Site uses cookies to provide basic functionality.

OK
ACTS
Prev Up Next Toggle notes
Chapter 26
Acts BurCBCM 26:1  အာဂရိပါမင်းကြီးက သင်သည် သင့်ကိုယ်သင် ချေပပြောဆိုနိုင်သည်ဟု ပေါလုအားဆိုလျှင် သူသည် လက်ကိုဆန့်၍ စတင်ချေပ ပြောဆိုသည်မှာ၊-
Acts BurCBCM 26:2  အရှင် အာဂရိပါမင်းကြီး၊ အကျွန်ုပ်အပေါ် ဂျူးလူမျိုးတို့တင်ထားသော စွပ်စွဲချက်များအားလုံးကို အရှင်၏ရှေ့တော်တွင် ချေပပြောဆိုရသည့်အတွက် အကျွန်ုပ်သည် ထူးမြတ်သောအခွင့်အရေးကို ရရှိသည်ဟု ထင်မြင်ယူဆပါသည်။-
Acts BurCBCM 26:3  အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးသည် ဂျူးလူမျိုးတို့၏ ဓလေ့ထုံးစံများနှင့် အငြင်းပွားတတ်သော ပြဿနာများကို ကောင်းစွာ သိရှိပြီးဖြစ်ပါသည်။ ထို့ ကြောင့် အကျွန်ုပ်ကို စိတ်ရှည်စွာ နားထောင်တော်မူပါရန် အကျွန်ုပ် အသနားခံပါသည်။
Acts BurCBCM 26:4  အကျွန်ုပ်ငယ်စဉ်မှစ၍ အကျွန်ုပ်၏ လူမျိုးအသိုင်းအဝိုင်းတွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း မည်သို့ ပြုမူနေထိုင်ခဲ့သည်ကို ဂျူးလူမျိုးအပေါင်းတို့ သိကြပါသည်။-
Acts BurCBCM 26:5  အကျွန်ုပ်သည် ဂျူးဘာသာအယူဝါဒတွင် ဝိနည်းစည်းကမ်း အတင်းကျပ်ဆုံးသော ဖာရီဇေးဦး ဂိုဏ်းဝင်တစ်ဦး ဖြစ်ခဲ့ကြောင်းကို သူတို့ကြာမြင့်စွာကပင် သိရှိခဲ့ကြပြီး ထိုအချက်ကို သူတို့သက်သေခံရန် အလိုရှိခဲ့ပါလျှင် သက်သေခံ နိုင်ကြပါလိမ့်မည်။-
Acts BurCBCM 26:6  ဘုရားသခင်သည် အကျွန်ုပ်တို့၏ ဘိုးဘေးများအပေါ် ထားတော်မူခဲ့သော ကတိတော်ကို အကျွန်ုပ် မျှော်လင့်သည့် အတွက်ကြောင့် ယခု အကျွန်ုပ်သည် တရားခွင်၌ စစ်ဆေးခံနေရခြင်းဖြစ်ပါသည်။-
Acts BurCBCM 26:7  ဤကတိတော်၏ အကျိုးကိုခံစားရန် မျှော်လင့်လျက် အကျွန်ုပ်တို့၏ တစ်ဆယ့်နှစ်မျိုးသော အမျိုးအနွယ်တို့သည် နေ့ညမပြတ် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြပါသည်။ အိုအရှင်မင်းကြီး၊ အကျွန်ုပ်သည် ဤမျှော်လင့်ချက်အတွက် ဂျူးလူမျိုးတို့၏ စွပ်စွဲခြင်းကို ခံနေရပါသည်။-
Acts BurCBCM 26:8  ဘုရားသခင်သည် သေသူတို့အား ရှင်ပြန်ထမြောက်စေတော်မူသည်ကို အဘယ်ကြောင့် မယုံနိုင်စရာဟု သင်တို့ ထင်မြင်ကြပါသနည်း။
Acts BurCBCM 26:9  အကျွန်ုပ်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့သား ယေဇူး၏နာမတော်အား ဆန့်ကျင်သော အမှုများစွာကို ပြုလုပ်သင့်သည်ဟု ထင်မြင်ခံယူခဲ့ပြီး၊-
Acts BurCBCM 26:10  အကျွန်ုပ်သည် ထိုအမှုများကို ဂျေရုဆလင်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ အကျွန်ုပ်သည် ရဟန်းအကြီးအကဲများထံမှ ရရှိသော အခွင့်အာဏာဖြင့် သန့်ရှင်းသူများစွာကို ထောင်သွင်းအကျဉ်း ချခဲ့သည်သာမက သူတို့အား သေဒဏ်စီရင်သောအခါ၌လည်း အကျွန်ုပ်သည် သူတို့ကို ဆန့်ကျင်၍ မဲပေးခဲ့ပါသည်။-
