Site uses cookies to provide basic functionality.

OK
ACTS
Prev Up Next Toggle notes
Chapter 12
Acts BurCBCM 12:1  ထိုအချိန်၌ ဟေရုဒ်ဘုရင်သည် အသင်းတော်တွင် ပါဝင်သူအချို့ကို ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းဆဲလေ၏။-
Acts BurCBCM 12:2  သူသည် ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကိုဓားဖြင့် ကွပ်မျက်လေ၏။-
Acts BurCBCM 12:3  ဤသို့ပြုခြင်းကို ဂျူးလူမျိုးတို့နှစ်သက်သဘောကျကြောင်း သူတွေ့မြင်သောအခါ ပေတရုကိုလည်း ဆက်လက်ဖမ်းဆီး လေ၏။ ထိုအချိန်သည် တဆေးမပါသောပေါင်မုန့်ပွဲတော်အချိန် ဖြစ်၏။-
Acts BurCBCM 12:4  သူသည် ပေတရုကိုဖမ်းဆီးပြီးနောက် ထောင်ထဲ၌ အကျဉ်းချထားပြီး တစ်ဖွဲ့လျှင် စစ်သူရဲလေးဦးပါဝင်သော အဖွဲ့လေးဖွဲ့ဖြင့် ပေတရုကိုစောင့်ကြပ်ရန် အပ်ထားလေ၏။ သူသည် ပါစကားပွဲပြီးသောအခါ ပေတရုအား လူတို့ထံသို့ ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။-
Acts BurCBCM 12:5  သို့ဖြစ်၍ ပေတရုသည် ထောင်ထဲတွင်အကျဉ်းခံနေရလေ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းလျက်ရှိ၏။
Acts BurCBCM 12:6  ဟေရုဒ်ဘုရင်သည် ပေတရုကို အပြင်သို့ထုတ်၍ စစ်ဆေးမည့်နေ့ မတိုင်မီညတွင် ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့် ချည်နှောင်ထားခြင်းခံရလျက် စစ်သူရဲနှစ်ဦး၏အလယ်တွင် အိပ်ပျော်နေလေ၏။ အစောင့်တို့သည်လည်း ထောင်တံခါးရှေ့၌ အကျဉ်းထောင်ကို စောင့်ကြပ်လျက်ရှိကြ၏။-
Acts BurCBCM 12:7  ထိုအခိုက် သခင်ဘုရား၏ ကောင်းကင်တမန်တော်သည် ရုတ်တရက်ပေါ်လာ၍ အကျဉ်းထောင်အခန်းထဲ၌ အလင်းရောင်တစ်ခု ထွန်းတောက်လေ၏။ ထို့နောက် သူသည် ပေတရု၏နံဘေးကို ပုတ်၍နှိုးလျက် အလျင်အမြန်ထလော့ ဟုဆိုလေ၏။ ထိုအခါ သံကြိုးများသည် ပေတရု၏လက်မှ ကျွတ်ကျသွားကြ၏။-
Acts BurCBCM 12:8  ကောင်းကင်တမန်တော်က ပေတရုအား သင်၏အဝတ်များကို ဝတ်ဆင်၍ ဖိနပ်ကိုစီးလော့ ဟုဆိုသဖြင့် သူသည်လည်း ထိုအတိုင်းပြုလေ၏။ ထို့နောက် သူက သင်၏ဝတ်ရုံကိုခြုံ၍ ငါ့နောက်သို့လိုက်ခဲ့လော့ဟု သူ့အားဆို၏။-
Acts BurCBCM 12:9  ပေတရုသည်လည်း အပြင်သို့ထွက်၍ ကောင်းကင်တမန်တော်၏ နောက်သို့လိုက်လေ၏။ သူသည် ကောင်းကင်တမန်တော် ပြုလုပ်သမျှကို အမှန်တကယ်ဖြစ်ပျက်နေသည်ဟု မသိဘဲ ရူပါရုံကိုမြင်နေရသည်ဟုသာ ထင်မှတ်လေ၏။-
Acts BurCBCM 12:10  သူတို့သည် ပထမနှင့်ဒုတိယကင်းစောင့်များကို ကျော်ဖြတ်ပြီးသောအခါ မြို့ဘက်သို့သွားသည့် သံတံခါးဆီသို့ ရောက်လာကြ၏။ သံတံခါးသည် အလိုအလျောက်ပွင့်လာသဖြင့် သူတို့သည် ထွက်လာကြ၍ လမ်းအတိုင်း ဆက်သွားကြ၏။ ထိုစဉ် ကောင်းကင်တမန်တော်သည် သူ့ထံမှ ရုတ်တရက်ထွက်ခွာသွားလေ၏။-
Acts BurCBCM 12:11  ထိုအခါ ပေတရုသည် သတိပြန်ရလာ၍ သခင်ဘုရားသည် မိမိ၏ ကောင်းကင်တမန်တော်ကိုစေလွှတ်၍ ငါ့အား ဟေရုဒ် ဘုရင်၏ လက်မှလည်းကောင်း၊ ဂျူးလူမျိုးတို့ မျှော်လင့်ထားသော ဘေးရန်အပေါင်းတို့မှလည်းကောင်း ကယ်တော်မူခဲ့သည်ကို ယခုငါ အသေအချာသိလေပြီဟုဆို၏။
Acts BurCBCM 12:12  သူသည် ဤအကြောင်းကိုသိမြင်သောအခါ မာကုဟုအမည်တွင်သော ယောဟန်၏မိခင် မာရိယာ၏အိမ်သို့ သွားလေ၏။ ထိုအိမ်၌ လူများစွာစုဝေး၍ ဆုတောင်းလျက်ရှိကြ၏။-
