Site uses cookies to provide basic functionality.

OK
I SAMUEL
Prev Up Next Toggle notes
Chapter 20
I Sa BurJudso 20:1  ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကို ရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟု မေးသော်၊
I Sa BurJudso 20:2  ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အား မပြောဘဲ အမှုအကြီးအငယ် တစုံတခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှါ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။
I Sa BurJudso 20:3  ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင်၏ အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတလှမ်းသာ ရှိပါသည်ဟု အကျိန်နှင့် ဆို၏။
I Sa BurJudso 20:4  ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင်၊
I Sa BurJudso 20:5  ဒါဝိဒ်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ်သွား၍ သုံးရက်နေ့ ညဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။
I Sa BurJudso 20:6  သင်၏ အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲ ခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟု လျှောက်ပါ။
I Sa BurJudso 20:7  အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။
I Sa BurJudso 20:8  ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌ အပြစ်ရှိလျှင် ကိုယ်တော်တိုင် သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။
I Sa BurJudso 20:9  ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ ဘေးပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အား မပြောဘဲနေလိမ့်မည်လောဟု ဆို၏။
I Sa BurJudso 20:10  ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာ ပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု မေးသော်၊
I Sa BurJudso 20:11  ယောနသန်က၊ ငါတို့သည် တောသို့ သွားကြကုန်အံ့ဟု ဒါဝိဒ်အား ဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။
I Sa BurJudso 20:12  ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကို စုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသော အကြံရှိ၍ သင့်ကို ကျွန်ုပ်မကြားလိုက်ဘဲ နေသော်၎င်း၊
I Sa BurJudso 20:13  သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှါ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာ သွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။
I Sa BurJudso 20:14  သင်သည် ကျွန်ုပ်အသက်ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော် အတိုင်း ကျေးဇူးပြုရမည်မက၊
I Sa BurJudso 20:15  ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊
I Sa BurJudso 20:16  သစ္စာပျက်လျှင် ဒါဝိဒ်၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၎င်း၊
I Sa BurJudso 20:17  ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကို ချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။
I Sa BurJudso 20:18  တဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။
I Sa BurJudso 20:19  သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ ရောက်လျှင်၊ ဧဇေလ ကျောက်နားမှာ နေရမည်။
I Sa BurJudso 20:20  ကျွန်ုပ်သည်လည်း၊ စက်ကို ပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြှားသုံးစင်းပစ်မည်။
I Sa BurJudso 20:21  မြှားတို့ကို သွား၍ ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြှားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာ ပြောလျှင်လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။
I Sa BurJudso 20:22  သို့မဟုတ်၊ မြှားတို့သည် နင့်ကို လွန်ပြီဟု လုလင်အား ဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။
I Sa BurJudso 20:23  ယခု ငါတို့နှစ်ယောက် ပြောသော အမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
I Sa BurJudso 20:24  ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍ နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှါ ထိုင်၏။
I Sa BurJudso 20:25  ထုံးစံအတိုင်းထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာ ထိုင်၏။ ဒါဝိဒ်၏ နေရာ ထိုင်ရာသည် လပ်၏။
I Sa BurJudso 20:26  သို့ရာတွင် ရှောလုက အကြောင်းတစုံတခုရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည် မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။
I Sa BurJudso 20:27  နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော် ယောနသန်အား မေးလျှင်၊
I Sa BurJudso 20:28  ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊
I Sa BurJudso 20:29  အကျွန်ုပ် သွားရသော အခွင့်ကို ပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကိုလည်းမှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။
I Sa BurJudso 20:30  ထိုအခါရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မြောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်၎င်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်၎င်း၊ ယေရှဲ၏သား ဘက်၌ နေသည်ကို ငါမသိသလော။
I Sa BurJudso 20:31  ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့် သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊
I Sa BurJudso 20:32  ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊
I Sa BurJudso 20:33  ရှောလုသည် ယောနသန်ကို မှန်စေခြင်းငှါ လှံတို့ကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည် သိသဖြင့်၊
I Sa BurJudso 20:34  အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ် ရှိ၏။
I Sa BurJudso 20:35  နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သော အချိန်၌၊ ယောနသန်သည် လူကလေးကို ခေါ်၍ တောသို့ သွား၏။
I Sa BurJudso 20:36  လူကလေးအား လည်းပြေးတော့။ ငါပစ်သော မြှားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည် ပြေးသောအခါ သူ့ကို လွန်အောင်မြှားတစင်းကို ပစ်လေ၏။
I Sa BurJudso 20:37  ယောနသန်ပစ်သော မြှားကျရာ အရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြှားတစင်းသည် နင့်ကို လွန်ပြီမဟုတ်လော။
I Sa BurJudso 20:38  ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြှားတို့ကို ကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။
I Sa BurJudso 20:39  သို့ရာတွင် လူကလေးသည် ထိုအမှုကို နားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။
I Sa BurJudso 20:40  ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌ အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။
I Sa BurJudso 20:41  လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာ အရပ်က ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တယောက်ကို တယောက်နမ်းလျက် မျက်ရည် ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။
I Sa BurJudso 20:42  ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ် အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကို ထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အား ဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။