Acts BurCBCM 26:11  အကျွန်ုပ်သည် သူတို့ကို တရားဇရပ်ရှိသမျှတို့၌ ကြိမ်ဖန်များစွာ အပြစ်ပေးခဲ့ပြီး နာမတော်ကို နှုတ်ဖြင့် ထိခိုက်စော်ကား စေရန် ထိုသူတို့ကို အတင်းအကျပ် စေခိုင်းခဲ့ပါသည်။ အကျွန်ုပ်သည် ထိုသူတို့အပေါ်၌ အလွန် အမျက်ထွက်သောကြောင့် တိုင်းတစ်ပါးမြို့များသို့ပင် သွားရောက်၍ သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။
Acts BurCBCM 26:12  ဤရည်ရွယ်ချက်အတွက် အကျွန်ုပ်သည် ရဟန်းအကြီးအကဲတို့၏ အခွင့်အာဏာနှင့် တာဝန်ပေးချက်ဖြင့် ဒါမစကုမြို့သို့ သွားခဲ့ပါသည်။-
Acts BurCBCM 26:13  မွန်းတည့်ချိန်တွင် ကောင်းကင်မှလာသော နေထက်တောက်ပသည့် အလင်းရောင်သည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူတို့ ပတ်လည်တွင် ထွန်းလင်းသည်ကို လမ်း၌ အကျွန်ုပ်မြင်ခဲ့ရပါသည်၊ အရှင်မင်းကြီး။-
Acts BurCBCM 26:14  ထိုအခါ အကျွန်ုပ်တို့အားလုံးသည် မြေပေါ်သို့လဲကျသွားစဉ်တွင် ဆောလု၊ ဆောလု အဘယ်ကြောင့် ငါ့ကို ညှဉ်းပန်း နှိပ်စက်သနည်း။ တုတ်ချွန်ကို ခြေနှင့်ကန်လျှင် သင်သာ နာကျင်လိမ့်မည်ဟု ဟေဗြေဦးဘာသာစကားဖြင့် ပြောဆိုသော အသံကို အကျွန်ုပ် ကြားခဲ့ရ၏။-
Acts BurCBCM 26:15  ထိုအခါ အကျွန်ုပ်က သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်းဟု မေးလျှောက်သောအခါ သခင်ဘုရားက ငါသည် သင်လိုက်လံညှဉ်းဆဲနေသော နာဇရက်မြို့သား ယေဇူးဖြစ်၏။-
Acts BurCBCM 26:16  သင်ယခုထ၍ မတ်တတ်ရပ်လော့။ အကြောင်းမူကား သင့်ကို ငါ၏အမှုတော်ဆောင်အဖြစ် ရွေးကောက်ရန် သင့်အား ငါထင်ရှား ပြခြင်းဖြစ်၏။ ငါ့အား သင်မြင်ခဲ့ရသော ဤဗျာဒိတ်ရူပါရုံနှင့် နောင်အခါ သင့်ထံ၌ ငါဖော်ပြလတ္တံ့သော ရူပါရုံတို့ကို သင်သည် သူတစ်ပါးတို့အား သက်သေခံရမည်။-
Acts BurCBCM 26:17  ငါသည် သင့်ကို သင့်လူမျိုး၏ လက်မှလည်းကောင်း၊ သင့်ကို ငါစေလွှတ်၍ ဟောပြောစေမည့် လူမျိုးခြားတို့၏ လက်မှလည်းကောင်း ကယ်ဆယ်မည်။-
Acts BurCBCM 26:18  ဤသို့ဖြင့် သင်သည် သူတို့၏မျက်စိများကို ဖွင့်ပေးလျက် သူတို့သည် အမှောင်မှ အလင်းသို့ ရောက်ရှိကာ စာတန်၏ အာဏာစက်မှ ဘုရားသခင်ထံသို့ ပြောင်းလဲသဖြင့် အပြစ်ခွင့်လွှတ်ခြင်းခံရ၍ ငါ့ကို ယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သော သူတို့အစုတွင် ပါဝင်ရလိမ့်မည်ဟု မိန့်တော်မူခဲ့၏။
Acts BurCBCM 26:19  အရှင် အာဂရိပါမင်းကြီး၊ ထိုအချိန်မှစ၍ အကျွန်ုပ်သည် ကောင်းကင်မှ ဗျာဒိတ်ရူပါရုံကို မလွန်ဆန်နိုင်ဘဲ၊-
Acts BurCBCM 26:20  ပထမဦးစွာ ဒါမစကုမြို့သားများအားလည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယပြည် တစ်ပြည်လုံးရှိ လူများနှင့် လူမျိုးခြားတို့အားလည်းကောင်း ဟောပြောပြီး သူတို့သည် နောင်တရကြ၍ ဘုရားသခင်ထံသို့ ပြောင်းလဲရမည်၊ နောင်တ တရားနှင့်ဆိုင်သော အကျင့်များကို ကျင့်ရမည်ဟူ၍ ကြွေးကြော်ခဲ့ပါသည်။-
Acts BurCBCM 26:21  ထို့ကြောင့် ဂျူးလူမျိုးတို့သည် အကျွန်ုပ်ကို ဗိမာန်တော်ထဲ၌ ဖမ်းဆီး၍သတ်ရန် ကြိုးစားခဲ့ကြပါသည်။-
