Site uses cookies to provide basic functionality.

OK
ROMANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 8
Roma BurCBCM 8:1  ထို့ကြောင့် ယခုအခါတွင် ယေဇူးခရစ်တော်၌ ရှိသောသူတို့အတွက် အပြစ်ဒဏ်စီရင်ခြင်းမရှိချေ။-
Roma BurCBCM 8:2  အကြောင်းမူကား ယေဇူးခရစ်တော်၌ရှိနေသော အသက်ပေးသည့်ဝိညာဉ်တော်၏ ပညတ်တရားသည် ငါ့ကိုအပြစ်နှင့် သေခြင်း၏ လက်အောက်မှ လွတ်မြောက်စေခဲ့သောကြောင့်ဖြစ်၏။-
Roma BurCBCM 8:3  အကြောင်းမူကား ဘုရားသခင်သည် လူ့သွေးသားအလို၏ အားနည်းမှုကြောင့် ပညတ်တရားက မတတ်နိုင်သောအရာကို လုပ်ဆောင်ပေးတော်မူ၏။ ထိုအရာကား ကိုယ်တော်သည် အပြစ်ကို စီရင်ရန် မိမိသားတော်ကို အပြစ်ရှိသောသွေးသား၏ပုံပန်း သဏ္ဌာန်ဖြင့် စေလွှတ်တော်မူ၍ လူ့သွေးသားအတွင်း၌ ရှိနေသောအပြစ်မကောင်းမှုကို ဒဏ်ခတ်ဖျက်ဆီးတော် မူခြင်းပင်ဖြစ်၏။-
Roma BurCBCM 8:4  ဤသို့ဖြင့် လူ့သွေးသားအလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏အလိုတော်အတိုင်း ကျင့်ကြံလျှောက်လှမ်းကြသော ငါတို့၌ ပညတ်တရား၏ မျှတသောပြဋ္ဌာန်းချက်များ ပြည့်စုံလာစေရန်ဖြစ်၏။-
Roma BurCBCM 8:5  သွေးသားအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားနှင့်ဆိုင်သော အရာတို့ကို စိတ်စွဲလမ်းခြင်းရှိကြ၏။ သို့သော် ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သော သူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သော အရာများကို စိတ်စွဲလမ်းခြင်းရှိကြ၏။-
Roma BurCBCM 8:6  သွေးသားအလိုကို စိတ်စွဲလမ်းခြင်းသည် သေခြင်းတရားဖြစ်၏။ ဝိညာဉ်တော်ကို စိတ်စွဲလမ်းခြင်းသည်ကား အသက်ရှင်ခြင်းနှင့် ငြိမ်းချမ်းခြင်းဖြစ်၏။-
Roma BurCBCM 8:7  အကြောင်းမူကား သွေးသားအလိုကို စွဲလမ်းသောစိတ်သည် ဘုရားသခင်ကို ဆန့်ကျင်၏။ ယင်းသည် ဘုရားသခင်၏ တရားတော်ကို လိုက်နာခြင်းမရှိ။ အမှန်တကယ်လည်း မလိုက်နိုင်။-
Roma BurCBCM 8:8  မိမိတို့၏သွေးသားအလို၌ အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို ကျေနပ်နှစ်သက်စေနိုင်မည်မဟုတ်ချေ။
Roma BurCBCM 8:9  သို့ရာတွင် သင်တို့သည် သွေးသားအလိုဘက်၌ရှိ ကြသည်မဟုတ်။ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့၌ အမှန်ပင် ကိန်းဝပ်တော်မူပါလျှင် သင်တို့သည် ဝိညာဉ်တော်ဘက်၌ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်တော်ကို မပိုင်ဆိုင်သောသူသည် ခရစ်တော်နှင့်မသက်ဆိုင်။-
Roma BurCBCM 8:10  သို့ရာတွင် ခရစ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူလျှင် သင်တို့၏ကိုယ်ခန္ဓာသည် အပြစ်ကြောင့်သေသော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။-
