Site uses cookies to provide basic functionality.

OK
JOHN
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21
Prev Up Next Toggle notes
Chapter 6
John BurCBCM 6:1  ထို့နောက် ယေဇူးသည် တိဘေးရိယအိုင်ဟု အမည်တွင်သော ဂါလေလေးယပင်လယ်တစ် ဖက်ကမ်းသို့ ကြွတော်မူ၏။-
John BurCBCM 6:2  များစွာသော လူအစုအဝေးတို့သည်လည်း နာမကျန်းဖြစ်နေသူတို့အပေါ်၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်တန်ခိုး လက္ခဏာများကို တွေ့မြင်ကြသဖြင့် ကိုယ်တော်၏နောက်တော်သို့ လိုက်ကြလေ၏။-
John BurCBCM 6:3  ယေဇူးသည်လည်း တောင်ပေါ်သို့ ကြွတော်မူ၍ တပည့်တော်တို့နှင့်အတူ ထိုနေရာ၌ ထိုင်တော်မူ၏။-
John BurCBCM 6:4  ထိုအချိန်သည်ကား ဂျူးလူမျိုးတို့၏ ပွဲတော်ဖြစ်သော ပါစကားပွဲကျင်းပရန် အချိန်နီးကပ်လာပြီဖြစ် ၏။-
John BurCBCM 6:5  ကိုယ်တော်သည် လှမ်း၍ကြည့်သောအခါ များပြားလှသော လူအစုအဝေးသည် အထံတော်သို့ လာနေကြသည်ကို မြင်သောကြောင့် ဤသူတို့စားသုံးရန် မုန့်ကို ငါတို့မည်ကဲ့သို့ဝယ်နိုင်မည်နည်းဟု ဖိလိပုအား မိန့်တော်မူ၏။-
John BurCBCM 6:6  ကိုယ်တော်သည် သူ့ကိုစုံစမ်းခြင်းငှာ ဤကဲ့သို့ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်တိုင် မည်သည့်အရာ ပြုရမည်ကိုသိတော်မူ၏။-
John BurCBCM 6:7  ဖိလိပုကလည်း လူတိုင်းတစ်ယောက်လျှင် ပေါင်မုန့်တစ်ဖဲ့ စီရနိုင်ရန် ဒေနာရီနှစ်ရာဖိုးဝယ်လျှင်ပင် လုံလောက်မည် မဟုတ်ပါဟု ကိုယ်တော်အား ပြန်လျှောက်လေ၏။-
John BurCBCM 6:8  ကိုယ်တော်၏ တပည့်တော်တစ်ပါးဖြစ်၍ စီမွန်ပေတရု၏ ညီဖြစ်သော အန္ဒြေးယက ကိုယ်တော်အား လျှောက်ထား သည်မှာ၊-
John BurCBCM 6:9  မုယောဆန်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိသော သူငယ်တစ်ယောက် ဤနေရာတွင်ရှိပါ၏။ သို့သော် ဤမျှ များပြားသော လူအစုအဝေးအတွက် မပြောပလောက်ပါဟုဆို၏။-
John BurCBCM 6:10  ယေဇူးကလည်း လူတို့ကိုထိုင်ပါစေဟု မိန့်တော်မူ၏။ ထိုနေရာ၌ မြက်ခင်းများရှိ၏။ ယောက်ျားများချည်းပင် ငါးထောင်ခန့်ရှိသော လူတို့သည်လည်း ထိုင်ကြလေ၏။-
John BurCBCM 6:11  ထို့နောက် ယေဇူးသည် မုန့်များကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် ထိုင်နေကြသော လူတို့အား ဝေငှတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ဝေငှတော်မူ၏။-
John BurCBCM 6:12  သူတို့စား၍ ၀ကြပြီးသောအခါ ကိုယ်တော်သည် တပည့်တော်တို့အား ကြွင်းကျန်သော အကျိုးအပဲ့များကို မပျောက်မပျက်စေခြင်းငှာ ကောက်သိမ်းကြလော့ဟု မိန့်တော်မူ၏။-
John BurCBCM 6:13  ထို့ကြောင့် လူတို့စားပြီးသည့်နောက် မုယောဆန်မုန့်ငါးလုံးမှ ကျန်ရှိ သောအပိုင်းအစများကို ကောက်သိမ်းကြရာ တောင်း တစ်ဆယ့်နှစ်လုံးအပြည့်ရကြ၏။-
John BurCBCM 6:14  လူတို့သည် ကိုယ်တော်ပြုတော်မူသော တန်ခိုးလက္ခဏာကို မြင်ကြလျှင် ဤသူသည်ကား ဤလောကသို့ ကြွလာမည့် ပရောဖက် ဧကန်မုချဖြစ်သည် ဟုဆိုကြ၏။
