Site uses cookies to provide basic functionality.

OK
REVELATION OF JOHN
Prev Up Next Toggle notes
Chapter 16
Reve BurCBCM 16:1  ထို့နောက် ဗိမာန်တော်ထဲမှ ကျယ်လောင်သောအသံက သွားကြလော့၊ ဘုရားသခင်၏ အမျက်တော်ဖလားများကို ကမ္ဘာမြေကြီးပေါ်သို့ သွန်ချကြလော့ဟု ကောင်းကင်တမန်တော်ခုနစ်ပါးအား အမိန့်ပေးသည်ကို ငါကြားရ၏။
Reve BurCBCM 16:2  သို့ဖြစ်၍ ပထမကောင်းကင်တမန်တော်သည် သွား၍မိမိ၏ဖလားကို ကမ္ဘာမြေကြီးပေါ်သို့ သွန်ချလိုက်သောအခါ သတ္တဝါကြီး၏ အမှတ်တံဆိပ်ကို ဆောင်သောသူများနှင့် ၎င်း၏ရုပ်တုကို ရှိခိုးကိုးကွယ်သောသူတို့၌ စက်ဆုပ်ဖွယ်ရာ ဆိုးဝါးသော အနာစိမ်းများ ဖြစ်ပေါ်လာလေ၏။
Reve BurCBCM 16:3  ဒုတိယကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို ပင်လယ်ထဲသို့ သွန်ချလိုက်သောအခါ ပင်လယ်ရေသည် လူသေ၏ သွေးကဲ့သို့ဖြစ်လာ၍ ပင်လယ်တွင်ရှိ သောသက်ရှိသတ္တဝါအားလုံးသေဆုံးကြကုန်၏။
Reve BurCBCM 16:4  တတိယကောင်းကင်တမန်တော်သည်လည်း မိမိ၏ဖလားကို မြစ်များနှင့် စမ်းရေအိုင်များအတွင်းသို့ သွန်ချလိုက်သောအခါ ရေတို့သည် သွေးဖြစ်သွားလေ၏။-
Reve BurCBCM 16:5  ထိုအခါ ရေကိုအစိုးရသော ကောင်းကင်တမန်တော်က ပစ္စုပ္ပန်နှင့်အတိတ်ကာလတို့တွင် အစဉ်တည်ရှိတော်မူသည့် အိုသန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ဘုရား၊ ကိုယ်တော်သည် ဤတရားစီရင်ချက်တို့၌ ဖြောင့်မတ်မှန်ကန်တော်မူပေ၏။-
Reve BurCBCM 16:6  အကြောင်းမူကား လူတို့သည် သူတော်သူမြတ်များနှင့် ပရောဖက်တို့ကို သွေးမြေကျစေသဖြင့် ကိုယ်တော်သည် ထိုသူတို့သောက်ရန် သွေးကိုပေးတော်မူ၏။ ဤသည်ကား သူတို့နှင့်ထိုက်တန်သော အပြစ်ဒဏ်ပေတည်းဟု မြွက်ဆိုသည်ကို ငါကြားရ၏။-
Reve BurCBCM 16:7  ထို့နောက် ယဇ်ပလ္လင်တော်က မှန်ပါ၏၊ အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏တရားစီရင်ချက်တို့သည် မှန်ကန်၍ တရားမျှတတော်မူပါ၏ဟူ၍ ကြွေးကြော်သည်ကို ငါကြားရ၏။
Reve BurCBCM 16:8  စတုတ္ထကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို နေပေါ်သို့သွန်ချသဖြင့် နေသည် လူတို့ကို မီးအပူရှိန်ဖြင့် လောင်စေသော အခွင့်ကိုရလေ၏။-
Reve BurCBCM 16:9  လူတို့သည် ပြင်းထန်သော အပူရှိန်ဖြင့်လောင်ကျွမ်းခြင်း ခံရသောကြောင့် ဤဘေးဒုက္ခတို့ကို အစိုးရတော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ သူတို့သည် နောင်တလည်း မယူ၊ ဂုဏ်တော်ကိုလည်း မချီးမွမ်းကြပေ။
Reve BurCBCM 16:10  ပဉ္စမကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို သတ္တဝါကြီး၏ပလ္လင်ပေါ်သို့ သွန်ချလိုက်သောအခါ ၎င်း၏နိုင်ငံသည် အမှောင်အတိဖြစ်သွားလေ၏။ လူတို့သည် ဝေဒနာပြင်းထန်စွာ ခံစားရသောကြောင့် မိမိတို့၏လျှာကို ကိုက်မိကြပြီး၊-
