Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 7
Roma BurCBCM 7:1  ညီအစ်ကိုတို့၊ ငါသည် ပညတ်တရားကို သိနားလည်သောသူတို့အား ပြောဆိုနေခြင်းဖြစ်၏။ ပညတ်တရားသည် လူတစ်ဦးကို သူအသက်ရှင်သော ကာလအတွင်း၌သာ ထိန်းချုပ်နိုင်သည်ကို သင်တို့မသိကြသလော။-
Roma BurCBCM 7:2  ဥပမာပေးရသော် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် မိမိ၏ခင်ပွန်း အသက်ရှင်စဉ်အချိန်၌ ထိုသူနှင့် ပညတ်တရား အားဖြင့် ချည်နှောင်လျက်ရှိ၏။ သို့သော် သူမ၏ခင်ပွန်းသေဆုံးလျှင် သူမသည် ခင်ပွန်းနှင့်သက်ဆိုင်သော ဥပဒေမှ ကင်းလွတ်လေ၏။-
Roma BurCBCM 7:3  ထို့အတူပင် သူမသည် မိမိခင်ပွန်း အသက်ရှင်လျက်ရှိစဉ် အခြားသူတစ်ဦးနှင့် ပေါင်းသင်းလျှင် အိမ်ထောင်ရေးဖောက်ပြန်သူ ဟု အခေါ်ခံရမည်ဖြစ်၏။ သို့သော် သူမ၏ခင်ပွန်းသေဆုံးပါက သူမသည် ထိုဥပဒေမှ ကင်းလွတ်လေ၏။ ထိုစဉ် သူမသည် အခြားသောယောက်ျားတစ်ယောက်နှင့် ပေါင်းသင်းလျှင် အိမ်ထောင်ရေးဖောက်ပြန်သူ ဖြစ်မည်မဟုတ်ပေ။
Roma BurCBCM 7:4  ထိုနည်းတူ ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်၏ ခန္ဓာကိုယ်အားဖြင့် ပညတ်တရား၌ သေဆုံးခဲ့ကြလေပြီ။ ယခုသင်တို့သည် အခြားသူတည်းဟူသော သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသည့် ခရစ်တော်နှင့်သက်ဆိုင်သူများ ဖြစ်ကြသောကြောင့် ဘုရားသခင်အတွက် အကျိုးဖြစ်ထွန်းစေသော သူများဖြစ်ကြ၏။-
Roma BurCBCM 7:5  ငါတို့သည် အသွေးအသား အလိုသဘောကိုလိုက်၍ အသက်ရှင်ခဲ့စဉ်က ပညတ်တရား၏ လှုံ့ဆော်ချက်ကြောင့် ဖြစ်ပေါ်လာသည့် အပြစ်ကျူးလွန်လိုသော စိတ်ဆန္ဒသည် သေခြင်းတရားအတွက် အကျိုးဖြစ်ထွန်းစေရန် ငါတို့၏ကိုယ်အင်္ဂါ များ၌ ထကြွလှုပ်ရှားခဲ့၏။-
Roma BurCBCM 7:6  သို့သော် ယခုအခါတွင် ငါတို့သည် ငါတို့အား ချုပ်နှောင်ထားခဲ့သော ပညတ်တရား၌ သေဆုံးခဲ့ကြသည်ဖြစ်၍ ထိုပညတ်တရားမှ ကင်းလွတ်ခဲ့ကြပြီ။ ထို့ကြောင့် ငါတို့သည် ရေးထားသော ဥပဒေဟောင်းကို အစေမခံကြဘဲ ဝိညာဉ်တော်၏ အသက်သစ်၌ အစေခံကြမည်ဖြစ်၏။
Roma BurCBCM 7:7  သို့ဖြစ်လျှင် ငါတို့မည်သို့ဆိုရပါမည်နည်း။ ပညတ်တရားသည် အပြစ်ဖြစ်သလော။ မဟုတ်ပေ။ သို့ရာတွင် ပညတ်တရားသာ မရှိခဲ့ပါလျှင် ငါသည်အပြစ်ကို သိခဲ့လိမ့်မည်မဟုတ်။ လောဘလွန်ကြူးခြင်း မရှိစေနှင့်ဟု ပညတ်တရားက မိန့်ဆိုခြင်း မပြုခဲ့ပါလျှင် လောဘလွန်ကြူးခြင်းအကြောင်းကို ငါသိခဲ့လိမ့်မည်မဟုတ်။-
Roma BurCBCM 7:8  သို့သော်လည်း အပြစ်သည် ပညတ်တရားကို အခွင့်ကောင်းယူလျက် ငါ၌အမျိုးမျိုးသော လောဘကိုဖြစ်ပေါ်စေ၏။ ပညတ်တရား မရှိလျှင် အပြစ်ဟူ၍ မရှိပေ။-
Roma BurCBCM 7:9  ငါသည် တစ်ချိန်က ပညတ်တရားနှင့်ကင်းလျက် အသက်ရှင်ခဲ့ဖူး၏။ သို့သော်လည်း ပညတ်တရားကို ငါသိရှိပြီး သည့်နောက်တွင် အပြစ်သည် ပြန်လည်ရှင်သန်လာခဲ့၍ ငါသည်လည်း သေခဲ့၏။-
Roma BurCBCM 7:10  ငါ့အား အသက်ပေးမည်ဟူ၍ ကတိပေးထားသော ပညတ်တရားသည်ပင်လျှင် သေခြင်းကိုသာ ဆောင်ယူခဲ့သည်ကို ငါတွေ့ခဲ့ရ၏။-
Roma BurCBCM 7:11  အကြောင်းမူကား အပြစ်သည် ပညတ်တရားကို အခွင့်ကောင်းယူကာ ငါ့ကိုလှည့်ဖြား၍ ထိုပညတ်တရားအားဖြင့် ငါ့ကိုသတ်လေ၏။-