John BurCBCM 6:15  ထိုသူတို့သည် လာကြ၍ မိမိအား ဘုရင်အရာသို့ အတင်းအဓမ္မ တင်မြှောက်ကြမည်ကို ယေဇူးသိသောကြောင့် မိမိတစ်ပါးတည်း တောင်ပေါ်သို့တိမ်းရှောင်သွား တော်မူ၏။
John BurCBCM 6:16  ညနေအချိန်ရောက်သောအခါ တပည့်တော်တို့သည် ဂါလေလေးယပင်လယ်သို့ဆင်းကြ၍၊-
John BurCBCM 6:17  လှေပေါ်သို့တက်ကြပြီးမှ ပင်လယ်တစ်ဖက်ကမ်းရှိ ကာဖာနာအုမ်မြို့သို့သွားကြ၏။ ထိုအချိန်၌ မှောင်လာပြီဖြစ်သော်လည်း ယေဇူးသည် သူတို့ထံသို့ရောက်လာတော်မမူသေးပေ။-
John BurCBCM 6:18  လေပြင်းတိုက်ခတ်နေသောကြောင့် ပင်လယ်၌ လှိုင်းတံပိုး ထလျက်ရှိလေ၏။-
John BurCBCM 6:19  သူတို့သည် ခရီးသုံးမိုင်၊ လေးမိုင်ခန့် လှော်ခတ်လာကြပြီးသော် ယေဇူးသည် ရေပေါ်တွင် လမ်းလျှောက်လျက် လှေအနားသို့ ချဉ်းကပ်လာသည်ကို မြင်ကြသဖြင့် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
John BurCBCM 6:20  သို့သော် ကိုယ်တော်က မကြောက်ကြနှင့်။ ငါပင်ဖြစ်၏ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 6:21  ထိုအခါ သူတို့သည် ကိုယ်တော့်ကို လှေပေါ်သို့ ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ကြ၏။ ထိုခဏချင်းတွင်ပင် လှေသည် သူတို့သွားကြမည့်အရပ်သို့ ဆိုက်ရောက်လေ၏။
John BurCBCM 6:22  နောက်တစ်နေ့၌ ပင်လယ်တစ်ဖက်ကမ်းတွင် ကျန်ရစ်ခဲ့ကြသော လူအစုအဝေးတို့သည် ထိုနေရာ၌ လှေတစ်စီးသာ ရှိကြောင်းနှင့် ယေဇူးသည် လှေပေါ်သို့လိုက်ပါ သွားခြင်းမရှိဘဲ တပည့်တော်များသာ ထွက်ခွာသွားကြ ကြောင်းကိုမြင်ကြ၏။-
John BurCBCM 6:23  သို့သော်လည်း တိဘေးရိယမြို့မှ လှေများသည် သခင်ဘုရား ကျေးဇူးတော်ချီးမွမ်းပြီးနောက် မိမိတို့ မုန့်စားခဲ့ကြသော နေရာအနီးသို့ ဆိုက်ရောက်လာကြ၏။-
John BurCBCM 6:24  သူတို့သည် ယေဇူးနှင့် တပည့်တော်တို့ ထိုအရပ်၌မရှိကြောင်းကို သိမြင်ကြသောအခါ လှေများပေါ်သို့တက်ကြပြီး ကာဖာနာအုမ်မြို့သို့ သွားကြ၍ ယေဇူးကိုရှာကြ၏။
John BurCBCM 6:25  သူတို့သည် ကိုယ်တော့်ကို ပင်လယ်တစ်ဖက်ကမ်း၌ တွေ့မြင်ကြလျှင် ရာဘီ၊ မည်သည့်အချိန်က ဤအရပ်သို့ ရောက်လာ ခဲ့ပါသနည်းဟု ကိုယ်တော်အား မေးကြ၏။-
John BurCBCM 6:26  ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆို သည်ကား သင်တို့သည် တန်ခိုးလက္ခဏာကိုမြင်ကြရ သောကြောင့်မဟုတ်။ ပေါင်မုန့်ကိုစား၍ ၀သောကြောင့်သာ ငါ့ကိုရှာကြ၏။-
John BurCBCM 6:27  ပျက်စီးတတ်သော အစာအတွက် မကြိုးစားကြနှင့်။ ထာ၀ရအသက်၌ တည်စေခြင်းငှာ လူသားသည် သင်တို့အား ပေးမည့်အစာအတွက် ကြိုးစား အားထုတ်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် သူ့အပေါ် ၌ မိမိ၏တံဆိပ်ကို ခတ်နှိပ်တော်မူ လေပြီဟု မိန့်တော်မူ၏။-
John BurCBCM 6:28  ထိုအခါ သူတို့က ဘုရားသခင်၏ အမှုတော်များကို ဆောင်ရွက်နိုင်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုလုပ်ရမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