Acts BurCBCM 26:22  သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အကျွန်ုပ်သည် ယနေ့တိုင် ဤနေရာတွင် ရပ်နေလျက် အနိမ့်အမြင့်မရွေးဘဲ လူတို့ရှေ့တွင် သက်သေခံလျက် မိုးဇက်နှင့် ပရောဖက်များ ဟောပြောခဲ့သည့် အကြောင်းအရာများ ပြည့်စုံလာလိမ့်မည်ဟူသော အချက်ကိုသာ ဟောပြောနေခဲ့ပါသည်။-
Acts BurCBCM 26:23  ထိုသူတို့က မေဆိယသခင်သည် ဒုက္ခဝေဒနာခံထမ်းမည့် အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် သေသူတို့အစုမှ ပထမဦးဆုံး ရှင်ပြန်ထမြောက်မည့် သူအဖြစ်ဖြင့် ဂျူးလူမျိုးများနှင့် လူမျိုးခြားတို့အား အလင်းတော်ကို ပေးတော်မူ မည့်အကြောင်းကိုလည်းကောင်း ဟောထားခဲ့ပါသည်ဟု ချေပလျှောက်ထားလေ၏။
Acts BurCBCM 26:24  ပေါလုသည် ဤကဲ့သို့ ချေပပြောဆိုနေစဉ် ဖက်စတုက ကျယ်သောအသံဖြင့် ပေါလု၊ သင်ရူးသွပ်နေလေပြီ။ သင်၏ လေ့လာသင်ယူမှုလွန်ကဲခြင်းသည် သင့်စိတ်ကို ရူးသွပ်စေပြီဟု ဆိုလေ၏။-
Acts BurCBCM 26:25  သို့သော် ပေါလုက မြင့်မြတ်သော ဖက်စတုမင်း၊ အကျွန်ုပ်သည် မရူးသွပ်ပါ။ အကျွန်ုပ်သည် လေးနက်သော အမှန်တရားကို ပြောဆိုခြင်းသာ ဖြစ်ပါသည်။-
Acts BurCBCM 26:26  ဤအကြောင်းအရာများကို အာဂရိပါမင်းကြီး သိရှိပါသည်။ ထို့ကြောင့် အကျွန်ုပ်သည် ရှေ့တော်၌ ရဲဝံ့စွာ လျှောက်ထားခြင်း ဖြစ်ပါသည်။ ဤအကြောင်းအရာတို့တွင် မင်းကြီးသတိမပြုမိသော အရာမရှိကြောင်း အကျွန်ုပ်အသေအချာ သိပါသည်။ အကြောင်းမူကား ဤအမှုအရာသည် ဆိတ်ကွယ်ရာထောင့်တစ်ထောင့် တွင် ဖြစ်ပျက်ခဲ့သောအရာမဟုတ်ပါ။-
Acts BurCBCM 26:27  အာဂရိပါမင်းကြီး၊ အရှင်သည် ပရောဖက်ကျမ်းများကို ယုံကြည်ပါသလော။ အရှင်မင်းကြီး ယုံကြည်သည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်လေ၏။-
Acts BurCBCM 26:28  ထိုအခါ အာဂရိပါမင်းက ပေါလုအား သင်သည် အချိန်တိုအတွင်း၌ပင် ငါ့ကို ခရစ်ယာန်ဖြစ်စေရန် သွေးဆောင်နေလေပြီဟု ဆိုလေ၏။-
Acts BurCBCM 26:29  ပေါလုကလည်း ကာလတိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့အကျွန်ုပ်ပြောဆိုသည်ကို နား ထောင်ကြသော သူအပေါင်းတို့သည် ဤအချုပ်အနှောင်ခံရခြင်း မှလွဲ၍ အကျွန်ုပ်ကဲ့သို့ ဖြစ်လာကြစေရန် ဘုရားသခင်ထံသို့ အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ၏။
Acts BurCBCM 26:30  ထို့နောက် မင်းကြီးသည်ထ၍ ဘုရင်ခံနှင့် မိဖုရား ဘားနစ်နှင့်တကွ ၎င်းတို့နှင့် ထိုင်နေသူ အပေါင်းတို့သည်လည်း နေရာမှထကြလေ၏။-
Acts BurCBCM 26:31  ထိုသူတို့သည် ထွက်သွားကြစဉ် ဤသူသည် သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ခံ ထိုက်သည့်ပြစ်မှု တစ်စုံတစ်ရာကိုမျှ မကျူးလွန်ခဲ့ပါဟု အချင်းချင်း ပြောဆိုကြ၏။-
Acts BurCBCM 26:32  အာဂရိပါမင်းကလည်း ဤသူသည် ဆီဇာဧကရာဇ်ထံ အယူခံမဝင်ခဲ့ပါလျှင် သူ့ကို လွှတ်ပေးနိုင်သည်ဟု ဖက်စတုအား ဆိုလေ၏။