Site uses cookies to provide basic functionality.

OK
DEUTERONOMY
Prev Up Next Toggle notes
Chapter 2
Deut BurJudso 2:1  တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်အတိုင်း၊ ငါတို့သည် လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာ လှည့်လည်ကြ၏။
Deut BurJudso 2:2  ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။
Deut BurJudso 2:3  တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
Deut BurJudso 2:4  သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့ နေသော စိရပြည်အနားမှာ သင်တို့ရှောက်သွားသောအခါ၊ သူတို့ သည် ကြောက်ကြလိမ့်မည်။ ထို့ကြောင့် သတိပြုကြ လော့။
Deut BurJudso 2:5  သူတို့ကို အလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အား ငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအားငါ အပိုင်ပေးပြီ။
Deut BurJudso 2:6  သင်တို့သည် စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ ရာရေကို၎င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။
Deut BurJudso 2:7  သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ။ ဤတော ကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှမလိုဟု ဆင့်ဆို ရ၏။
Deut BurJudso 2:8  စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသော အမျိုးသားတို့အနား၌ ရှောက်လျက် ဧလပ်မြို့၊ ဧဇယုန် ဂါဗါမြို့မှသွားသော လွင်ပြင်လမ်းသို့ လိုက်ပြီးလျှင်၊ တဖန် လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။
Deut BurJudso 2:9  ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
Deut BurJudso 2:10  ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာ နေကြ၏။
Deut BurJudso 2:11  ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ ခေါ်ကြ၏။
Deut BurJudso 2:12  ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည် မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌ နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။
Deut BurJudso 2:13  ယခုထ၍ ဇေရက်ချောင်းကို ကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။
Deut BurJudso 2:14  ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သော ကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလ တိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း။ အရင်စစ် သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
Deut BurJudso 2:15  ထိုသူတို့ မကွယ်မပျောက်မှီတိုင်အောင်၊ ထာဝရ ဘုရားသည် သူတို့ကို အလုံးအရင်းထဲက ပယ်ရှားခြင်းငှါ လက်တော်ကို ဆန့်တော်မူ၏။
Deut BurJudso 2:16  စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေ ကွယ်ပျောက်ပြီးမှ၊
Deut BurJudso 2:17  ထာဝရဘုရားက၊ သင်သည် မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့ ရှောက်သွားရမည်။
Deut BurJudso 2:18  အမ္မုန်အမျိုးသားတို့ အနီးသို့ရောက်သောအခါ သူတို့ကို မနှောင့်ရှက်နှင့်၊ အလျှင်းမပြုနှင့်။
Deut BurJudso 2:19  အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
Deut BurJudso 2:20  ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။
Deut BurJudso 2:21  ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသော လူဖြစ်ကြ၏။
Deut BurJudso 2:22  သို့သော်လည်း စိရပြည်၌ နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြ သကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည် နေကြ၏။
Deut BurJudso 2:23  ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင် အောင် နေဘူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့ နေရာ၌ နေကြ၏။
Deut BurJudso 2:24  သင်တို့သည် ထ၍ ခရီးသွားသဖြင့် အာနုန်မြစ် ကို ကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သော ကြောင့်၊ ထိုမြေကို သိမ်းစပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
Deut BurJudso 2:25  မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုး တို့သည် ယနေ့ သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိ မည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကို ကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
Deut BurJudso 2:26  ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက်၊
Deut BurJudso 2:27  မင်းကြီး၏ ပြည်အလယ်၌ ကျွန်ုပ်ရှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲပါ။
Deut BurJudso 2:28  စိရပြည်၌နေသော ဧသောအမျိုးသား၊ အာရ ပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို၎င်း၊ သောက်ဘို့ ရာ ရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။
Deut BurJudso 2:29  ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး၍ မရောက်မှီ တိုင်အောင် မင်းကြီး ပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာ ပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊
Deut BurJudso 2:30  ကျွန်ုပ်တို့ ရှောက်သွားရသော အခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့ လက်၌ အပ်ခြင်းငှါ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ ပေးသွင်းတော်မူ၏။
Deut BurJudso 2:31  ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏ မြေကို သင့်အား ငါပေးစပြု၏။ ထိုမြေကို အမွေခံအံ့ သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ၏။
Deut BurJudso 2:32  ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။-
Deut BurJudso 2:33  ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။
Deut BurJudso 2:34  ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။
Deut BurJudso 2:35  တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ၏။
Deut BurJudso 2:36  အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။
Deut BurJudso 2:37  သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ။