Site uses cookies to provide basic functionality.

OK
ACTS
Prev Up Next Toggle notes
Chapter 28
Acts BurCBCM 28:1  ငါတို့သည် ကုန်းပေါ်သို့ ဘေးကင်းစွာ ရောက်ကြပြီးနောက် ဤကျွန်းကို မာလ်တာကျွန်းဟု ခေါ်ဆိုကြောင်း သိလာကြ၏။-
Acts BurCBCM 28:2  ကျွန်းသူကျွန်းသားတို့သည်လည်း ငါတို့အပေါ်၌ ကြင်နာမှုကို ထူးထူးခြားခြားပြကြ၏။ ထိုစဉ် မိုးစတင်ရွာသွန်း၍ ချမ်းလာသောကြောင့် သူတို့သည် မီးဖိုပေးကြပြီး ငါတို့အားလုံးကို လက်ခံကြိုဆိုကြ၏။-
Acts BurCBCM 28:3  ပေါလုသည်လည်း ထင်းများကိုစုစည်း၍ မီးထဲသို့ ထည့်လိုက်သောအခါ မီးပူရှိန်ကြောင့် ထင်းစည်းထဲမှ မြွေပွေးတစ်ကောင် ထွက်လာကာ ပေါလု၏လက်တွင် ရစ်ပတ်လျက်နေလေ၏။-
Acts BurCBCM 28:4  ကျွန်းသူကျွန်းသားတို့သည် သူ၏လက်တွင် တွယ်နေသောမြွေကို မြင်ကြသောအခါ ဤသူသည် လူသတ်သမား ဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှ လွတ်မြောက်လာသော်လည်း တရားမျှတခြင်းသည် သူ့ကိုအသက်ရှင်ခွင့်မပြုဟု မိမိတို့အချင်းချင်း ပြောဆိုကြ၏။-
Acts BurCBCM 28:5  သို့သော် ပေါလုသည် မြွေပွေးကို မီးထဲသို့ ခါချလိုက်ပြီး မည်သည့်ဝေဒနာကိုမျှလည်း မခံစားရချေ။-
Acts BurCBCM 28:6  ထိုသူတို့သည်လည်း ပေါလုသည် တစ်ကိုယ်လုံး ဖောရောင်လာမည်၊ သို့မဟုတ် ရုတ်တရက်လဲကျ သေဆုံးလိမ့်မည်ဟု မျှော်လင့်၍ စောင့်ကြည့်နေကြ၏။ သို့ရာတွင် သူတို့ကြာမြင့်စွာစောင့်ကြည့်နေစဉ် သူ့၌ ဘေးဥပဒ်တစ်စုံတစ်ခုမျှ ဖြစ်မလာ သည်ကို မြင်ကြလျှင် သူတို့သည် စိတ်ပြောင်းလဲလျက် ဤသူသည်ကား နတ်ဘုရားပေတည်းဟု ဆိုကြလေ၏။
Acts BurCBCM 28:7  ထိုနေရာအနီးတွင် ပူဗလိဦးအမည်ရှိသော ကျွန်းသူကြီးပိုင်ဆိုင်သည့် ခြံမြေများရှိ၏။ သူသည်လည်း ငါတို့ကို လက်ခံ၍ သုံးရက်တိုင်တိုင် ကောင်းစွာဧည့်ခံလေ၏။-
Acts BurCBCM 28:8  ထိုအချိန်၌ ပူဗလိဦး၏ဖခင်သည် ဖျားနာ၍ ဝမ်းကိုက်ရောဂါနှင့် အိပ်ရာတွင် လဲနေသောကြောင့် ပေါလုသည် သူ၏ အခန်းသို့ ဝင်လျက် ဆုတောင်းပြီးမှ သူ့အပေါ်၌ လက်တင်သဖြင့် သူ့ကိုပျောက်ကင်းချမ်းသာစေ၏။-
