Site uses cookies to provide basic functionality.

OK
REVELATION OF JOHN
Prev Up Next Toggle notes
Chapter 1
Reve BurCBCM 1:1  ဤသည်ကား ယေဇူးခရစ်တော်၏ ဗျာဒိတ်တော်ပေတည်း။ ကိုယ်တော်သည် မိမိ၏အစေခံတို့အား မကြာမီဖြစ်လတ္တံ့သော အရာများကို ပြသနိုင်ရန် ဘုရားသခင်သည် ထိုဗျာဒိတ်တော်ကို ကိုယ်တော်အား ပေးအပ်တော်မူလေ၏။ ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တော်ကို မိမိ၏အစေခံ ယောဟန်ထံသို့ စေလွှတ်တော်မူခြင်းဖြင့် ထိုဗျာဒိတ်တော်ကို ကြားသိစေခဲ့၏။-
Reve BurCBCM 1:2  ယောဟန်သည်ကား ဘုရားသခင်၏နှုတ်တော်ထွက်စကားနှင့် ယေဇူးခရစ်တော်၏အကြောင်းကို သူ မြင်တွေ့ခဲ့ရသော လူအပေါင်းတို့အား သက်သေခံခဲ့သော သူပင်ဖြစ်၏။
Reve BurCBCM 1:3  ဤဟောထားချက်များကို အများကြားအောင် ဖတ် သောသူသည် မင်္ဂလာရှိ၏။ ဤကျမ်းတွင် ရေးထားသော အရာတို့ကို ကြားနာပြီး ကျင့်ကြံသောသူသည်လည်း မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုဗျာဒိတ်တော်များပြည့်စုံရန် အချိန်သည် နီးကပ်လာ လေပြီ။
Reve BurCBCM 1:4  ငါယောဟန်သည် အာရှပြည်တွင်ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာ ခြင်းသည် ပစ္စုပ္ပန်၊ အတိတ်နှင့် အနာဂတ်ကာလတို့၌ အစဉ်တည်နေတော်မူသော အရှင်ထံမှ လည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ခစားလျက်ရှိသော ကောင်းကင်တမန်တော်ခုနစ်ပါးမှလည်းကောင်း၊-
Reve BurCBCM 1:5  ကမ္ဘာပေါ် ရှိဘုရင်တို့၏ ဘုရင်ဖြစ်ပြီး သေခြင်းမှထမြောက်သော သူတို့တွင် သားဦးဖြစ်၍ သစ္စာရှိသောသက်သေခံ ဖြစ်တော်မူသည့် ယေဇူးခရစ်တော်ထံတော်မှလည်းကောင်း ထွက်ပေါ်လာ၍ သင်တို့အပေါ်သို့ သက်ရောက်ပါစေ။ ငါတို့ကို ချစ်တော်မူ၍ မိမိ၏အသွေးတော်နှင့် ငါတို့ကို အပြစ်များမှ ဖြေလွှတ်ပြီး၊-
Reve BurCBCM 1:6  ငါတို့အတွက် နိုင်ငံတော်တည်ထောင်ကာ မိမိခမည်းတော်ဘုရား၏ အမှုတော်ကိုဆောင်ရွက်ရန် ငါတို့ကို ရဟန်းအမျိုးအနွယ် ဖြစ်စေသော ကိုယ်တော်အား ကာလအဆက်ဆက် ဘုန်းဂုဏ်တော်နှင့် တန်ခိုးအာဏာတော်ရှိပါစေသော်။ အာမင်။
Reve BurCBCM 1:7  ကြည့်လော့၊ ကိုယ်တော်သည် မိုးတိမ်များနှင့်အတူ ကြွလာတော်မူလေပြီ။ ကိုယ်တော့်ကို ထိခိုက်နာကျင်စေသော သူများအပါအဝင် လူတိုင်းသည် ကိုယ်တော့်ကို ဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်လည်း ကိုယ်တော့် အတွက်ကြောင့် ငိုကြွေးကြလိမ့်မည်။ ထိုကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။ အာမင်။
Reve BurCBCM 1:8  ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလတို့တွင် အစဉ်တည်နေတော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်သည့် ထာ၀ရအရှင် ဘုရားသခင်က ငါသည် အာလ်ဖါနှင့် အိုမီဂါဖြစ်သည်ဟု မိန့်တော်မူ၏။
