင်ထားသော ကောင်းကင်တမန်တော်လေးပါးတို့ကို ဖြေလွှတ်လိုက်ပါလော့ဟု ပြောဆိုသောအသံကို ငါကြားရ၏။-
Reve BurCBCM 9:15  သို့ဖြစ်၍ ကောင်းကင်တမန်တော်လေးပါးတို့သည် ဖြေလွှတ်ခြင်းခံကြရ၏။ ထိုလေးပါးတို့သည် လူသတ္တဝါတို့၏ သုံးပုံတစ်ပုံကို သတ်ဖြတ်ရန်အတွက် ဤနာရီ၊ ဤနေ့၊ ဤလ၊ ဤနှစ်တို့ကို အသင့်စောင့်ဆိုင်းနေကြသူများဖြစ်ကြ၏။-
Reve BurCBCM 9:16  မြင်းစီးသူရဲတို့၏ အရေအတွက်ကား ကုဋေနှစ်ဆယ်ရှိ၏။ သူတို့၏အရေအတွက် ဤမျှရှိကြောင်းကို ငါကြားရခြင်းဖြစ်၏။-
Reve BurCBCM 9:17  ငါ၏ရူပါရုံတွင် မြင်းများကိုလည်းကောင်း၊ မြင်းစီးသူရဲများသည် မီးလျှံရောင်၊ နီလာရောင်နှင့် ကန့်ရောင်ရှိသောသံချပ်ကာ အင်္ကျီများ ဝတ်ဆင်ထားကြသည်ကိုလည်းကောင်း၊ မြင်းတို့၏ဦးခေါင်းများသည် ခြင်္သေ့ဦးခေါင်းများနှင့်တူပြီး ၎င်းတို့၏ခံတွင်းမှ မီးလျှံ၊ မီးခိုးနှင့် ကန့်များထွက်လာသည်ကိုလည်းကောင်း ငါမြင်ရ၏။-
Reve BurCBCM 9:18  မြင်းတို့၏ခံတွင်းမှ ထွက်လာသော မီးလျှံ၊ မီးခိုးနှင့် ကန့်စသည့် ဤကပ်သုံးပါးကြောင့် လူသတ္တဝါတို့၏ သုံးပုံတစ်ပုံသည် သေဆုံးကြကုန်၏။-
Reve BurCBCM 9:19  မြင်းတို့၏အင်အားအစွမ်းသည် ၎င်းတို့၏ခံတွင်းနှင့် အမြီးတို့တွင်ရှိကြ၏။ ၎င်းတို့၏အမြီးတို့သည် မြွေနှင့်တူပြီး ဦးခေါင်းများလည်း ပါရှိကြ၏။ သူတို့သည် ထိုအမြီးများကို အသုံးပြုလျက် လူတို့ကို အန္တရာယ်ပြုကြ၏။
Reve BurCBCM 9:20  ဤကပ်သုံးပါးတွင် မသေဘဲကျန်ရစ်သော လူသားများသည် မိမိတို့၏လက်ဖြင့် ပြုလုပ်ခဲ့သမျှသော အရာတို့အတွက် နောင်တမရကြသည့်အပြင် နတ်ဆိုးများကိုလည်းကောင်း၊ မျက်စိလည်းမမြင်၊ နားလည်းမကြား၊ လှုပ်ရှားနိုင်ခြင်းလည်းမရှိသော ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်နှင့် သစ်သားစသည်တို့ဖြင့် ပြုလုပ်ထားသည့် ရုပ်တုတို့ကိုလည်းကောင်း ကိုးကွယ်လျက်ပင် ရှိကြလေ၏။-
Reve BurCBCM 9:21  ထို့ပြင် လူတို့သည် မိမိတို့ကျူးလွန်ခဲ့သော လူသတ်မှုများ၊ စုန်းကဝေအတတ်များ၊ ကိုယ်ကျင့်တရား ပျက်ပြားမှုများနှင့် ခိုးဝှက်မှုများအတွက်လည်း နောင်တမရကြချေ။