Acts BurCBCM 28:9  ထိုသို့ဖြစ်ပျက်ပြီးနောက် ကျွန်းပေါ်ရှိ အခြားမကျန်းမာသော သူတို့သည်လည်း ပေါလုထံသို့လာကြသဖြင့် ပျောက်ကင်း ချမ်းသာရကြ၏။-
Acts BurCBCM 28:10  ထိုသူတို့သည် ငါတို့အား များစွာသော လက်ဆောင်တို့ကို ပေးကြလေ၏။ ထို့နောက် ငါတို့သည် သင်္ဘောနှင့် ခရီးထွက်ခွာကြသောအခါ သူတို့သည် ငါတို့လိုအပ်သည့်ရိက္ခာများကို သင်္ဘောပေါ်တွင် ထည့်ပေးလိုက်ကြ၏။
Acts BurCBCM 28:11  သုံးလကြာသောအခါ ငါတို့သည် ဤကျွန်းတွင် ဆောင်းခိုနေခဲ့သော သင်္ဘောတစ်စီးဖြင့် ရွက်လွှင့်ထွက်ခွာလာကြ၏။ ထိုသင်္ဘောသည် အလက်ဇန္ဒြိယမှလာ၍ ကပ်စတာနှင့် ပုလုဟုအမည်တွင်သော အမြွာနတ်ညီနောင်ကို သင်္ဘောဦးအရုပ်အဖြစ် ထားလေ၏။-
Acts BurCBCM 28:12  သင်္ဘောသည် ဆီရကုမြို့သို့ ဆိုက်ကပ်သောအခါ ငါတို့သည် ထိုမြို့၌ သုံးရက်ကြာနေခဲ့ကြ၏။-
Acts BurCBCM 28:13  ထိုမှတစ်ဖန် ငါတို့သည် ပင်လယ်ကမ်းရိုးတန်းကိုဝိုက်၍ သင်္ဘောလွှင့်ရာ ရေဂျီယမ်မြို့သို့ရောက်လေ၏။ ထို့နောက် နောက်တစ်နေ့တွင် တောင်လေလာသဖြင့် ဒုတိယနေ့တွင် ပူတေအိုလီမြို့သို့ ငါတို့ဆိုက်ရောက်ကြ၏။-
Acts BurCBCM 28:14  ငါတို့သည်လည်း ထိုမြို့တွင် ညီအစ်ကိုတို့ကိုတွေ့ကြ၍ ထိုသူတို့က မိမိတို့နှင့်အတူ ခုနစ်ရက်ခန့် နေထိုင်ရန် ငါတို့အား ဖိတ်ခေါ် ကြ၏။ ဤသို့ဖြင့် ငါတို့သည် ရောမမြို့သို့ ရောက်လာကြလေ၏။
Acts BurCBCM 28:15  ထိုအရပ်မှညီအစ်ကိုတို့သည် ငါတို့အကြောင်းကို ကြားကြလျှင် ငါတို့ကို ခရီးဦးကြိုပြုရန် အပ္ပီဦးအရပ်နှင့် တဲသုံးဆောင်အရပ်သို့ တိုင်အောင် လာကြ၏။ ပေါလုသည်လည်း သူတို့ကို တွေ့ရသောအခါ ဘုရားသခင်အား ကျေးဇူးတင် ချီးမွမ်းလျက် အားတက်လာလေ၏။-
Acts BurCBCM 28:16  ငါတို့သည် ရောမမြို့သို့ရောက်ကြသောအခါ ပေါလုသည် မိမိကို စောင့်ကြပ်သော စစ်သူရဲတစ်ဦးနှင့်အတူ ကိုယ့်အလို အတိုင်း နေနိုင်သော အခွင့်ကို ရလေ၏။
Acts BurCBCM 28:17  သုံးရက်လွန်သောအခါ ပေါလုသည် မြို့ပေါ်ရှိ ဂျူးလူမျိုးခေါင်းဆောင်များကို တစ်စုတစ်ဝေးတည်း ဖိတ်ခေါ်လေ၏။ ထိုသူတို့သည်လည်း လာရောက်စုဝေးကြသောအခါ ပေါလုက ညီအစ်ကိုတို့၊ အကျွန်ုပ်သည် မိမိလူမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့၏ ထုံးတမ်းစဉ်လာများကိုလည်းကောင်း ဆန့်ကျင်ပြစ်မှားသည့် အမှုတစ်စုံတစ်ခုကိုမျှ မပြုလုပ်ခဲ့သော်လည်း အကျဉ်းသားအဖြစ်ဖြင့် ဂျေရုဆလင်မြို့မှနေ၍ ရောမလူမျိုးတို့၏လက်သို့ အပ်နှံခြင်းခံခဲ့ရပါ၏။-