John BurCBCM 6:29  ယေဇူးကလည်း ထာ၀ရဘုရား သခင်နှစ်သက်တော်မူသော အမှုအရာသည်ကား ကိုယ်တော်ရှင် စေလွှတ်တော်မူသောသူကို သင်တို့ယုံကြည်ခြင်းပင် ဖြစ်သတည်းဟု သူတို့အား ပြန်ဖြေတော်မူ၏။-
John BurCBCM 6:30  ထို့ကြောင့် သူတို့က အကျွန်ုပ်တို့မြင်၍ ကိုယ်တော့်ကို ယုံကြည်နိုင်ကြရန် ကိုယ်တော်သည် မည်သည့်တန်ခိုး လက္ခဏာကိုပြပါမည်နည်း။ ကိုယ်တော်သည် မည်သည့် အမှုကို ပြုပါမည်နည်း။-
John BurCBCM 6:31  ကျမ်းစာတော်မြတ်၌ ကိုယ်တော်သည် သူတို့စားရန် ကောင်းကင်မှမုန့်ကိုပေးတော်မူ၏ဟူ၍ ရေးထားသည်နှင့်အညီ အကျွန်ုပ်တို့၏ ဘိုးဘေးများသည် တောကန္တာရ၌ မန္နာမုန့်ကိုစားခဲ့ကြရသည်ဟု ကိုယ်တော်အား ပြန်လျှောက်ကြ၏။-
John BurCBCM 6:32  ထိုအခါ ယေဇူးက သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သောသူသည် မိုးဇက်မဟုတ်။ ငါ၏ခမည်းတော်သည် ကောင်းကင်မှ မုန့်အစစ်အမှန်ကို သင်တို့အား ပေးတော်မူ၏။-
John BurCBCM 6:33  အကြောင်းမူကား ဘုရားသခင်၏ မုန့်တော်သည် ကောင်းကင်မှဆင်းလာ၍ ဤလောကကို အသက်ပေးသောမုန့် ဖြစ်သတည်းဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 6:34  သူတို့ကလည်း သခင်၊ ဤမုန့်ကို အကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု ကိုယ်တော်အား လျှောက်ကြလေ၏။
John BurCBCM 6:35  ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်ကား ငါသည် အသက်၏မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာငတ်ခြင်းရှိလိမ့်မည်မဟုတ်။ ငါ၌ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။-
John BurCBCM 6:36  သို့သော် သင်တို့သည် ငါ့ကိုမြင်ကြလျက် မယုံကြည်ကြဟု သင်တို့အား ငါဆိုခဲ့လေပြီ။-
John BurCBCM 6:37  ငါ့အား ခမည်းတော်ပေးသမျှအရာအားလုံးသည် ငါ့ထံသို့ လာလိမ့်မည်။ ငါ့ထံသို့ လာသောသူကိုလည်း ငါသည် နှင်ထုတ် လိမ့်မည်မဟုတ်။-
John BurCBCM 6:38  အကြောင်းမူကား ငါသည် ငါ၏အလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်ကို ဆောင်ရွက်ခြင်းငှာ ကောင်းကင်မှဆင်းလာခြင်းဖြစ်၏။-
John BurCBCM 6:39  ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်သည်ကား ငါ့အား ကိုယ်တော်ပေးထားတော်မူသော အရာအားလုံးထဲမှ တစ်ခုကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသောနေ့၌ ၎င်းတို့ကို ထမြောက်စေရန်ဖြစ်သတည်း။-
John BurCBCM 6:40  အဘယ်ကြောင့်ဆိုသော် ငါ့ခမည်းတော်၏ အလိုတော်သည်ကား သားတော်ကိုဖူးမြင်၍ သူ့ကိုယုံကြည်သော သူတိုင်းအား ထာ၀ရအသက်ကိုရရှိစေမည့် အကြောင်းဖြစ်သတည်း။ ငါသည်လည်း ထိုသူ့ကို နောက်ဆုံးသောနေ့၌ ထမြောက်စေမည်ဟု မိန့်တော်မူ၏။
John BurCBCM 6:41  ငါသည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏ဟု ကိုယ်တော်မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော့်အပေါ် ဝေဖန်ပြောဆိုကြ၏။-