Roma BurCBCM 8:11  ထို့ပြင် ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေသော အရှင်၏ဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူလျှင် ယေဇူးခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေသော ကိုယ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသော မိမိ၏ ဝိညာဉ်တော်အားဖြင့် သင်တို့၏ သေနိုင်သော ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။
Roma BurCBCM 8:12  သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် သွေးသားအလိုအတိုင်း အသက်ရှင်ခြင်းငှာ သွေးသားသဘာ၀ကို လိုက်လျောရန် ဝတ္တရားမရှိပေ။-
Roma BurCBCM 8:13  အကြောင်းမူကား သင်တို့သည် လူ့သွေးသားအလိုသို့လိုက်၍ ပြုမူကျင့်ကြံလျှင် သေကြရလိမ့်မည်။ သို့သော် ကိုယ်ကာယ၏ တပ်မက်ခြင်းတို့ကို ဝိညာဉ်တော်အားဖြင့် ချုပ်ငြိမ်းစေကြလျှင်မူ သင်တို့သည် အသက်ရှင်ကြလိမ့်မည်။-
Roma BurCBCM 8:14  အကြောင်းမူကား ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လမ်းပြဦးဆောင်ခြင်းခံရသော သူတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။-
Roma BurCBCM 8:15  အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့စိတ်ပြန်လည်ဖြစ်ပေါ်လာစေရန် ဘုရားသခင်ထံတော်မှ ကျွန်စိတ်ဓာတ်ကို ရရှိခဲ့ကြသည်မဟုတ်ပေ။ သင်တို့သည် သားသမီးစိတ်ဓာတ်ကို ရရှိခဲ့ကြခြင်းသာဖြစ်၏။ အဗ္ဗ၊ အဖဟု သင်တို့ ကြွေးကြော်ကြသောအခါ၊-
Roma BurCBCM 8:16  ငါတို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင်ကပင် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူခြင်းဖြစ်၏။-
Roma BurCBCM 8:17  ငါတို့သည် သားသမီးများဖြစ်ကြလျှင် အမွေစားအမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏ အမွေခံ သားသမီးများဖြစ်ကြသဖြင့် ခရစ်တော်နှင့်အတူ အမွေတော်ကို ခွဲဝေခံစားကြရမည်ဖြစ်၏။ သို့သော် ငါတို့သည် ခရစ်တော်နှင့် အတူ ဆင်းရဲဒုက္ခခံကြမှသာလျှင် ထိုသခင်နှင့်အတူ ဘုန်းစည်းစိမ်တော်ကိုလည်း စံစားကြရမည်ဖြစ်၏။
Roma BurCBCM 8:18  ယခုမျက်မှောက်ကာလ၌ ငါတို့ခံကြရသော ဒုက္ခဆင်းရဲတို့သည် ငါတို့၌ ထင်ရှားလာမည့် ဘုန်းဂုဏ်တော်နှင့် နှိုင်းယှဉ်၍မရနိုင်ဟု ငါမှတ်ယူ၏။-
Roma BurCBCM 8:19  အကြောင်းမူကား ဖန်ဆင်းခံလောကတစ်ခုလုံးသည် ဘုရားသခင်၏သားသမီးများ ပေါ်လွင်ထင်ရှားလာခြင်းကို စိတ်အားထက်သန်စွာ တောင့်တစောင့်မျှော်လျက်ရှိ၏။-
Roma BurCBCM 8:20  ဖန်ဆင်းခံလောကသည် အချည်းနှီးဖြစ်ရန် စီရင်ခြင်းခံခဲ့ရ၏။ ထိုသို့ ဖြစ်ရခြင်းမှာ ကမ္ဘာလောက၏ အလိုကြောင့်မဟုတ်ဘဲ ၎င်းအား မျှော်လင့်ခြင်း၌ တည်ရှိစေရန် စီရင်တော်မူသော အရှင်၏အလိုတော်ကြောင့်သာဖြစ်၏။-