Acts BurCBCM 28:18  ရောမလူမျိုးတို့သည် အကျွန်ုပ်ကို စစ်ဆေးမေးမြန်းပြီးနောက် အကျွန်ုပ်၏အမှု၌ သေဒဏ်ပေးထိုက်သော ပြစ်မှုတစ်စုံတစ်ရာကိုမျှ မတွေ့သဖြင့် အကျွန်ုပ်ကို လွှတ်ပေးရန် အလိုရှိခဲ့ကြ၏။-
Acts BurCBCM 28:19  သို့သော် ဂျူးလူမျိုးတို့က ကန့်ကွက်ကြသောအခါ အကျွန်ုပ်သည်လည်း မလွှဲသာသဖြင့် ဆီဇာဧကရာဇ်ထံသို့ အယူခံဝင်ခဲ့ပါ၏။ ဤသို့ပြုရခြင်းမှာ အကျွန်ုပ်သည် အကျွန်ုပ်၏လူမျိုးအပေါ် တစ်စုံတစ်ရာ စွပ်စွဲပြောဆိုရန်အကြောင်း ရှိ၍မဟုတ်ပါ။
Acts BurCBCM 28:20  ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့ကို တွေ့မြင်၍ ပြောပြလိုသဖြင့် ဖိတ်ခေါ်ခဲ့ရခြင်းဖြစ်ပါ၏။ ဤသံကြိုးများဖြင့် အကျွန်ုပ်ချည်နှောင်ခံနေရခြင်းသည်ကား အစ္စရာအဲလ်လူမျိုးတို့၏ မျှော်လင့်ခြင်းအတွက်ကြောင့် ဖြစ်ပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 28:21  ထိုအခါ သူတို့က အကျွန်ုပ်တို့သည် သင်၏အကြောင်းနှင့် ပတ်သက်၍ ဂျူဒေးယပြည်မှ စာတစ်စောင်မျှမရပါ။ ဤမြို့သို့လာရောက်ကြသော ညီအစ်ကိုများထဲမှလည်း မည်သူကမျှ သင်၏အကြောင်း မကောင်းသတင်းပို့ခြင်း၊ သို့မဟုတ် ပြောဆိုခြင်း မပြုကြပါ။-
Acts BurCBCM 28:22  သို့သော် ဤဂိုဏ်းအကြောင်းကို နေရာတိုင်းတွင် ဆန့်ကျင်ပြောဆိုနေကြသည်ကို အကျွန်ုပ်တို့ ကြားသိပြီးဖြစ်သောကြောင့် သင်၏အမြင်ကို အကျွန်ုပ်တို့ ကြားလိုပါသည်ဟု သူတို့က ပြန်ပြောကြသည်။
Acts BurCBCM 28:23  ဤသို့ဖြင့် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်သတ်မှတ်ပြီးမှ ထိုနေ့တွင် ပေါလုနေထိုင်ရာအိမ်သို့ လူအမြောက်အမြား လာကြလေ၏။ ပေါလုသည်လည်း နံနက်အချိန်မှစ၍ ညနေတိုင်အောင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို သက်သေခံလျက် ယေဇူး၏အကြောင်းကို ထိုသူတို့နားလည် သဘောပေါက်လာစေရန် မိုးဇက်၏ ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို အမှီပြု၍ အသေးစိတ်ရှင်းလင်းဖော်ပြပြီး ဟောပြောလေ၏။-