Acts BurCBCM 12:13  ပေတရုသည် အိမ်အဝင်တံခါးကို ခေါက်လိုက်သောအခါ ရိုဒါအမည်ရှိသော အစေခံအမျိုးသမီးသည် တံခါးဖွင့်ရန်လာလေ၏။-
Acts BurCBCM 12:14  သူမသည် ပေတရု၏အသံကို မှတ်မိသဖြင့် ဝမ်းသာသောကြောင့် တံခါးကိုမဖွင့်သေးဘဲ အိမ်တွင်းသို့ပြေးဝင်လျက် ပေတရုသည် တံခါး၀၌ရပ်နေကြောင်းကို ပြောကြားလေ၏။-
Acts BurCBCM 12:15  သူတို့ကလည်း သင်သည်ရူးနေပြီဟု ဆိုကြ၏။ သို့သော် သူမက ပေတရုသည် အမှန်တကယ်ရပ်နေကြောင်း ထပ်မံပြောဆိုသောအခါ သူတို့က ပေတရု၏ကိုယ်စောင့်သိကြား ဖြစ်လိမ့်မည်ဟုဆိုကြ၏။-
Acts BurCBCM 12:16  ပေတရုသည်ကား တံခါးကိုအဆက်မပြတ် ခေါက်နေသဖြင့် သူတို့သည် တံခါးဖွင့်လိုက်ကြသောအခါ သူ့ကိုမြင်ရသဖြင့် အလွန်အံ့ဩကြလေ၏။-
Acts BurCBCM 12:17  သို့သော် ပေတရုသည် သူတို့ကို တိတ်ဆိတ်စွာနေကြရန် အချက်ပြ၍ သခင်ဘုရားသည် မိမိကို အကျဉ်းထောင်မှ မည်ကဲ့သို့ ထုတ်ဆောင်တော်မူခဲ့ကြောင်းကို သူတို့အား ဖော်ပြပြောဆိုလေ၏။ ထို့နောက် သူက ဤအကြောင်းကို ယာကုပ်နှင့် ညီအစ်ကိုတို့အား ပြောပြကြလော့ဟုဆိုလျက် အခြားတစ်နေရာသို့ ထွက်ခွာသွားလေ၏။
Acts BurCBCM 12:18  မိုးလင်းသောအခါ ပေတရုမည်သို့ဖြစ်သွားသနည်းဟုဆို၍ စစ်သူရဲများအကြားတွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်လေ၏။-
Acts BurCBCM 12:19  ဟေရုဒ်ဘုရင်သည်လည်း ပေတရုကို ရှာဖွေစေပြီးမှ မတွေ့သောအခါ အစောင့်များကို စစ်ဆေး၍ သူတို့ကို သေစေဟု အမိန့်ချမှတ်လေ၏။ ပေတရုသည်လည်း ဂျူဒေးယပြည်မှ ဆီဇားရိယမြို့သို့ထွက်ခွာ သွား၍ ထိုအရပ်တွင် နေထိုင်လေ၏။
Acts BurCBCM 12:20  ထိုအချိန်၌ ဟေရုဒ်သည် တီရာနှင့် စီဒွန်နယ်မှ လူတို့အပေါ် ဒေါသအမျက်ထွက်နေသဖြင့် ထိုနယ်သားတို့ သည် သူ့ထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ ဘုရင်၏ အတွင်းဝန်ဖြစ်သော ဘလပ်စတု၏ အကူအညီကို ရယူလျက် အမျက်တော် ပြေငြိမ်း မည့်အကြောင်း တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏နိုင်ငံသည် စားနပ်ရိက္ခာအတွက် ဘုရင်၏နိုင်ငံအပေါ် မှီခိုနေရသောကြောင့်ဖြစ်၏။-
Acts BurCBCM 12:21  ချိန်းချက်သောနေ့တွင် ဟေရုဒ်သည် မင်းဝတ်တန်ဆာများဝတ်ဆင်၍ ပလ္လင်ပေါ်၌ထိုင်လျက် သူတို့အား မိန့်ခွန်းမြွက်ကြား လေ၏။-
Acts BurCBCM 12:22  ထိုအခါ လူတို့က ဤအသံသည် လူ၏အသံမဟုတ်၊ နတ်ဘုရားတစ်ပါး၏ အသံဖြစ်သည်ဟု ကြွေးကြော်ကြ၏။-
Acts BurCBCM 12:23  ထိုခဏချင်းတွင် ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် သူ့ကိုအပြစ်ဒဏ်ခတ်လေ၏။ အကြောင်းမူကား သူသည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို မချီးမွမ်းသောကြောင့်တည်း။ ထိုအခါ သူသည် ခန္ဓာကိုယ်တွင် လောက်ကောင် များကျ၍ သေဆုံးလေ၏။
Acts BurCBCM 12:24  ဘုရားသခင်၏နှုတ်တော်ထွက်စကားသည်ကား တိုးတက်ပျံ့နှံ့လေ၏။
Acts BurCBCM 12:25  ဘာနဘနှင့် ဆောလုတို့သည်လည်း မိမိတို့၏ တမန်တော်လုပ်ငန်းကို ပြီးစီးအောင် ဆောင်ရွက်ပြီးသောအခါ ဂျေရုဆလင်မြို့မှ ပြန်လာကြ၍ မာကုဟုလည်းခေါ်သော ယောဟန်ကို မိမိတို့နှင့်အတူ ခေါ်ဆောင်လာခဲ့ကြ၏။