Reve BurCBCM 1:9  ယေဇူးသခင်၌ သင်တို့နှင့်အတူ ဒုက္ခအခက်အခဲကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံခြင်း ကိုလည်းကောင်း မျှဝေခံစားသော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ယေဇူးသခင်ကို သက်သေခံ၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောသောအမှုကြောင့် ပတ္တမော့ကျွန်းတွင်နေခဲ့ရ၏။-
Reve BurCBCM 1:10  ငါသည် သခင်ဘုရား၏နေ့တော်၌ ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လျက်ရှိစဉ် ငါ၏နောက်မှ တံပိုးခရာမှုတ်သံကဲ့သို့ ကျယ်သောအသံကို ကြားလိုက်ရ၏။-
Reve BurCBCM 1:11  ထိုအသံက သင်မြင်သမျှကို စာအုပ်တွင်ရေး၍ အသင်းတော်ခုနစ်ခုဖြစ်သော ဧဖက်ဆု၊ စမီနာ၊ ပေဂါမော့၊ သီယတိရ၊ ဆာဒစ်၊ ဖီလာ ဒေးဖိယနှင့် လာအိုဒိစိယတို့ထံသို့ ပေးပို့လော့ဟုဆို၏။
Reve BurCBCM 1:12  ထိုအခါ ငါ့ကိုပြောဆိုနေသောအသံလာရာသို့ ငါလှည့်၍ကြည့်၏။ ထိုသို့လှည့်ကြည့်လိုက်စဉ်တွင် ရွှေမီးခွက်တင်ခုံ ခုနစ်ခုကို ငါမြင်ရ၏။-
Reve BurCBCM 1:13  ထိုမီးခွက်တင်ခုံများအလယ်တွင် အဝတ်ရှည်ကိုဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ရွှေစလွယ်သိုင်းထားသော လူသားနှင့် တူသည့်သူ တစ်ဦးရှိလေ၏။-
Reve BurCBCM 1:14  သူ၏ဦးခေါင်းနှင့် ဆံပင်တို့သည် အဖြူရောင်သိုးမွေးကဲ့သို့လည်းကောင်း၊ နှင်းပွင့်ကဲ့သို့လည်းကောင်း ဆွတ်ဆွတ်ဖြူ၍ သူ၏မျက်စိတို့သည် မီးတောက်ကဲ့သို့ဖြစ်၏။-
Reve BurCBCM 1:15  သူ၏ခြေများသည်လည်း မီးပြင်းဖိုတွင် သန့်စင်ထားသောကြေးများကဲ့သို့ တောက်ပပြီး သူ၏အသံသည် ရေများစီးဆင်း နေသော အသံကဲ့သို့ဖြစ်၏။-
Reve BurCBCM 1:16  သူသည် သူ၏လက်ယာလက်၌ ကြယ်ခုနစ်လုံးကိုဆုပ်ကိုင်ထားပြီး သူ၏ခံတွင်းမှထက်သော သန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည်ကား အစွမ်းကုန်တောက်ပနေသော နေမင်းကဲ့သို့ဖြစ်၏။
Reve BurCBCM 1:17  ထိုသူ့ကို ငါတွေ့မြင်ရသောအခါ ငါသည် သေဆုံးသကဲ့သို့ သူ၏ခြေရင်း၌လဲကျသွား၏။ သို့သော် သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကို တင်ထားလျက် ဆိုသည်မှာ မကြောက်နှင့်၊ ငါသည် အစနှင့်အဆုံးဖြစ်၏။-
Reve BurCBCM 1:18  ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ကြည့်လော့၊ ငါသည် အစဉ်ထာ၀ရ အသက်ရှင်လျက် ရှိလေပြီ။ ငါ့၌ သေခြင်းနှင့် မရဏနိုင်ငံ၏သော့များရှိ၏။-
Reve BurCBCM 1:19  သင်မြင်ရသောအရာများ၊ ပစ္စုပ္ပန်တွင် ဖြစ်ပျက်နေသောအရာများနှင့် နောင်အနာဂတ်တွင် ဖြစ်ပျက်လတ္တံ့သော အကြောင်းအရာများကို ယခုရေးမှတ်လော့။-
Reve BurCBCM 1:20  ငါ၏လက် ယာဘက်တွင် သင်တွေ့မြင်ရသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်တင်ခုံခုနစ်ခုတို့၏ နက်နဲသည့်အဓိပ္ပာယ်နှင့် ပတ်သက်၍ဆိုရလျှင် ကြယ်ခုနစ်လုံးမှာ အသင်းတော်ခုနစ်ပါး၏ တမန်တော်များဖြစ်ကြပြီး မီးခွက်တင်ခုံခုနစ်ခုကား အသင်းတော်ခုနစ်ပါးပင်ဖြစ်၏။