Site uses cookies to provide basic functionality.

OK
EXODUS
Prev Up Next Toggle notes
Chapter 23
Exod BurJudso 23:1  သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို မခံရ။
Exod BurJudso 23:2  လူများနောက်သို့ လိုက်၍ မတရားသဖြင့် မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ။
Exod BurJudso 23:3  ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။
Exod BurJudso 23:4  သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။
Exod BurJudso 23:5  သင့်ကို မုန်းသော သူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။
Exod BurJudso 23:6  သင်၌ ဆင်းရဲသော သူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။
Exod BurJudso 23:7  မဟုတ်မမှန်သော အမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည် မတရားသော သူကို အပြစ်မလွှတ်။
Exod BurJudso 23:8  သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကို ကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏ စကားကို လွဲစေတတ်၏။
Exod BurJudso 23:9  တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ ဘူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။
Exod BurJudso 23:10  ခြောက်နှစ်ပတ်လုံး လယ်လုပ်၍ အသီးကို သိမ်းရမည်။
Exod BurJudso 23:11  သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့် ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။
Exod BurJudso 23:12  ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား မြည်းတို့သည် ငြိမ်ဝပ်စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရ ကြလိမ့်မည်။
Exod BurJudso 23:13  ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏ နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့်။
Exod BurJudso 23:14  တနှစ်တွင် သုံးကြိမ် ငါ့အဘို့ ပွဲခံရမည်။ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလချိန်းချက်သော နေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက် ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။
Exod BurJudso 23:15  ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သော နေ့ရက်အချိန၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သော မုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
Exod BurJudso 23:16  လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည်ကာလ၊ သိမ်းပွဲကို၎င်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်း ခံရမည်။
Exod BurJudso 23:17  သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ မျက်နှာပြရကြမည်။
Exod BurJudso 23:18  ငါ့ယဇ်ကောင်၏ အသွေးကို၊ တဆေးပါသောမုန့်နှင့် ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင် ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။
Exod BurJudso 23:19  သင်၏မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
Exod BurJudso 23:20  ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကို စောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။
Exod BurJudso 23:21  ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည် မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။
Exod BurJudso 23:22  အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။
Exod BurJudso 23:23  ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။
Exod BurJudso 23:24  သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင် မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။
Exod BurJudso 23:25  သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေး တော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။
Exod BurJudso 23:26  သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သော သတ္တဝါ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။
Exod BurJudso 23:27  ငါ့ကိုကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ လှည့်စေမည်။
Exod BurJudso 23:28  ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။
Exod BurJudso 23:29  ထိုလူများကို တနှစ်ခြင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည် သင့်တဘက်၌ များပြားလိမ့်မည်။
Exod BurJudso 23:30  သင်သည် တိုးပွား၍ တပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင် ထုတ်မည်။
Exod BurJudso 23:31  သင့်နေရာ နယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်၎င်း၊ တောမှသည် မြစ်တိုင်အောင်၎င်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့် မည်။
Exod BurJudso 23:32  သူတို့နှင့်၎င်း၊ သူတို့ဘုရားများနှင့်၎င်း၊ သင်သည် မိဿဟာယမဖွဲ့ရ။
Exod BurJudso 23:33  သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌ မနေရကြ။ သင်သည် သူတို့ဘုရားကို ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။