Site uses cookies to provide basic functionality.

OK
JOHN
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21
Prev Up Next Toggle notes
Chapter 7
John BurCBCM 7:1  ထို့နောက် ယေဇူးသည် ဂါလေလေးယနယ်အတွင်း၌ လှည့်လည်တော်မူ၏။ ဂျူးလူမျိုးတို့ သည် ကိုယ်တော့်ကိုသတ်ရန် ရှာကြံနေကြသဖြင့် ကိုယ်တော်သည် ဂျူဒေးယနယ်၌ သွားလာခြင်းငှာ အလိုတော် မရှိချေ။-
John BurCBCM 7:2  ဂျူးလူမျိုးတို့၏ တဲတော်ပွဲသည် နီးကပ်လာသောအခါ၊-
John BurCBCM 7:3  ညီတော်တို့က သင်ပြုလုပ်သောအရာတို့ကို သင်၏တပည့်များ မြင်တွေ့နိုင်ကြရန် ဤအရပ်မှထွက်ခွာ၍ ဂျူဒေးယနယ်သို့ သွားပါလော့။-
John BurCBCM 7:4  အကြောင်းမူကား ထင်ပေါ်ကျော်ကြားလိုသူသည် မည်သည့်အမှုကိုမျှ လျှို့ဝှက်စွာပြုလုပ်လေ့မရှိ။ သင်သည် ဤအမှုအရာများကို ပြုလုပ်သည်မှန်လျှင် သင့်အကြောင်းကို ကမ္ဘာသိအောင် ဖော်ပြပါလော့ဟု ကိုယ်တော်အား ဆိုကြ၏။-
John BurCBCM 7:5  အကြောင်းမူကား ကိုယ်တော်၏ညီတော်များသည်ပင်လျှင် ကိုယ်တော့်ကို မယုံကြည်ကြသောကြောင့်တည်း။-
John BurCBCM 7:6  ယေဇူးက ငါ၏အချိန် မကျရောက်သေး။ သင်တို့၏အချိန်သည်ကား အစဉ်ကျရောက်လျက်ရှိ၏။-
John BurCBCM 7:7  ဤလောကသည် သင်တို့ကို မမုန်းနိုင်။ ငါ့ကိုမူကား မုန်း၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ၎င်း၏အကျင့် ဆိုးညစ်ကြောင်း သက်သေခံသောကြောင့်ဖြစ်၏။-
John BurCBCM 7:8  ထိုပွဲတော်သို့ သင်တို့သာလျှင် သွားကြပါလော့။ ငါမူကား ငါ၏အချိန်အပြည့်အစုံမကျ ရောက်သေးသဖြင့် ထိုပွဲတော်သို့ သွားလိမ့်မည်မဟုတ် ဟု မိန့်တော်မူ၏။-
John BurCBCM 7:9  ထိုသို့မိန့်ဆိုပြီးနောက် ကိုယ်တော်သည် ဂါလေလေးယနယ်တွင် ကျန်ရစ်တော်မူ၏။
John BurCBCM 7:10  သို့ရာတွင် မိမိ၏ညီတော်များ ပွဲတော်သို့ ထွက်ခွာသွားကြပြီးနောက် ကိုယ်တော်သည်လည်း မထင်မရှား ကြွသွားတော်မူ၏။-
John BurCBCM 7:11  ဂျူးလူမျိုးတို့သည် ပွဲတော်တွင် ကိုယ်တော့်ကိုရှာကြလျက် ထိုသူအဘယ်မှာရှိသနည်းဟု မေးကြ၏။-
John BurCBCM 7:12  ကိုယ်တော်နှင့်ပတ်သက်၍ လူအစုအဝေးသည် မိမိတို့အချင်းချင်း အမျိုးမျိုးတီးတိုး ပြောဆိုလျက်နေကြ၏။ လူအချို့တို့က သူသည် ကောင်းမြတ်သောသူတစ်ဦး ဖြစ်သည်ဟုဆိုကြ၍ အချို့ကမူ သူသည် ကောင်းမြတ်သူ မဟုတ်၊ လူတို့အား လမ်းမှားသို့ ရောက်စေသောသူဖြစ်သည်ဟု ဆိုကြ၏။-
John BurCBCM 7:13  သို့ရာတွင် ဂျူးလူမျိုးတို့ကိုကြောက် ရွံ့သောကြောင့် မည်သူမျှ ကိုယ်တော်၏အကြောင်းကို အထင်အရှားမပြောကြချေ။
John BurCBCM 7:14  ပွဲတော်ရက်များ တစ်ဝက်ခန့်ကျော်လွန်သောအခါ ယေဇူးသည် ဗိမာန်တော်သို့သွား၍ ဟောပြောသွန်သင်တော်မူ၏။-