Reve BurCBCM 16:11  မိမိတို့ခံစားရသောဝေဒနာနှင့် အနာစိမ်းများအတွက် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ သို့သော် သူတို့သည် မိမိတို့ပြုလုပ်ခဲ့သမျှသော အပြစ်ဒုစရိုက်တို့အတွက် နောင်တမရကြပေ။
Reve BurCBCM 16:12  ဆဋ္ဌမကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို ယူဖရေးတီးမြစ်ကြီးပေါ်သို့ သွန်ချလိုက်သောအခါ အရှေ့တိုင်းမှ ဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးခြင်းငှာ မြစ်ရေသည် ခန်းခြောက်သွားလေ၏။-
Reve BurCBCM 16:13  ထို့နောက် နဂါးကြီး၏ ခံတွင်းမှလည်းကောင်း၊ သတ္တဝါကြီး၏ ခံတွင်းမှလည်းကောင်း၊ ပရောဖက်အတုအယောင်တို့၏ ခံတွင်းမှလည်းကောင်း ဖားနှင့်တူသည့်ညစ်ညူးသောနတ်ဆိုး သုံးကောင်ထွက်လာသည်ကို ငါမြင်ရ၏။-
Reve BurCBCM 16:14  သူတို့သည် မိစ္ဆာနတ်ဆိုးများဖြစ်ကြသောကြောင့် နိမိတ်လက္ခဏာများကိုပြသကာ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ နေ့တော်၌ စစ်ခင်းရန် ကမ္ဘာအရပ်ရပ်ရှိဘုရင်များထံသို့ သွား၍ စည်းရုံးကြ၏။-
Reve BurCBCM 16:15  ကြည့်လော့၊ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်အချည်းစည်းနှင့် သွားလာ၍ လူတို့၏ရှေ့၌ အရှက်မရစေခြင်းငှာ မိမိ၏အဝတ်များကို အသင့်ကိုင်ဆောင်လျက် နိုးကြားစွာစောင့်နေသောသူသည် မင်္ဂလာရှိ၏။-
Reve BurCBCM 16:16  ထို့နောက် နတ်ဆိုးတို့သည် ဘုရင်တို့အား ဟေဗြေဦးဘာသာစကားဖြင့် အာမဂက်ဒွန်ဟုခေါ်တွင်သော အရပ်၌ စုဝေးစေကြ၏။
Reve BurCBCM 16:17  သတ္တမကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို လေထဲသို့သွန်ချလိုက်သောအခါ ဗိမာန်တော်နှင့် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာ၍ ဆိုသည်မှာ ဤအမှုအရာ ပြီးဆုံးလေပြီ ဟူ၍ဖြစ်သတည်း။-
Reve BurCBCM 16:18  ထိုအခါ လျှပ်စီးလက်ခြင်း၊ ကျယ်လောင်သော အသံများထွက်ပေါ်လာခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် ပြင်းထန်သော ငလျင်လှုပ်ခြင်းများဖြစ်ပေါ်လာ၏။ ငလျင်လှုပ်ခြင်းမှာလည်း ပြင်းထန်လှသဖြင့် ဤမျှပြင်းထန်သော ငလျင်မျိုးကို လူ့သမိုင်းတွင် တစ်ခါမျှမကြုံဖူးချေ။
Reve BurCBCM 16:19  မြို့တော်ကြီးသည် သုံးပိုင်းကွဲသွား၍ တိုင်းနိုင်ငံများ၏ မြို့တော်တို့သည်လည်း ပျက်စီးကြကုန်၏။ ထို့နောက် ဘုရားသခင်သည် ဘာဘီလွန်မြို့ကြီးကို သတိရသဖြင့် ၎င်းအား မိမိ၏ပြင်းထန်သော အမျက်တော်ဖလားကို ကုန်စင်အောင် သောက်စေတော်မူ၏။-
Reve BurCBCM 16:20  ကျွန်းရှိသမျှတို့သည် ပျောက်ကွယ်သွားကြပြီး တောင်တန်းများကိုလည်း မတွေ့ရတော့ပေ။-
Reve BurCBCM 16:21  ပေါင်ချိန်တစ်ရာကျော်လေးသော မိုးသီးကြီးများသည်လည်း ကောင်းကင်မှ လူတို့အပေါ်သို့ ကျလာလေ၏။ ထိုဘေးဒုက္ခကြီးသည် ဆိုးရွားပြင်းထန်လွန်းလှသောကြောင့် လူတို့သည် ဘုရားသခင်ကို ထိခိုက်ကျိန်ဆဲကြကုန်၏။