Roma BurCBCM 8:21  အကြောင်းမူကား ဖန်ဆင်းခံကမ္ဘာလောကသည် ယိုယွင်းပျက်စီးမည့် အဖြစ်မှလွတ်ကင်း၍ ဘုရားသခင်သားသမီးတို့၏ ဘုန်းဂုဏ်တော်ကို ခံစားခွင့်ရရှိမည်ဖြစ်သောကြောင့်တည်း။-
Roma BurCBCM 8:22  ဖန်ဆင်းခံ ကမ္ဘာလောကတစ်ခုလုံးသည် ယခုအချိန်တိုင်အောင် သားဖွားခြင်းဝေဒနာကို ပြင်းထန်စွာ ခံစားလျက် ညည်းတွားနေကြောင်းကို ငါတို့သိရှိကြ၏။-
Roma BurCBCM 8:23  ဖန်ဆင်းခံ ကမ္ဘာလောကသာမက ဝိညာဉ်တော်၏ကျေးဇူးတော်ကို ပထမဦးစွာ ခံစားခဲ့ကြသော ငါတို့သည်လည်း ဘုရား သခင်၏ သားသမီးဖြစ်ရခြင်းတည်းဟူသော ငါတို့၏ ကိုယ်ခန္ဓာများ ကယ်တင်ခြင်းခံရမည်ကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။-
Roma BurCBCM 8:24  အကြောင်းမူကား ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံကြရ၏။ ယခုမြင်တွေ့ရသော မျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်ပေ။ မည်သူသည် မိမိမြင်ရသောအရာကို မျှော်လင့်မည်နည်း။-
Roma BurCBCM 8:25  သို့သော် ငါတို့သည် ငါတို့မမြင်ရသောအရာကို မျှော်လင့်လျှင်မူကား စိတ်ရှည်သည်းခံခြင်းဖြင့် ထိုအရာကို စောင့်ငံ့မျှော်လင့်တတ်ကြ၏။
Roma BurCBCM 8:26  ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းချက်ကို ကူညီစောင်မတော်မူ၏။ အကြောင်းမူကား ငါတို့သည် မည်ကဲ့သို့ ဆုတောင်းသင့်သည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်သည် စကားလုံးဖြင့်မဖော်ပြနိုင်သော ညည်းတွားသံဖြင့် ငါတို့အတွက် ဘုရားသခင်ထံတော်သို့ ကိုယ်တော်တိုင် အသနားခံပေးတော်မူ၏။-
Roma BurCBCM 8:27  လူတို့၏စိတ်နှလုံးများကို စစ်ကြောသိမြင်တော်မူသော သခင်သည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ သန့်ရှင်းသောသူတို့အဖို့ အသနားခံတော်မူသော ကြောင့်ဖြစ်၏။
Roma BurCBCM 8:28  ဘုရားသခင်သည် မိမိကိုချစ်၍ မိမိ၏ရည်ရွယ်ချက်အတိုင်း ခေါ်ယူထားသော သူတို့နှင့်အတူ အားလုံးသောအရာတို့၌ ကောင်းကျိုးဖြစ်ပေါ်စေရန် လုပ်ဆောင်တော်မူသည်ကို ငါတို့သိကြ၏။-
Roma BurCBCM 8:29  ကိုယ်တော်သည် မိမိကြိုတင်သိရှိထားတော်မူသောသူတို့အား မိမိသားတော်၏ ပုံသဏ္ဌာန်တော်နှင့်တူနိုင်ရန် အစဦးကပင် သတ်မှတ်ထားတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်၏သားတော်သည် များစွာသော ညီအစ်ကိုမောင်နှမတို့တွင် သားဦးဖြစ်လာ စေမည့်အကြောင်းတည်း။-
Roma BurCBCM 8:30  ကိုယ်တော်သည် အစဦးကပင် မိမိသတ်မှတ်ထားသော သူတို့ကို ခေါ်တော်မူ၍ မိမိခေါ်သောသူတို့ကိုလည်း ဖြောင့်မတ် စေတော်မူပြီးလျှင် မိမိဖြောင့်မတ်စေသော သူတို့ကို ဘုန်းဂုဏ်တော်သို့ မြှောက်စားတော်မူ၏။
