Site uses cookies to provide basic functionality.

OK
ACTS
Prev Up Next Toggle notes
Chapter 14
Acts BurCBCM 14:1  ဤသို့ဖြင့် အီကိုးနိယမြို့၌ သူတို့သည် ဂျူးလူမျိုးတို့၏တရားဇရပ်သို့ အတူတကွဝင်ကြ၍ ဟောပြောကြရာ ဂျူးနှင့် ဂရိလူမျိုး နှစ်မျိုးလုံးပါဝင်သည့် များစွာသော လူအစုအဝေးသည် ယုံကြည်ကြလေ၏။-
Acts BurCBCM 14:2  သို့သော် မယုံကြည်သောဂျူးလူမျိုးများသည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်ကြ၍ ညီအစ်ကိုတို့အပေါ် အထင်မှားစေရန် ပြုလုပ်ကြ၏။-
Acts BurCBCM 14:3  ထို့ကြောင့် တမန်တော်တို့သည် ကြာမြင့်စွာနေကြ၍ သခင်ဘုရားအတွက် ရဲဝံ့စွာဟောပြောကြလေ၏။ ကိုယ်တော် သည်လည်း သူတို့၏လက်များဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်တန်ခိုးများကို ပြုလုပ်လျက် မိမိကျေးဇူးတော်၏ နှုတ်တော်ထွက်စကားကို သက်သေခံတော်မူ၏။-
Acts BurCBCM 14:4  သို့သော် မြို့သူမြို့သားတို့သည် အုပ်စုကွဲလျက်ရှိကြပြီး အချို့သည် ဂျူးလူမျိုးများဘက်တွင် ပါဝင်၍ အချို့သည် တမန်တော်တို့ဘက်မှ ရပ်တည်ကြ၏။-
Acts BurCBCM 14:5  ထို့နောက် ဂျူးလူမျိုးများနှင့် လူမျိုးခြားတို့သည် မင်းအရာရှိများနှင့်ပူးပေါင်းလျက် သူတို့ကိုညှဉ်းပန်းနှိပ်စက်၍ ကျောက်ခဲနှင့်ပေါက်သတ်ရန် ကြိုးပမ်းအားထုတ်ကြ၏။-
Acts BurCBCM 14:6  သူတို့သည်လည်း ဤအကြောင်းကို ကြားသိကြသောအခါ လီကိုးနိယပြည်ရှိ လစ္စတြာမြို့နှင့် ဒေးဘေမြို့များသို့ လည်းကောင်း၊ ပတ်ဝန်းကျင်ဒေသများသို့လည်းကောင်း ရှောင်ပြေးကြပြီးလျှင်၊-
Acts BurCBCM 14:7  ထိုအရပ်တို့၌ ဧဝံဂေလိသတင်းကောင်းကို ဆက်လက်ဟောပြောကြလေ၏။
Acts BurCBCM 14:8  ထိုအချိန်၌ လစ္စတြာမြို့တွင် မိမိ၏ခြေတို့ကိုအသုံး မပြုနိုင်သောသူတစ်ယောက်သည် ထိုင်လျက်ရှိ၏။ ထိုသူသည် မွေးစကပင် မသန်မစွမ်းဖြစ်၍ တစ်ခါမျှ လမ်းမလျှောက်ခဲ့ဖူးချေ။-
Acts BurCBCM 14:9  ထိုသူသည် ပေါလုဟောပြောနေသည်ကို နားထောင်နေလေ၏။ ပေါလုသည်လည်း သူ့ကို စေ့စေ့ကြည့်လျက် ထိုသူသည် သူ၏ရောဂါပျောက်ကင်းမည်ဟု ယုံကြည်ကြောင်းကို သိမြင်သောကြောင့်၊-
Acts BurCBCM 14:10  သင်ထ၍ တည့်မတ်စွာမတ်တတ်ရပ်လော့ဟု ကျယ်သောအသံနှင့်ဆို၏။ ထိုအခါ သူသည် ထခုန်၍ လမ်းလျှောက်လေ၏။-