John BurCBCM 7:15  ဂျူးလူမျိုးတို့သည်လည်း လွန်စွာအံ့ဩကြလျက် ဤသူသည် ပညာမသင်ယူဘဲ ဤအရာများကို မည်ကဲ့သို့ တတ်မြောက် သနည်းဟု ဆိုကြ၏။-
John BurCBCM 7:16  သို့ဖြစ်၍ ယေဇူးက ငါဟောပြောသောတရားတော်သည် ငါ၏တရားတော်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ တရားတော်ဖြစ်၏။-
John BurCBCM 7:17  ကိုယ်တော်၏အလိုတော်ကို လိုက်နာဆောင်ရွက်သောသူ မည်သည်ကား ဤတရားတော်သည် ဘုရားသခင်ထံမှ လာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက် ဟောပြောသလောဟူ၍ ခွဲခြားသိနိုင်လိမ့်မည်။-
John BurCBCM 7:18  မိမိ၏အလိုဆန္ဒအလျောက် ဟောပြောသောသူသည် မိမိ၏ဂုဏ်သရေထင်ပေါ်ကျော်ကြားခြင်းကို ရှာဖွေသောသူဖြစ်၏။ မိမိကို စေလွှတ်တော်မူသောသူ၏ ဂုဏ်သရေထင်ပေါ်ကျော်ကြားခြင်းကို ရှာဖွေသောသူမူကား ဖြောင့်မှန်သောသူဖြစ်၍ ထိုသူ၌ မှားယွင်းသော အရာမရှိ။-
John BurCBCM 7:19  မိုးဇက်သည် ပညတ်တရားကျမ်းကို သင်တို့အား ပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ထိုပညတ်တရားကို မလိုက်နာကြ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကိုသတ်ရန် ရှာကြံ ကြသနည်းဟု ပြန်၍ဖြေတော်မူ၏။-
John BurCBCM 7:20  လူအစုအဝေးက သင်၌ နတ်ဆိုးရှိ၏။ မည်သူသည် သင့်ကိုသတ်ရန် ရှာ ကြံလျက်ရှိသနည်းဟု မေးကြ၏။-
John BurCBCM 7:21  ယေဇူးက ငါသည် အမှုအရာတစ်ခုကိုပြုလုပ်ခဲ့၍ သင်တို့အားလုံးသည် ထိုအရာကိုအံ့ဩခဲ့ကြ၏။-
John BurCBCM 7:22  မိုးဇက်သည် သင်တို့အား အရေဖျားလှီးခြင်းမင်္ဂလာကိုခံယူရန် ပညတ်ခဲ့၏။ (အရေဖျား လှီးခြင်းမင်္ဂလာသည် မိုးဇက်ထံမှ လာခြင်းမဟုတ်ဘဲ ဘိုးဘေးတို့ထံမှ လာခြင်းဖြစ်၏)။ သင်တို့သည် ဥပုသ်နေ့၌ပင် လူကို အရေဖျားလှီးခြင်းပြုကြ၏။-
John BurCBCM 7:23  သို့ဖြစ်၍ လူတစ်ဦးသည် မိုးဇက်၏ပညတ်တရားကို မချိုးဖောက်ရစေဘဲ ဥပုသ်နေ့တွင် အရေဖျားလှီးခြင်းမင်္ဂလာကို ခံယူနိုင်ပါလျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ယောက်အား တစ်ကိုယ်လုံး ကျန်းမာလာစေခဲ့သောကြောင့် သင်တို့ငါ့အပေါ် အမျက် ဒေါသထွက်ကြသလော။-
John BurCBCM 7:24  အပေါ်ယံအသွင်အပြင်ကို ကြည့်၍ စီရင်ဆုံးဖြတ်ခြင်းမပြုကြနှင့်။ အမှန်တရားအတိုင်းသာ စီရင်ဆုံးဖြတ်ကြလော့ဟု မိန့်တော်မူ၏။
John BurCBCM 7:25  ထိုအခါ ဂျေရုဆလင်မြို့သားအချို့က ဤသူသည် ကား သူတို့သတ်ရန် ရှာကြံနေကြသောသူမဟုတ်ပါ လော။-
John BurCBCM 7:26  ကြည့်လော့၊ သူသည် ဤနေရာ၌ပင် အထင်အရှားဟောပြောသွန်သင်လျက်နေ၏။ မည်သူကမျှ သူ့ကို ပြောဆိုခြင်း မရှိပါတကား။ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို အာဏာပိုင်တို့သည် အမှန်ပင်သိရှိကြပြီလော။-