John BurCBCM 6:42  သူတို့က ဤသူသည် ဂျိုးဇက်၏သား ယေဇူးမဟုတ်လော။ သူ၏မိဘများကို ငါတို့သိကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ငါသည် ကောင်းကင်မှဆင်းသက်လာသည်ဟု သူမည် ကဲ့သို့ဆိုနိုင်သနည်းဟု ပြောဆိုကြ၏။-
John BurCBCM 6:43  ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်ကား သင်တို့အချင်းချင်းအကြား ဝေဖန်ပြောဆိုခြင်းမပြုကြနှင့်။-
John BurCBCM 6:44  ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်က ခေါ်ယူသောသူမှတစ်ပါး မည်သူမျှ ငါ့ထံသို့မလာနိုင်။ ငါသည် ထိုသူ့ကို နောက်ဆုံးသောနေ့တွင် ထမြောက်စေမည်။-
John BurCBCM 6:45  ပရောဖက်ကျမ်းများတွင် ရေးထားလျက်ရှိသည်ကား ထိုသူအပေါင်းတို့သည် ဘုရားသခင်၏ သွန်သင်ခြင်းကို ခံကြရလိမ့်မည်ဟူ ၍ဖြစ်၏။ ခမည်းတော်ထံမှကြားရ၍ သွန်သင်ခြင်းခံရသောသူတိုင်းသည် ငါ့ထံသို့လာ၏။-
John BurCBCM 6:46  ဘုရားသခင်ထံမှ ကြွလာသောသူမှတစ်ပါး မည်သူမျှခမည်းတော်ကို မြင်ဖူးသည်မဟုတ်။ သူသာလျှင် ခမည်းတော်ကို မြင်ဖူးခဲ့၏။-
John BurCBCM 6:47  သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ယုံကြည်သောသူသည် ထာ၀ရအသက်ကိုရ၏။-
John BurCBCM 6:48  ငါသည် အသက်၏မုန့်ဖြစ်၏။-
John BurCBCM 6:49  သင်တို့၏ ဘိုးဘေးတို့သည် တောကန္တာရ၌ မန္နာမုန့်ကိုစားကြရလျက် သေဆုံးခဲ့ကြ၏။-
John BurCBCM 6:50  ဤသည်ကား ကောင်းကင်မှဆင်းလာသော မုန့်ဖြစ်သဖြင့် လူသည် ထိုမုန့်ကိုစား၍ သေခြင်းသို့မရောက်နိုင်။-
John BurCBCM 6:51  ငါသည် ကောင်းကင်မှဆင်းသက်လာသည့် အသက်ရှိသော မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူသည် အစဉ်ထာ၀ရ အသက်ရှင်လိမ့်မည်။ ဤလောက၏အသက်အဖို့ ငါပေးမည်ဖြစ်သောမုန့်သည် ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။
John BurCBCM 6:52  ထိုအခါ ဂျူးလူမျိုးတို့က ဤသူသည် ငါတို့အား သူ၏အသားကိုစားရန် မည်ကဲ့သို့ပေးနိုင်မည်နည်းဟူ၍ မိမိတို့ အချင်းချင်းငြင်းခုံကြလေ၏။-
John BurCBCM 6:53  ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆို သည်ကား လူသား၏အသားကို သင်တို့မစား၊ သူ၏သွေးကိုလည်း သင်တို့မသောက်ကြလျှင် သင်တို့၌ အသက်မရှိနိုင်ရာ။-
John BurCBCM 6:54  ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ထာ၀ရအသက်ကိုရ၏။ ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်စေမည်။-
John BurCBCM 6:55  အကြောင်းမူကား ငါ၏အသားသည် စားစရာအမှန်ဖြစ်၏။ ငါ၏သွေးသည်လည်း သောက်စရာအမှန် ဖြစ်၏။-
John BurCBCM 6:56  ငါ၏အသားကိုစား၍ ငါ၏သွေးကို သောက်သောသူသည် ငါ၌တည်နေ၏။ ငါသည်လည်း ထိုသူ၌တည်နေ၏။-
John BurCBCM 6:57  အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည့်အတိုင်း ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်၏။ ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။-