Roma BurCBCM 8:31  သို့ဖြစ်လျှင် ဤအရာကို ငါတို့မည်သို့ဆိုရအံ့နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်မည်နည်း။-
Roma BurCBCM 8:32  မိမိ၏သားတော်ရင်းကိုပင် နှမြောတွန့်တိုခြင်းမရှိဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသော ကိုယ်တော်သည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အား မပေးဘဲနေတော်မူမည်လော။-
Roma BurCBCM 8:33  မည်သူသည် ဘုရားသခင် ရွေးချယ်ထားတော်မူသော သူတို့ကို စွပ်စွဲအပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာသို့ ရောက်စေသောသူကား ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်တော်မူ၏။-
Roma BurCBCM 8:34  မည်သူသည် အပြစ်စီရင်မည်နည်း။ အပြစ်စီရင်မည့်သူကား အသေခံတော်မူသည်သာမက သေခြင်းမှရှင်ပြန်ထမြောက်ပြီး ဘုရားသခင်၏လက်ယာတော်တွင် ထိုင်နေတော်မူသော ယေဇူးခရစ်တော်ပင်ဖြစ်၏။ ထိုအရှင်သည် ငါတို့အတွက် အမှန်ပင် ကြားဝင်ဆုတောင်းပေးလေ၏။-
Roma BurCBCM 8:35  မည်သူသည် ငါတို့ကို ခရစ်တော်၏မေတ္တာတော်နှင့် ကင်းကွာစေနိုင်မည်နည်း။ ဒုက္ခအခက်အခဲများ၊ ဆင်းရဲနွမ်းပါးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ အစာခေါင်းပါးခြင်း၊ အဝတ်အစားကင်းမဲ့ခြင်း၊ ဘေးအန္တရာယ်နှင့်ကြုံတွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း စသည်တို့သည် ငါတို့ကို ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကွဲကွာစေမည်လော။-
Roma BurCBCM 8:36  အကျွန်ုပ်တို့သည် ကိုယ်တော့်အတွက်ကြောင့် တစ်နေ့လုံးသတ်ဖြတ်ခြင်းကို ခံနေကြရပါ၏၊ သတ်ရန် ရည်ရွယ်ထားသော သိုးများကဲ့သို့ အကျွန်ုပ်တို့ကို သတ်မှတ်ထားကြပါ၏ဟူ၍ ရေးသားထားသော ကျမ်းစကားအတိုင်းပင် ဖြစ်မည်လော။-
Roma BurCBCM 8:37  မဖြစ်နိုင်ပေ။ ငါတို့ကို ချစ်တော်မူသော ကိုယ်တော်အားဖြင့် ငါတို့သည် ထိုအမှုခပ်သိမ်းတို့ ကျရောက်စဉ်၌ပင် အောင်နိုင်သူများဖြစ်ကြ၏။-
Roma BurCBCM 8:38  အကြောင်းမူကား သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ကောင်းကင်တမန်တော်ကဖြစ်စေ၊ အုပ်စိုးသူများကဖြစ်စေ၊ ပစ္စုပ္ပန်ကာလ၌ ရှိသောအရာများက ဖြစ်စေ၊ အနာဂတ်ကာလ၌ ရှိလာမည့်အရာများက ဖြစ်စေ၊ အာဏာတန်ခိုးဖြင့်ဖြစ်စေ၊-
Roma BurCBCM 8:39  အထက်အရပ်မှဖြစ်စေ၊ အောက်အရပ်မှဖြစ်စေ၊ ဖန်ဆင်းထားသော အရာအားလုံးထဲမှ မည်သည့်အရာကပင်ဖြစ်စေ ငါတို့ကို ငါတို့၏သခင် ယေဇူးခရစ်တော်၌တည်ရှိသော ဘုရားသခင်၏မေတ္တာတော်မှ မကွဲကွာစေနိုင်ဟု ငါစွဲမြဲစွာ ခံယူသော ကြောင့်တည်း။