Acts BurCBCM 14:11  လူအစုအဝေးတို့သည်လည်း ပေါလုပြုလုပ်သောအမှုအရာကိုမြင်ကြလျှင် နတ်ဘုရားများသည် လူတို့၏ပုံသဏ္ဌာန်ကို ဆောင်လျက် ငါတို့ထံသို့ ဆင်းကြွလာကြလေပြီတကားဟု လီကိုးနိယဘာသာစကားဖြင့် မိမိတို့၏အသံကိုမြှင့်၍ ကြွေးကြော်ကြ၏။-
Acts BurCBCM 14:12  သူတို့သည် ဘာနဘကို ဇေးဦးဟုခေါ်ကြ၍ ပေါလုသည်ကား အဓိက ဟောပြောသူဖြစ်သောကြောင့် သူ့ကို ဟေမက်ဟု ခေါ်ကြလေ၏။-
Acts BurCBCM 14:13  ဇေးဦးဘုရား၏ဗိမာန်သည် မြို့အရှေ့တွင်ရှိ၍ ထိုဗိမာန်မှရဟန်းသည် နွားထီးများနှင့် ပန်းကုံးများကို မြို့တံခါး၀သို့ ယူဆောင်လာပြီး လူအစုအဝေးတို့နှင့်အတူ ယဇ်ပူဇော်ဆက်ကပ်မည်ဟု ကြံရွယ်လေ၏။-
Acts BurCBCM 14:14  သို့သော် တမန်တော်ဘာနဘနှင့် ပေါလုတို့သည် ဤအကြောင်းကိုကြားကြသောအခါ မိမိတို့အဝတ်များကို ဆုတ်ဖြဲကြ၍ လူအစုအဝေးထဲသို့ပြေးဝင်ပြီး ကြွေးကြော်သည်မှာ၊-
Acts BurCBCM 14:15  အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူသားများပင်ဖြစ်ကြ၏။ သင်တို့သည် ဤကဲ့သို့အချည်းနှီးဖြစ်သောအရာများ ကိုပစ်ပယ်ကြ၍ ကောင်းကင်၊ ကမ္ဘာမြေကြီး၊ ပင်လယ်တို့နှင့် ယင်းတို့တွင် တည်ရှိသမျှအရာတို့ကို ဖန်ဆင်းတော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်ထံသို့ ဆည်းကပ်ကြစေရန် သတင်း ကောင်းကို ငါတို့ယူဆောင်လာကြခြင်းဖြစ်၏။-
Acts BurCBCM 14:16  ရှေးယခင်ကာလများတွင် ကိုယ်တော်သည် လူမျိုးအပေါင်းတို့အား မိမိတို့အလိုဆန္ဒရှိကြသည့် လမ်းစဉ်များအတိုင်း လိုက်နာကျင့်သုံးစေတော်မူခဲ့၏။-
Acts BurCBCM 14:17  သို့သော်လည်း ကိုယ်တော်သည် မိမိကိုယ်တော်တိုင်ကို သက်သေမခံဘဲလျက် နေတော်မမူခဲ့ပေ။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းကျိုးပြုတော်မူ၍ သင်တို့အား ကောင်းကင်မှ မိုးနှင့်အသီးအပွင့် ဖြစ်ထွန်းစေသော ဥတုရာသီတို့ကို ပေးသနားပြီး သင်တို့၏စိတ်နှလုံးများကို အစားအစာနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ကျေနပ်အားရ စေတော်မူခဲ့သည်ဟု ဆိုကြလေ၏။-
Acts BurCBCM 14:18  ဤစကားများဖြင့် တမန်တော်တို့သည် မိမိတို့အား လူအများက ပူဇော်ပသခြင်း မပြုကြစေရန် တားဆီးနိုင်ရုံမျှသာရှိ၏။
