Site uses cookies to provide basic functionality.

OK
PHILIPPIANS
1 2 3 4
Prev Up Next Toggle notes
Chapter 2
Phil BurCBCM 2:1  သို့ဖြစ်၍ သင်တို့အကြားတွင် ခရစ်တော်၌ အားပေးနှစ်သိမ့်ခြင်း၊ ချစ်ခြင်းမေတ္တာအားဖြင့် သက်သာရာရစေခြင်း၊ ဝိညာဉ်တော်၌မိတ်သဟာယဖွဲခြင်း၊ ခင်တွယ်ခြင်းနှင့် စာနာထောက်ထားခြင်းစသည်တို့ရှိလျှင်၊-
Phil BurCBCM 2:2  သင်တို့အချင်းချင်း တစ်စိတ်တစ်သဘောတည်းရှိကြ၍ အချင်းချင်းချစ်ခင်ပြီး တညီတညွတ်တည်းရှိခြင်းအားဖြင့် ငါ၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေကြလော့။-
Phil BurCBCM 2:3  တစ်ကိုယ်ကောင်းစိတ်နှင့် ထင်ပေါ်ကျော်စောလိုသောစိတ်တို့ဖြင့် မည်သည့်အမှုကိုမျှမပြုကြလေနှင့်။ အခြားသူတို့သည် သင်တို့ထက် သာ၍ကောင်းမြတ်သည်ဟု ခံယူလျက် နှိမ့်ချခြင်းရှိကြလော့။-
Phil BurCBCM 2:4  သင်တို့တစ်ဦးစီသည် မိမိကိုယ်ကျိုး ကိုသာမကြည့်ဘဲ အခြားသောသူတို့၏အကျိုးကိုလည်း ငဲ့ကွက်ကြပါလော့။-
Phil BurCBCM 2:5  ခရစ်တော်ယေဇူး၌ ရှိသောစိတ်သဘောကို သင်တို့၌လည်း တည်ရှိစေကြလော့။-
Phil BurCBCM 2:6  ကိုယ်တော်သည် ဘုရားအဖြစ်တော်၌ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူညီတူအဖြစ်ကိုရယူအပ်သည်ဟု ထင် မှတ်ခြင်းမရှိဘဲ၊-
Phil BurCBCM 2:7  မိမိ၌ရှိသမျှကိုစွန့်လွှတ်ပြီးလျှင် အစေခံ ဘ၀ကိုယူ၍ လူတို့၏ပုံသဏ္ဌာန်အတိုင်း မွေးဖွားခြင်းကို ခံတော်မူ၏။-
Phil BurCBCM 2:8  ကိုယ်တော်သည် လူ့အဖြစ်ကိုယူပြီးလျှင် သာမညသေခြင်းမျိုးမဟုတ်ဘဲ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည့် တိုင်အောင် နာခံလျက် မိမိကိုယ်ကို နှိမ့်ချတော်မူ၏။-
Phil BurCBCM 2:9  ထို့ကြောင့် ဘုရားသခင်သည် ကိုယ် တော်အား ထူးကဲစွာချီးမြှောက်၍ ဘွဲ့နာမတကာတို့ ထက်ကြီးမြတ်သော ဘွဲ့နာမတော် ကို အပ်နှင်းတော်မူ၏။-
Phil BurCBCM 2:10  ဤသို့ဖြင့် ကောင်းကင်၊ မြေကြီးနှင့် မြေကြီးအောက် ၌ရှိကြသောသတ္တဝါအပေါင်းတို့သည် ယေဇူး၏နာမတော်၌ ရိုသေပျပ် ဝပ်ကြလျက်၊-