Acts BurCBCM 28:24  ထိုအခါ အချို့သောသူတို့သည် ပေါလု၏ဟောပြောချက်ကို နားလည်သဘောပေါက်ကြသော်လည်း အခြားသူတို့မူကား မယုံကြည်ကြချေ။-
Acts BurCBCM 28:25  ထို့ကြောင့် သူတို့သည် အချင်းချင်းသဘောထားကွဲလွဲ၍ ပြန်သွားကြစဉ် ပေါလုက သူတို့အား စကားတစ်ခွန်းပြောဆိုလိုက် သည်မှာ ဝိညာဉ်တော်မြတ်သည် ပရောဖက်အီဇာယအားဖြင့် ငါတို့၏ဘိုးဘေးများအား မှန်ကန်စွာမိန့်တော်မူခဲ့၏။-
Acts BurCBCM 28:26  မိန့်တော်မူချက်သည်ကား ဤလူမျိုးထံသို့သွား၍ သင်တို့သည် အမှန်စင်စစ် နားထောင်ကြသော်လည်း နားလည်ကြမည် မဟုတ်၊ သင်တို့သည် ကြိုးစား၍ ကြည့်ကြသော်လည်း မြင်ကြလိမ့်မည်မဟုတ်ဟု ပြောလော့။-
Acts BurCBCM 28:27  အကြောင်းမူကား ဤလူမျိုး၏ စိတ်နှလုံးသည် ထိုင်းမှိုင်း၍ သူတို့၏ နားများသည်လည်း ပင်းလျက် သူတို့၏ မျက်စိများ ကိုလည်း ပိတ်ထားကြသောကြောင့်ဖြစ်၏။ သူတို့သည် မိမိတို့၏မျက်စိများဖြင့် သိမြင်၍ မိမိတို့၏နားများဖြင့် ကြားပြီးလျှင် မိမိတို့၏စိတ်နှလုံးဖြင့်လည်း နားလည်လက်ခံကြသောကြောင့် ငါ့ထံသို့ပြောင်းလဲလာသဖြင့် ငါသည်သူတို့ကို ပျောက်ကင်း ချမ်းသာစေမည်ကို စိုးရိမ်နေကြ၏ ဟူ၍ဖြစ်သတည်း။-
Acts BurCBCM 28:28  ထို့ကြောင့် ဤကယ်တင်ခြင်း ကျေးဇူးတော်သည် လူမျိုးခြားတို့ထံသို့ စေလွှတ်ခြင်းခံရပြီး ထိုသူတို့သည် နာခံကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိကြပါလော့ဟု ဆိုလေ၏။-
Acts BurCBCM 28:29  ထိုသို့ပေါလု ပြောဆိုပြီးသောအခါ ဂျူးလူမျိုးတို့သည် အချင်းချင်းအပြင်းအထန် ငြင်းခုံလျက် ထွက်ခွာသွားကြ၏။
Acts BurCBCM 28:30  ပေါလုသည်လည်း ထိုမြို့၌ နှစ်နှစ်ပတ်လုံး မိမိကိုယ်တိုင် ငှားရမ်းထားသော အိမ်တွင်နေထိုင်ကာ မိမိထံသို့ လာရောက်ကြသော သူအပေါင်းတို့အား လက်ခံကြိုဆိုပြီး၊-
Acts BurCBCM 28:31  ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြော၍ ယေဇူးခရစ်တော်သခင်၏ အကြောင်းကို အဆီးအတားမရှိ ရဲဝံ့စွာ သွန်သင်လျက် နေလေ၏။