John BurCBCM 7:27  သို့သော် ဤသူ မည်သည့်အရပ်က လာသည်ကို ငါတို့သိကြ၏။ ခရစ်တော်ကြွလာတော်မူသောအခါ ကိုယ်တော်သည် မည်သည့်အရပ်က ကြွလာသည်ကို မည်သူမျှသိကြလိမ့်မည်မဟုတ်ဟု ဆိုကြ၏။-
John BurCBCM 7:28  ဤသို့ဖြင့် ယေဇူးသည် ဗိမာန်တော်ထဲ၌ သွန်သင်လျက်ရှိစဉ် ကြွေးကြော်တော်မူသည်ကား သင်တို့သည် ငါ့ကိုသိကြ၏။ ငါမည်သည့်အရပ်က လာသည်ကိုလည်း သင်တို့သိကြ၏။ သို့သော် ငါသည် ကိုယ့်အလိုဆန္ဒအလျောက် လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူသည် ဖြောင့်မှန်တော်မူ၏။ ထိုသူကို သင်တို့မသိကြ။-
John BurCBCM 7:29  ငါသည် သူ့ကိုသိ၏။ အကြောင်းမူကား ငါသည် သူ့ထံမှလာ၍ သူသည်လည်း ငါ့ကိုစေလွှတ်ခဲ့၏ဟု မိန့်တော်မူ၏။-
John BurCBCM 7:30  ထိုအခါ သူတို့သည် ကိုယ်တော့်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့သော် ကိုယ်တော်၏ အချိန်နာရီ မရောက်သေးသဖြင့် ကိုယ်တော့်ကို မည်သူမျှလက်နှင့်မထိနိုင်ကြ။-
John BurCBCM 7:31  လူထုအထဲမှ များစွာသောလူတို့သည်ကား ကိုယ်တော့်ကို ယုံကြည်လာကြလေ၏။ သူတို့က ခရစ်တော်ကြွလာ တော်မူသောအခါ ဤသူပြုလုပ်ခဲ့သည်ထက် ပိုမိုများပြားသော နိမိတ်လက္ခဏာများကို ပြတော်မူလိမ့်မည်လောဟု ဆိုကြ၏။
John BurCBCM 7:32  လူအစုအဝေးသည် ကိုယ်တော်နှင့်ပတ်သက်၍ ဤသို့တီးတိုးပြောဆိုနေကြသည်ကို ဖာရီဇေးဦးတို့ ကြားကြသောအခါ သူတို့နှင့် ရဟန်းအကြီးအကဲတို့သည် ကိုယ်တော်အား ဖမ်းဆီးရန် ဗိမာန်တော်အစောင့်များကို စေလွှတ်လိုက်ကြ၏။-
John BurCBCM 7:33  ထိုအခါ ယေဇူးက ငါသည် သင်တို့နှင့်အတူ ခေတ္တခဏသာနေမည်။ ထို့နောက် ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ ငါသွားမည်။-
John BurCBCM 7:34  သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့သော် ငါ့ကိုသင်တို့တွေ့ ကြလိမ့်မည်မဟုတ်။ ငါရှိသောအရပ်သို့ သင်တို့မလာနိုင် ကြဟု မိန့်တော်မူ၏။-
John BurCBCM 7:35  ဂျူးလူမျိုးတို့ကလည်း ငါတို့သည် သူ့ကိုရှာ၍မတွေ့နိုင်ရန် ဤသူသည် မည်သည့်အရပ်သို့ သွားရန် ရည်ရွယ်သနည်း။ သူသည် ဂရိလူမျိုးများကြားတွင် နေထိုင်ကြသော ရပ်ဝေးရောက် ငါတို့၏လူမျိုးများထံသို့သွား၍ ဂရိလူမျိုးတို့ကို ဟောပြော သွန်သင်မည်လော။-
John BurCBCM 7:36  သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့ကြလိမ့်မည်မဟုတ်၊ ငါရှိသောနေရာသို့ သင်တို့မလာနိုင်ကြဟု ဆိုခြင်းဖြင့် သူသည် အဘယ်အရာကို ဆိုလိုသနည်းဟူ၍ အချင်းချင်းပြောဆိုကြလေ၏။
John BurCBCM 7:37  ပွဲတော်၏ အကြီးမြတ်ဆုံးနေ့ဖြစ်သော နောက်ဆုံးနေ့၌ ယေဇူးသည် ထ၍ရပ်တော်မူလျက် ရေငတ်သောသူသည် ငါ့ထံသို့လာ၍ သောက်စေ။-
John BurCBCM 7:38  ကျမ်းစာတော်မြတ်၌ လာသည့်အတိုင်း ငါ့ကိုယုံကြည်သောသူ၏ နှလုံးသားမှ အသက်စမ်းရေသည် မြစ်များကဲ့သို့ စီးဆင်းလိမ့်မည်ဟု ကြွေးကြော်တော်မူ၏။-