John BurCBCM 6:58  ဤသည်ကား ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်သတည်း။ ဤမုန့်သည် သင်တို့၏ဘိုးဘေးများ စားခဲ့ကြ၍ သေဆုံးခဲ့ကြသော မန္နာမုန့်ကဲ့သို့မဟုတ်။ ဤမုန့်ကိုစားသောသူမူကား အစဉ်ထာ၀ရ အသက်ရှင်လိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 6:59  ကိုယ်တော်သည် ဤအကြောင်းအရာများကို ကာဖာနာအုမ် မြို့ရှိ တရားဇရပ်၌ သွန်သင်တော်မူခြင်းဖြစ်၏။
John BurCBCM 6:60  များစွာသော တပည့်တော်တို့သည် ဤအကြောင်းအရာကို ကြားကြလျှင် ဤသွန်သင်ချက်သည် ခက်ခဲလှပေ၏။ မည်သူသည် ဤအချက်ကို နာယူနိုင်မည်နည်းဟု ဆိုကြလေ၏။-
John BurCBCM 6:61  ကိုယ်တော်မူကား ဤအကြောင်းအရာအပေါ် မိမိ၏တပည့်တော်များ ဝေဖန်ပြောဆိုနေကြသည်ကို သိသောကြောင့် သူတို့အား မိန့်တော်မူသည်ကား ဤစကားကြောင့် သင်တို့စိတ်ပျက်ကြသလော။-
John BurCBCM 6:62  သို့ဖြစ်လျှင် အကယ်၍ လူသားသည် မိမိယခင်ကရှိတော်မူခဲ့ သောအရပ်သို့ တက်ကြွသွားသည်ကို သင်တို့မြင်ကြရပါက မည်သို့ရှိမည်နည်း။-
John BurCBCM 6:63  ဝိညာဉ်သည် အသက်ကိုပေး၏။ ကာယသည်ကား မည်သို့မျှမတတ်နိုင်။ သင်တို့အား ငါပြောသောစကားများသည် ဝိညာဉ်နှင့် အသက် ဖြစ်ကြ၏။-
John BurCBCM 6:64  သို့သော် သင်တို့အလယ်တွင် မယုံကြည်သောသူ အချို့ရှိ၏ဟု မိန့်တော်မူ၏။ အကြောင်းမူကား မည်သူတို့သည် မယုံကြည်သော သူများဖြစ်ကြ၍ မည်သူသည် မိမိကိုသစ္စာဖောက်မည်ကို အစဦးကပင် ယေဇူးသိတော်မူ၏။-
John BurCBCM 6:65  သို့ဖြစ်၍ ကိုယ်တော်က ဤအကြောင်းကြောင့် ငါ၏ခမည်းတော် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်ကြောင်း သင်တို့အား ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။
John BurCBCM 6:66  ထိုအချိန်မှစ၍ များစွာသော တပည့်တော်တို့သည် ထွက်ခွာသွားကြ၍ ကိုယ်တော်နှင့်အတူ သွားလာခြင်း မရှိကြတော့ချေ။-
John BurCBCM 6:67  ထိုအခါ ယေဇူးက တပည့်တော်တစ်ဆယ့်နှစ်ပါးတို့အား သင်တို့သည်လည်း ထွက်ခွာသွားရန် အလိုရှိကြသလောဟု မေးတော်မူလျှင်၊-
John BurCBCM 6:68  စီမွန်ပေတရုက သခင်ဘုရား၊ တပည့်တော်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ကိုယ်တော်၌ ထာ၀ရအသက်နှင့် ဆိုင်သောစကားရှိပါ၏။-
John BurCBCM 6:69  ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသည့် သန့်ရှင်းမြင့်မြတ်သောသူ ဖြစ်တော်မူသည်ကို တပည့်တော်တို့ ယုံကြည်သိမှတ်ခဲ့ကြပါပြီဟု ပြန်လျှောက်လေ၏။-
John BurCBCM 6:70  ယေဇူးက ငါသည် တစ်ဆယ့်နှစ်ပါးတို့ကို ရွေးချယ်ခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် တစ်ယောက်သည် နတ်ဆိုးဖြစ်၏ဟု သူတို့အား ပြန်ဖြေတော်မူ၏။-
John BurCBCM 6:71  ကိုယ်တော်သည် စီမွန်၏သား ဂျုဒအစ္စ ကာရီယုဒ်ကို ရည်ညွန်း၍ ဤသို့မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား သူသည် တစ်ဆယ့်နှစ်ပါးတို့တွင် ကိုယ်တော့်ကို အပ်နှံမည့်သူဖြစ်၏။