Site uses cookies to provide basic functionality.

OK
JOHN
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21
Prev Up Next Toggle notes
Chapter 14
John BurCBCM 14:1  ယေဇူးက သင်တို့၏ စိတ်နှလုံး၌ စိုးရိမ်ပူပန်ခြင်း မရှိစေကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။-
John BurCBCM 14:2  ငါ့ခမည်းတော်၏ အိမ်တော်၌ အခန်းများစွာရှိ၏။ ထိုသို့မဟုတ်ခဲ့ပါလျှင် ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားမည်ဟု ပြောပါမည်လော။-
John BurCBCM 14:3  ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားပြီးလျှင် တစ်ဖန်ပြန်လာ၍ ငါရှိသောနေရာတွင် သင်တို့လည်း ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။-
John BurCBCM 14:4  သင်တို့သည် ငါသွားမည့်လမ်းကိုသိကြ၏ဟု မိန့်တော်မူ၏။-
John BurCBCM 14:5  ထိုအခါ သောမက သခင်ဘုရား၊ မည်သည့်အရပ်သို့ ကိုယ်တော်သွားမည်ကို တပည့်တော်တို့ မသိကြသောကြောင့် လမ်းခရီးကိုလည်း မည်ကဲ့သို့ သိနိုင်ကြပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်၏။-
John BurCBCM 14:6  ယေဇူးက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုဘဲ မည်သူမျှ ခမည်းတော်ထံသို့ မလာနိုင်။-
John BurCBCM 14:7  သင်တို့သည် ငါ့ကိုသိကြပါလျှင် ငါ၏ခမည်းတော်ကိုလည်း သိကြလိမ့်မည်။ ယခုမှစ၍ သင်တို့သည် ငါ၏ခမည်းတော်ကို သိကြ၍ ဖူးမြင်ကြရလေပြီဟု သူ့အား မိန့်တော်မူ၏။
John BurCBCM 14:8  ဖိလိပုကလည်း သခင်ဘုရား၊ ခမည်းတော်ကို တပည့်တော်တို့အား ပြတော်မူပါလျှင် တပည့်တော်တို့ စိတ်ကျေနပ် ကြပါလိမ့်မည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
John BurCBCM 14:9  ယေဇူးက သူ့အား မိန့်တော်မူသည်မှာ ဖိလိပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှကြာအောင် နေခဲ့ပါသော်လည်း သင်သည် ငါ့ကိုမသိသလော။ ငါ့ကိုမြင်ရသောသူသည် ခမည်းတော်ကိုလည်း ဖူးမြင်ရ၏။ အဘယ်ကြောင့် သင်သည် ခမည်းတော်ကို တပည့်တော်တို့အား ပြပါဟု ဆိုရသနည်း။-
John BurCBCM 14:10  ငါသည် ခမည်းတော်၌တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိကြောင်းကို သင်မယုံကြည်သလော။ သင်တို့အား ငါပြောသောစကားများကို ငါသည် ငါ၏အခွင့်အာဏာဖြင့် ပြောသည်မဟုတ်။ ငါ၌တည်ရှိတော်မူသော ခမည်းတော်သည် မိမိ၏အမှုတော်များကို ဆောင်ရွက်ခြင်းသာဖြစ်၏။-
John BurCBCM 14:11  ငါသည် ခမည်းတော်၌ တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိသည်ကို ယုံကြည်ကြလော့။ ဤသို့ မဟုတ်လျှင်လည်း ငါပြုသော အမှုအရာများကိုထောက်၍ ငါ့ကိုယုံကြည်ကြလော့။
John BurCBCM 14:12  သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုအရာများကို ပြုလိမ့်မည်။ သူသည် ယင်းထက် ကြီးမြတ်သော အမှုအရာများကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်သောကြောင့်တည်း။-
John BurCBCM 14:13  သားတော်အားဖြင့် ခမည်းတော်၏ ဘုန်းတော်ထင်ရှားစေရန် ငါ၏နာမတော်၌ သင်တို့တောင်းလျှောက်သမျှကို ငါပြုမည်။-
John BurCBCM 14:14  သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ရာကို တောင်းလျှောက်လျှင် ငါသည် ထိုအရာကိုပြုမည်။
John BurCBCM 14:15  သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလိမ့်မည်။-
John BurCBCM 14:16  ငါသည် ခမည်းတော်အား တောင်းလျှောက်သဖြင့် ကိုယ်တော်သည်လည်း သင်တို့နှင့်အတူ အစဉ်ထာ၀ရရှိနေမည့် ကူညီစောင်မသူ နောက်တစ်ပါးဖြစ်သော သမ္မာတရား၏ ဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူလိမ့်မည်။-
