Site uses cookies to provide basic functionality.

OK
EXODUS
Prev Up Next Toggle notes
Chapter 12
Exod BurJudso 12:1  ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊
Exod BurJudso 12:2  ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပဌမလဖြစ်ရမည်။
Exod BurJudso 12:3  သင်တို့သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တအိမ်ထောင်လျှင် သိုးသငယ်တကောင်စီ ယူရမည်။
Exod BurJudso 12:4  အိမ်ထောင်ငယ်၍ သိုးသငယ်တကောင်နှင့် မတန်လျှင်၊ နီးစပ်သော အိမ်နီးချင်းနှင့် စပ်ဘက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင်၊ တကောင်ကို စားလောက်သောသူများကို ထောက်၍ သိုးသငယ် တကောင်ကို ယူရမည်။
Exod BurJudso 12:5  သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသော အကောင်သည် အပြစ်မပါ၊ အခါမလည်သော အထီးဖြစ်ရမည်။
Exod BurJudso 12:6  ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဦးအချိန်၌ ဣသရေလအမျိုး အစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။
Exod BurJudso 12:7  သိုးသငယ်၏အသားကို စားရသောအိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသငယ်၏အသွေးကို ယူ၍ ထိုးရမည်။
Exod BurJudso 12:8  အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညဉ့်ခြင်းတွင် တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
Exod BurJudso 12:9  အသားစိမ်းသည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ။ ခေါင်း၊ ခြေထောက်၊ အသည်း၊ နှလုံး စသည်တို့နှင့်တကွ၊ မီးကင်ပြီးမှ စားရမည်။
Exod BurJudso 12:10  နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။
Exod BurJudso 12:11  အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကို စည်းလျက်၊ ခြေနင်းကို စီးလျက်၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။
Exod BurJudso 12:12  အကြောင်းမူကား၊ ယနေ့ညဉ့်တွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏ သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကို ဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ ဘုရားတို့ကို တရားစီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Exod BurJudso 12:13  သိုးသငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။
Exod BurJudso 12:14  ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည်။
Exod BurJudso 12:15  ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားရမည်။ ပဌမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပဌမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
Exod BurJudso 12:16  ပဌမနေ့၌၎င်း၊ ခုနစ်ရက်နေ့၌၎င်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ လူတိုင်း စားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ။
Exod BurJudso 12:17  ထိုအဇုမပွဲကိုခံရသော အကြောင်းဟူမူကား၊ ထိုနေ့ရက်၌ သင်တို့ ဗိုလ်ခြေများကို၊ အဲဂုတ္တုပြည်ထဲက ငါနှုတ်ဆောင်သည်ဖြစ်၍၊ ထိုအကြောင်းကြောင့် ပညတ်တော်ရှိသည်အတိုင်း၊ သင်တို့၏အမျိုးအစဉ်အဆက် မပြတ် ထိုနေ့ရက်ကို အမြဲစောင့်ရကြမည်။
Exod BurJudso 12:18  ပဌမလဆယ်လေးရက်နေ့ညဦးမှစ၍ နှစ်ဆယ်တရက်နေ့ ညဦးတိုင်အောင်၊ သင်တို့သည် တဆေး မပါသောမုန့်ကို စားရကြမည်။
Exod BurJudso 12:19  ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တကျွန်းတနိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုး ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည်။
Exod BurJudso 12:20  သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာ စားရမည်ဟု မိန့်တော်မူ၏။
Exod BurJudso 12:21  ထိုအခါ မောရှေသည် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များ အသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကို ယူ၍ ပသခါပွဲဘို့ သတ်ကြလော့။
Exod BurJudso 12:22  ဟုဿုပ်ပင်ညွန့်တစည်းကို ယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက် မသွားရ။
Exod BurJudso 12:23  အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူ မည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ရှိသော အသွေးကို မြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။
Exod BurJudso 12:24  သင်တို့နှင့် သင်တို့၏သားများ၌ ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲ စောင့်ရကြမည်။
Exod BurJudso 12:25  ဂတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားပေးတော်မူလတံ့သောပြည်သို့ သင်တို့သည် ရောက်ကြ သောအခါ ဤဝတ်ကို ပြုရမည်။