Acts BurCBCM 14:19  သို့သော် အီကိုးနိယနှင့် အန္တီယော့မြို့များမှ ဂျူးလူမျိုးတို့သည် လူအများကို ဖြားယောင်းပြောဆိုကြသဖြင့် သူတို့သည် ပေါလုကို ကျောက်ခဲနှင့်ပေါက်သတ်၍ သေပြီအထင်ဖြင့် မြို့အပြင်သို့ဆွဲထုတ်ကြလေ၏။-
Acts BurCBCM 14:20  သို့ရာတွင် တပည့်တော်တို့သည် သူ့ထံသို့စုဝေးလာကြသောအခါ သူသည် ထ၍ မြို့အတွင်းသို့ဝင်လေ၏။ နောက်တစ်နေ့ တွင် သူသည် ဘာနဘနှင့်အတူ ဒေးဘေမြို့သို့ခရီးဆက်လေ၏။
Acts BurCBCM 14:21  သူတို့သည် ထိုမြို့တွင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောကြ၍ များစွာသောလူတို့ကို တပည့်တော်များ ဖြစ်စေကြပြီးနောက် လစ္စတြာနှင့် အီကိုးနိယတို့မှတစ်ဆင့် အန္တီယော့မြို့သို့ ပြန်သွားကြလေ၏။-
Acts BurCBCM 14:22  သူတို့က ငါတို့သည် မြောက်မြားလှစွာသောဆင်းရဲဒုက္ခတို့ကို ခံယူ ထမ်းရွက်ခြင်းဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ကြရ မည်ဟု ဟောကြားလျက် တပည့်တော်တို့၏စိတ်နှလုံးကို အားဖြည့်ပေးကြပြီး ယုံကြည်ခြင်း၌ ဆက်လက်အသက် ရှင်နေထိုင်ကြရန် ထိုသူတို့ကို နှိုးဆော်ခဲ့ကြ၏။-
Acts BurCBCM 14:23  သူတို့သည် အသင်းတော်အုပ်စုတိုင်းအတွက် ခေါင်းဆောင်များ ခန့်ထားပြီးနောက် အစာရှောင်ခြင်း၊ ဝါရှောင်ခြင်းအမှု တို့ကိုပြုကာ ထိုခေါင်းဆောင်တို့ကို မိမိတို့ယုံကြည်သော သခင်ဘုရားထံတော်၌ ဆက်ကပ်ကြလေ၏။
Acts BurCBCM 14:24  ထို့နောက် သူတို့သည် ပီစီဒိယပြည်ကို ဖြတ်သန်း၍ ပမ်ဖိလိယသို့ ရောက်လာကြပြီးလျှင်၊-
Acts BurCBCM 14:25  ပေဂါမြို့ ၌ နှုတ်တော်ထွက်စကားကို ဟောပြောပြီးနောက် အာတာလိ ယသို့ဆင်းသွားကြ၏။-
Acts BurCBCM 14:26  ထိုအရပ်မှနေ၍ သူတို့သည် အန္တီယော့မြို့သို့ ရွက်လွှင့်ခဲ့ကြ၏။ ထိုမြို့သည်ကား သူတို့ ယခုပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းများအတွက် သူတို့အား ဘုရားသခင်၏ကျေးဇူးတော်သို့ ရှေးဦးစွာ အပ်နှံခဲ့ကြသောမြို့ ဖြစ်လေ၏။
Acts BurCBCM 14:27  ဤသို့ဖြင့် သူတို့ရောက်ရှိကြသောအခါ အသင်းတော်ကို စုဝေးစေ၍ မိမိတို့အားဖြင့် ဘုရားသခင် လုပ်ဆောင်တော်မူသမျှ တို့ကိုလည်းကောင်း၊ ကိုယ်တော်သည် လူမျိုးခြားတို့အတွက် ယုံကြည်ခြင်းတံခါးကို မည်ကဲ့သို့ ဖွင့်ပေးတော်မူကြောင်း ကိုလည်းကောင်း ပြောပြကြလေ၏။- ထို့နောက် သူတို့သည် တပည့်တော်များနှင့်အတူ အချိန်အတော်ကြာနေထိုင်ကြ၏။