Phil BurCBCM 2:11  ယေဇူးခရစ်တော်သည် အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ရှိသမျှတို့က ဝန်ခံကြသဖြင့် အဖဘုရားသခင်၏ ဘုန်းဂုဏ် တော်ကို ထင် ရှားစေကြလိမ့်မည်။
Phil BurCBCM 2:12  သို့ဖြစ်၍ ချစ်မိတ်ဆွေတို့၊ သင်တို့သည် အစဉ်အမြဲ နာခံခဲ့ကြသကဲ့သို့ ယခုအခါတွင်လည်း ငါ၏ရှေ့တွင်သာမက ငါ၏ မျက်ကွယ်၌လည်း သင်တို့၏ကယ်တင်ခြင်းအတွက် ကြောက်ရွံ့တုန်လှုပ်လျက် ကြိုးစားအားထုတ် ကြလော့။-
Phil BurCBCM 2:13  အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ ကောင်းမွန်သောရည်ရွယ်ချက်အတွက် သင်တို့အား လုပ်ဆောင်လိုသော စိတ်နှင့် လုပ်ဆောင်နိုင်သောအစွမ်း တို့ကို ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
Phil BurCBCM 2:14  သင်တို့ပြုလုပ်သမျှတို့ကို မညည်းတွား မဝေဖန်ဘဲ ပြုမူဆောင်ရွက်ကြလော့။-
Phil BurCBCM 2:15  ဤသို့ဖြင့် ကောက်ကျစ်၍ ဆိုးမိုက်သော လူမျိုးဆက်၏အလယ်တွင် အပြစ်အနာ အဆာမရှိသောသင်တို့သည် အပြစ်တင်ခွင့်ကင်းလွတ်၍ ရိုးသားဖြူစင်သော ဘုရားသခင်၏သားသမီးများဖြစ် ကြလိမ့်မည်။ သင်တို့သည် ကမ္ဘာလောကတွင် ထွန်းလင်းသောကြယ်တာရာများကဲ့သို့ ထိုသူတို့အလယ်၌ ထွန်းလင်းကြလျက်၊-
Phil BurCBCM 2:16  အသက်၏နှုတ်တော်ထွက်စကားကို ထိုသူတို့အား ဝေမျှပေးကြလော့။ သို့မှသာ ငါသည် အကျိုးမဲ့ပြေးခဲ့ရခြင်း၊ အပင်ပန်းခံခဲ့ရခြင်းမဟုတ်ကြောင်း ခရစ်တော်ကြွလာတော်မူသောနေ့ရက်၌ ဝမ်းမြောက် ဂုဏ်ယူနိုင်လိမ့်မည်။-
Phil BurCBCM 2:17  ထိုမျှမက သင်တို့ယုံကြည်ခြင်း၏ ယဇ်ပူဇော်သကာပေါ်တွင် ငါ၏သွေးကို သွန်းလောင်းရမည်ဆိုလျှင်ပင် ငါသည် ပျော်ရွှင်ခြင်းဖြင့် သင်တို့အားလုံးနှင့်အတူ ဝမ်းမြောက်ပါ၏။-
Phil BurCBCM 2:18  ထိုနည်းတူပင် သင်တို့သည် လည်း ပျော်ရွှင်ခြင်းဖြင့် ငါနှင့်အတူ ရွှင်လန်းဝမ်းမြောက် ကြပါလော့။
Phil BurCBCM 2:19  သင်တို့၏သတင်းကြောင့် ငါသည် အားရဝမ်းသာရှိ စေရန် တီမောသေဦးကို သင်တို့ထံသို့ မကြာမီ စေလွှတ် နိုင်မည်ဟု ယေဇူးသခင်၌ ငါမျှော်လင့်ပါ၏။-
Phil BurCBCM 2:20  သူကဲ့သို့ သင်တို့၏အကျိုးအတွက် အမှန်စင်စစ် စိတ်အားထက် သန်သောသူတစ်ဦးမျှ ငါ့၌မရှိပေ။-