Roma BurCBCM 7:12  ထို့ကြောင့် ပညတ်တရားသည် သန့်ရှင်းမြင့်မြတ်၏။ ပညတ်တော်သည်လည်း သန့်ရှင်းခြင်း၊ တရားမျှတခြင်း၊ ကောင်းမြတ် ခြင်းတို့နှင့်ပြည့်စုံလေ၏။
Roma BurCBCM 7:13  သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ့ကိုသေစေနိုင်သလော။ မသေစေနိုင်ရာ။ ငါ့ကိုသေစေသောအရာမှာ အပြစ်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်းကို ပေါ်လွင်ထင်ရှားစေခြင်းငှာ ကောင်းမြတ်သောအရာကို အသုံးပြုခဲ့ခြင်းသာ ဖြစ်၏။ ဤသို့ဖြင့် အပြစ်သည် အတိုင်းအဆမဲ့ ဆိုးဝါးလှကြောင်းကို ပညတ်တော်အားဖြင့် ဖော်ပြခြင်းဖြစ်၏။
Roma BurCBCM 7:14  ပညတ်တရားသည် ဝိညာဉ်နှင့်စပ်ဆိုင်ကြောင်းကို ငါတို့သိကြ၏။ သို့သော် ငါသည် သွေးသားအလိုဆန္ဒ၌ရှိ၍ အပြစ်၏ကျေးကျွန်လည်းဖြစ်၏။-
Roma BurCBCM 7:15  ငါကိုယ်တိုင်ပြုမူသော အကျင့်တို့ကိုပင် ငါနားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ငါပြုလုပ်လိုသည့်အတိုင်း မပြုကျင့်ဘဲ ငါရွံရှာမုန်းတီးသော အမှုကိုသာ ပြုကျင့်၏။-
Roma BurCBCM 7:16  ငါသည် ငါမပြုကျင့်လိုသောအမှုကိုပြုကျင့်လျှင် ပညတ်တရားသည် ကောင်းမြတ်ကြောင်းကိုဝန်ခံ၏။-
Roma BurCBCM 7:17  သို့သော် မကောင်းသောအကျင့်ကို ပြုကျင့်သောသူသည် ငါမဟုတ်။ ငါ၏စိတ်နှလုံးအတွင်း၌ ကိန်းအောင်းနေသော အပြစ်ပင်ဖြစ်၏။-
Roma BurCBCM 7:18  အကြောင်းမူကား ငါ၏သွေးသားဇာတိထဲ၌ ကောင်းသော အရာတစ်စုံတစ်ခုမျှ မတည်ရှိကြောင်း ငါသိ၏။ ငါ၌ ကောင်းသောအကျင့်ကို ပြုကျင့်လိုသောစိတ်ရှိသော်လည်း ငါသည်ယင်းကို မပြုကျင့်နိုင်ချေ။-
Roma BurCBCM 7:19  ငါသည် ငါအလိုရှိသော ကောင်းမှုကို မပြုကျင့်ဘဲလျက် ငါအလိုမရှိသော မကောင်းမှုကိုသာ ပြုကျင့်၏။-
Roma BurCBCM 7:20  ထိုကဲ့သို့ ငါသည် မပြုကျင့်လိုသော အမှုကိုကျင့်လျှင် ထိုသို့ပြုလုပ်သူမှာ ငါမဟုတ်ဘဲ ငါ၏စိတ်နှလုံးအတွင်း၌ ကိန်းအောင်းနေသော အပြစ်သာဖြစ်၏။
Roma BurCBCM 7:21  သို့ဖြစ်၍ ငါသည် နိယာမတစ်ခုကိုတွေ့၏။ ယင်းနိယာမကား ငါသည် ကောင်းသောအကျင့်ကို ပြုကျင့်လိုသောအခါတွင် မကောင်းမှုသည် ငါနှင့်အနီးကပ်ဆုံးနေရာ၌ တည်ရှိနေသည်ဆိုသည့် အချက်ပင်ဖြစ်၏။-
Roma BurCBCM 7:22  ငါသည် စိတ်နှလုံးထဲတွင် ဘုရားသခင်၏ ပညတ်တရားတော်၌ နှစ်သိမ့်ကျေနပ်ခြင်းရှိ၏။-
Roma BurCBCM 7:23  သို့သော် ငါ၏ကိုယ်အင်္ဂါများ၌မူကား အခြားသောပညတ်ကို ငါတွေ့ရ၏။ ၎င်းသည် ငါ၏စိတ်ဝိညာဉ်ထဲမှ ပညတ်တရားကို ပြိုင်ဆိုင်တိုက်ခိုက်လျက်ရှိပြီး ငါ့အား ငါ့ကိုယ်ခန္ဓာအတွင်း၌ရှိသော အပြစ်တရား၏ အကျဉ်းသားဖြစ်စေ၏။-
Roma BurCBCM 7:24  ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသော သူတစ်ဦးဖြစ်ပေ၏။ မည်သူသည် ငါ့ကိုဤသေခြင်း၏ ကိုယ်ခန္ဓာမှ ကယ်တင်မည်နည်း။-
Roma BurCBCM 7:25  ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ထို့ကြောင့် ငါသည်စိတ်ဖြင့် ဘုရားသခင်၏ တရားတော်ကို အစေခံသော်လည်း သွေးသားအလိုအားဖြင့်မူ အပြစ်၏ဥပဒေကို အစေခံလျက်ရှိ၏။