John BurCBCM 7:39  ယေဇူးသည် မိမိကို ယုံကြည်သောသူတို့ ခံယူကြရမည့် ဝိညာဉ်တော်အား ရည်ညွန်း၍ ဤအကြောင်းအရာကို မိန့်ဆိုတော်မူခြင်းဖြစ်၏။ အကြောင်းမူကား ထိုအချိန်၌ ယေဇူးသည် ဘုန်းဂုဏ် တော်မထင်ရှားသေးသဖြင့် ယုံကြည်သူတို့အား ဝိညာဉ်တော်ကို မပေးအပ်ရသေးသောကြောင့်ဖြစ်၏။
John BurCBCM 7:40  လူတို့သည် ဤစကားများကိုကြားကြလျှင် ၎င်းတို့ထဲမှ အချို့က ဤသူသည် ဧကန်အမှန်ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။-
John BurCBCM 7:41  အခြားသူတို့ကလည်း ဤသူသည် ခရစ်တော်ဖြစ်သည် ဟုဆိုကြ၏။ အချို့ကမူကား ခရစ်တော်သည် ဂါလေလေးယနယ်မှ ပေါ်ထွန်းရမည်လော။-
John BurCBCM 7:42  ခရစ်တော်သည် ဒါဝိဒ်၏အမျိုးအနွယ်မှ ဆင်းသက်လာမည့်အကြောင်းနှင့် ဒါဝိဒ်မင်းနေထိုင်ခဲ့သော ဘက်သလေဟင်မြို့မှ ပေါ်ထွန်းလာမည့် အကြောင်းတို့ကို ကျမ်းစာတော်မြတ်၌ ရေးထားသည်မဟုတ်လောဟု ဆိုကြ၏။-
John BurCBCM 7:43  ဤသို့ဖြင့် ကိုယ်တော်၏အကြောင်းနှင့် စပ်လျဉ်း၍ လူအစုအဝေးအတွင်း၌ အယူအဆကွဲလွဲလျက်ရှိ၏။-
John BurCBCM 7:44  အချို့သောသူတို့သည် ကိုယ်တော့်ကိုဖမ်းဆီးရန် အလိုရှိကြ၏။ သို့ သော် မည်သူကမျှ ကိုယ်တော့်ကိုမဖမ်းဆီးကြချေ။
John BurCBCM 7:45  ထို့နောက် ဗိမာန်တော်အစောင့်တို့သည် ရဟန်းအကြီးအကဲများနှင့် ဖာရီဇေးဦးတို့ထံသို့ ပြန်လာကြသောအခါ သူတို့ က သင်တို့သည် အဘယ်ကြောင့် သူ့ကိုမခေါ်ဆောင်ခဲ့ကြသနည်းဟု မေးကြလေ၏။-
John BurCBCM 7:46  အစောင့်တို့ကလည်း ဤသူကဲ့သို့ မည်သူမျှမဟောပြောဖူးပါဟုဆိုကြ၏။-
John BurCBCM 7:47  ဖာရီဇေးဦးတို့က သင်တို့သည်လည်း လှည့်ဖြားခြင်း ခံရကြပြီလော။-
John BurCBCM 7:48  ငါတို့၏ခေါင်းဆောင်များနှင့် ဖာရီဇေးဦးတို့တွင် တစ်စုံတစ်ယောက်သည် ထိုသူ့ကိုယုံကြည်သလော။-
John BurCBCM 7:49  ဤလူအစုအဝေးမူကား ပညတ်တရားကို မသိကြသောကြောင့် ကျိန်ဆိုခြင်းကိုခံကြရပြီဟု ဆိုကြ၏။-
John BurCBCM 7:50  ဖာရီဇေးဦးတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ယေဇူး၏အထံတော်သို့ ယခင်ကလာခဲ့ဖူးသော နီကိုဒေးမုက သူတို့အား၊-
John BurCBCM 7:51  ငါတို့၏ပညတ်တရားသည် လူတစ်ဦး၏အကြောင်းကို ဦးစွာကြားနာခြင်းမပြုမီ သူ၏လုပ်ရပ်များကိုလည်း စစ်ဆေးခြင်း မပြုမီ သူ့ကိုစီရင်ဆုံးဖြတ်လေ့ ရှိသလောဟုဆို၏။-
John BurCBCM 7:52  သူတို့က သင်သည်လည်း ဂါလေလေးယနယ်သားဖြစ်သလော။ ကျမ်းစာတော်မြတ်ကို လေ့လာကြည့်လျှင် ဂါလေလေးယ နယ်မှ မည်သည့် ပရောဖက်မျှမပေါ်ထွန်းသည်ကို သင်သိရလိမ့်မည်ဟု ဆိုကြ၏။-
John BurCBCM 7:53  သူတို့အားလုံးသည် အသီးသီး မိမိတို့၏အိမ် သို့ပြန်သွားကြလေ၏။