John BurCBCM 14:17  ထိုအရှင်ကို ဤလောကသည် လက်မခံနိုင်။ အဘယ်ကြောင့်ဆိုသော် ဤလောကသည် သူ့ကိုမြင်လည်းမမြင်၊ သိလည်း မသိသောကြောင့်ဖြစ်၏။ သင်တို့မူကား သူ့ကိုသိကြ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သင်တို့နှင့်အတူ စံပယ်တော်မူပြီး သင်တို့၌ တည်နေတော်မူမည်ဖြစ်သောကြောင့်တည်း။
John BurCBCM 14:18  ငါသည် သင်တို့ကို အားကိုးရာမဲ့ ပစ်ထားလိမ့်မည် မဟုတ်။ သင်တို့ထံသို့ ငါလာဦးမည်။-
John BurCBCM 14:19  တစ်ခဏမျှကြာလျှင် ဤလောကသည် ငါ့ကို မြင်ရတော့မည် မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ကြရလိမ့်မည်။ အကြောင်းမူကား ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
John BurCBCM 14:20  ငါသည် ခမည်းတော်၌ တည်ရှိကြောင်းကိုလည်းကောင်း၊ သင်တို့သည် ငါ့၌တည်ရှိ၍ ငါသည်လည်း သင်တို့၌ တည်ရှိကြောင်းကိုလည်းကောင်း ထိုနေ့၌ သင်တို့သိကြလိမ့်မည်။-
John BurCBCM 14:21  ငါ၏ပညတ်တော်များကို ခံယူ၍ စောင့်ထိန်းသောသူသည် ငါ့ကို ချစ်၏။ ငါ့ကိုချစ်သောသူကို ငါ၏ခမည်းတော်သည်လည်း ချစ်တော်မူလိမ့်မည်။ ငါသည်လည်း သူ့ကိုချစ်၍ မိမိကိုယ်ကို သူ့အား ထင်ရှားပြတော်မူမည်။-
John BurCBCM 14:22  အစ္စကာရီယုဒ်မဟုတ်သော အခြားဂျုဒက ကိုယ်တော်သည် လောကီသားတို့အား မပြဘဲ တပည့်တော်တို့အား မိမိကိုယ်ကို မည်ကဲ့သို့ ထင် ရှားပြတော်မူမည်နည်းဟု မေးလျှောက်လေ၏။-
John BurCBCM 14:23  ယေဇူးက အကြင်သူသည် ငါ့ကိုချစ်လျှင် ငါ၏စကားကိုလိုက်နာ စောင့်ထိန်းမည်။ ငါ၏ခမည်းတော်သည်လည်း သူ့ကိုချစ် တော်မူလိမ့်မည်။ ထိုအခါ ငါတို့သည် သူ့ထံသို့လာကြ၍ သူနှင့်အတူကိန်းဝပ်တော်မူမည်။-
John BurCBCM 14:24  ငါ့ကို မချစ်သောသူသည် ငါ၏စကားများကို လိုက်နာစောင့်ထိန်းခြင်းမပြုပေ။ သင်တို့ ကြားနာရသော စကားသည်လည်း ငါ၏စကား မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ စကားဖြစ်၏။
John BurCBCM 14:25  ငါသည် သင်တို့နှင့်အတူရှိနေခိုက် ဤအကြောင်းအရာများကို သင်တို့အား ငါမှာကြားထားလေပြီ။-
John BurCBCM 14:26  သို့သော် ငါ၏နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီစောင်မသူ ဝိညာဉ်တော်မြတ်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သင်တို့အား သွန်သင်မည်ဖြစ်၍ သင်တို့အား ငါမိန့်မှာထားသမျှကို တစ်ဖန်သတိရစေတော်မူလိမ့်မည်။-
John BurCBCM 14:27  ငြိမ်းချမ်းသာယာခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါပေး၏။ ဤလောကက ပေးသကဲ့သို့ သင်တို့အား ငါပေးသည် မဟုတ်။ သင်တို့၏စိတ်နှလုံး၌ ပူပန်ခြင်းမရှိစေကြနှင့်။ ကြောက်ရွံ့ ခြင်းလည်းမရှိကြနှင့်။-
John BurCBCM 14:28  ငါသည် သွား၍ သင်တို့ထံသို့ တစ်ဖန်ပြန်လာမည်ဟု ငါဆိုသည်ကို သင်တို့ ကြားခဲ့ကြ၏။ သင်တို့သည် ငါ့ကိုချစ်လျှင် ဝမ်းမြောက်ကြ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ခမည်းတော် ထံသို့သွားခြင်းဖြစ်၏။ အကြောင်းမူကား ခမည်းတော် သည် ငါ့ထက် ကြီးမြတ်တော်မူ၏။-
John BurCBCM 14:29  ဤအမှုအရာဖြစ် ပျက်သောအခါ၌ သင်တို့ယုံကြည်နိုင်ကြစေရန် မဖြစ်ပျက်မီက ကြိုတင်၍ သင်တို့အား ယခု ငါပြောထား လေပြီ။-
John BurCBCM 14:30  ငါသည် သင်တို့နှင့် စကားများစွာ ပြောဆိုနိုင်တော့မည် မဟုတ်။ အကြောင်းမူကား ဤလောကကို အစိုးရသောသူသည် ကြွလာတော့မည်။ သူသည် ငါ့အပေါ်၌ ဩဇာအာဏာမရှိချေ။-
John BurCBCM 14:31  သို့ရာတွင် ငါသည် ခမည်းတော်ကို ချစ်ကြောင်း ဤလောကသားတို့ သိစေရန် ငါ့အား ခမည်းတော် မိန့်တော်မူသည့်အတိုင်း ငါပြု၏။ ထကြလော့။ ဤ အရပ်မှ သွားကြကုန်စို့ဟု မိန့်တော်မူ၏။