Exod BurJudso 12:26  သင်တို့၏ သားမြေးတို့က၊ ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင်၊
Exod BurJudso 12:27  ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင်၊ ထိုသူတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။
Exod BurJudso 12:28  ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ပြုကြ၏။
Exod BurJudso 12:29  သန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍ ထောင်ထဲမှာ အချုပ်ခံရသော သူ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ သားဦးရှိသမျှကို၎င်း၊ တိရစ္ဆာန်တို့၏ သားဦးရှိသမျှကို ၎င်း ဒဏ်ခတ်တော်မူ၏။
Exod BurJudso 12:30  ထိုညဉ့်တွင်၊ ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ အဲဂုတ္တုလူများတို့သည် ထကြ၍၊ အသေကောင် ကင်းသောအိမ်တအိမ်မျှ မရှိသောကြောင့်၊ အဲဂုတ္တုပြည်၌ ကြီးစွာသော ငိုကြွေးခြင်း ဖြစ်လေ၏။
Exod BurJudso 12:31  ထိုညဉ့်ခြင်းတွင် မောရှေနှင့် အာရုန်ကို ခေါ်တော်မူလျှင်၊ သင်တို့မှစ၍ ဣသရေလအမျိုးသားတို့၊ ထ၍ ငါ့လူစုထဲက ထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအား သွား၍ ဝတ်ပြုကြလော့။
Exod BurJudso 12:32  သင်တို့တောင်းသည်အတိုင်း သိုးနွားများကို ယူ၍ သွားကြလော့။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့ဟု မိန့်တော်မူ၏။
Exod BurJudso 12:33  အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။
Exod BurJudso 12:34  ထိုလူတို့သည် တဆေးမရောသေးသော မုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ်၍ ထမ်းကြ၏။
Exod BurJudso 12:35  မောရှေစီရင်သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာ များကို အဲဂုတ္တုလူတို့၌ တောင်းကြ၏။
Exod BurJudso 12:36  တောင်းသည်အတိုင်းလည်း၊ ပေးချင်သောစေတာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရား ပေးတော်မူ သဖြင့်၊ အဲဂုတ္တုလူတို့၏ ဥစ္စာများကို လုယူကြ၏။
Exod BurJudso 12:37  ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကို မဆိုဘဲ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက်မြို့မှ ထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။
Exod BurJudso 12:38  အမျိုးမျိုးသော လူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။
Exod BurJudso 12:39  တဆေးမရောဘဲ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသောမုန့်ကို ဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွှဲမဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကို မပြင်မှီကြ။
Exod BurJudso 12:40  ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်၍၊ တည်နေကြသော ကာလနှစ်ပေါင်း လေးရာသုံးဆယ် ဖြစ်သတည်း။
Exod BurJudso 12:41  အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည် မှ ထွက်သွားကြ၏။
Exod BurJudso 12:42  အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညဉ့်ကို အထူးသဖြင့် ထာဝရဘုရား၌ စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ်စောင့်ရသော ထာဝရဘုရား၏ ညဉ့်ကား၊ ဤသည်ညဉ့်ပေတည်း။
Exod BurJudso 12:43  ပသခါပွဲတရားဟူမူကား၊ တပါးအမျိုးသားမစားရ။
Exod BurJudso 12:44  သို့ရာတွင် ငွေနှင့်ဝယ်သော ကျွန်သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးလျှင် စားရ၏။
Exod BurJudso 12:45  တကျွန်းတနိုင်ငံသားဖြစ်စေ၊ အခစားသောကျွန်ဖြစ်စေ၊ မစားရ။
Exod BurJudso 12:46  တအိမ်တည်း၌ တကောင်ကိုစားရ၏။ အသားကို အိမ်ပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။
Exod BurJudso 12:47  ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထိုပွဲကို ခံရကြမည်။
Exod BurJudso 12:48  သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှာ အလိုရှိလျှင်၊ သူ၌ရှိသော ယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည်သားကဲ့သို့ ဖြစ်သောကြောင့်၊ ချဉ်း၍ ထိုပွဲသို့ဝင်စေ။ အရေဖျားလှီးမင်္ဂလာကို မခံသောသူမည်သည်ကား၊ ထိုပွဲ၌ ဝင်၍ မစားရ။
Exod BurJudso 12:49  အမျိုးသားချင်းဖြစ်သောသူ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ တပါးတည်းသောတရားနှင့် ဆိုင်ကြ၏ဟု ထာဝရဘုရားသည် မောရှေနှင့် အာရုန်၌ ပညတ်ထားတော်မူ၏။
Exod BurJudso 12:50  ထိုသို့ မောရှေနှင့်အာရုန်၌ ထာဝရဘုရားပညတ်ထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ပြုကြ၏။
Exod BurJudso 12:51  ထိုနေ့ခြင်းတွင် ထာဝရဘုရားသည်၊ ဣသရေလအမျိုးသား ဗိုလ်ခြေတို့ကို အဲဂုတ္တုပြည်မှ ဆောင်သွား တော်မူပြီးလျှင်၊