Phil BurCBCM 2:21  အခြားသူအားလုံး တို့သည် ယေဇူးခရစ်တော်၏အကျိုးကိုမရှာဘဲ မိမိတို့၏ အကျိုးကိုသာ ရှာဖွေကြ၏။-
Phil BurCBCM 2:22  သို့သော်လည်း သားဖြစ်သူသည် ဖခင်နှင့်အတူ အလုပ်လုပ်ကိုင်သကဲ့သို့ တီမောသီဦးသည် ငါနှင့်အတူ ဧဝံဂေလိ တရားတော်၌ အမှုတော်ထမ်းဆောင်ခဲ့သောကြောင့် သူ၏အရည်အချင်းကို သင်တို့သိကြ၏။-
Phil BurCBCM 2:23  ထို့ကြောင့် ငါ၌မည်သို့ဖြစ်မည်ကိုသိလျှင် သိချင်း ငါသည် သူ့ကို သင်တို့ထံသို့ စေလွှတ်ရန် မျှော်လင့်ထား၏။-
Phil BurCBCM 2:24  ငါကိုယ်တိုင်သည်လည်း မကြာမီတွင်ပင် သင်တို့ထံသို့လာနိုင်မည်ဟု သခင်ဘုရား၌ ငါစိတ်ချယုံ ကြည်ပါ၏။
Phil BurCBCM 2:25  ငါ၏ညီ၊ ငါ၏လုပ်ဖော်ကိုင်ဖက်နှင့် တိုက်ပွဲဝင်ဖက် ဖြစ်၍ ငါ့ကိုပြုစုစောင့်ရှောက်ရန် သင်တို့စေလွှတ်ခဲ့သော ဧပါဖရိုဒိတုကို သင်တို့ထံသို့စေလွှတ်ရန်လိုအပ်သည်ဟု ငါထင်၏။-
Phil BurCBCM 2:26  အကြောင်းမူကား သူသည် သင်တို့အားလုံးကို လွမ်းဆွတ်သတိရလျက်ရှိ၏။ သူဖျားနာခဲ့ကြောင်းကို သင်တို့ကြား သိသွားသည့်အတွက် သူသည် စိတ်ပူပန် လျက်ရှိ၏။-
Phil BurCBCM 2:27  အမှန်စင်စစ် သူသည် သေလုနီးပါးဖျားနာခဲ့ခြင်းဖြစ်၏။ သို့သော် ဘုရားသခင်သည် သူ့ကို သနားတော်မူခဲ့၏။ ကိုယ်တော်သည် သူ့ကိုသာ သနားခဲ့ခြင်း မဟုတ်ဘဲ ငါ့အားလည်း ဝမ်းနည်းပူဆွေးခြင်းကိုထပ်ဆင့် မကြုံတွေ့ရစေရန် သနားတော်မူခဲ့၏။-
Phil BurCBCM 2:28  ထို့ကြောင့် သင်တို့သည် သူ့ကို တစ်ဖန်တွေ့ မြင်ကြရသောအခါ ဝမ်းမြောက်ကြလျက် ငါသည်လည်း စိတ်သက်သာရာရစေ ခြင်းငှာ သင်တို့ထံသို့ သူ့ကိုစေလွှတ်ရန် ငါသည်ပို၍စိတ် အားထက်သန်၏။-
Phil BurCBCM 2:29  သို့ဖြစ်၍ သူ့အား သခင်ဘုရား၌ ဝမ်းမြောက်ဝမ်းသာလက်ခံကြပါလော့။ ဤကဲ့သို့သောသူများကို လေးစားုဏ်ပြုကြ လော့။-
Phil BurCBCM 2:30  အကြောင်းမူကား သူသည် ခရစ်တော်၏အမှုတော်အတွက် သေလုနီးပါး ဖြစ်ခဲ့ရ၏။ သူသည် သင်တို့ကိုယ်တိုင်မပြုလုပ်နိုင် သည့်၊ ငါ့အားပြုစုခြင်းဝတ္တရားကို ထမ်းဆောင်ရန် မိမိအသက် ဘေးအန္တရာယ်ကိုအမှုမထားဘဲ နေခဲ့၏။