Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 10
Matt BurJudso 10:1  တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှါ၎င်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှါ၎င်း အခွင့်ပေးတော်မူ၏။
Matt BurJudso 10:2  တကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပဌမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊
Matt BurJudso 10:3  ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့် သဒ္ဒဲဟုအမည်သစ်ကိုရသော လေဗဲ၊
Matt BurJudso 10:4  ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်ပေတည်း။
Matt BurJudso 10:5  ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသားတို့ရှိရာ သို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။
Matt BurJudso 10:6  ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။
Matt BurJudso 10:7  သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဟု သိတင်းကြားပြောကြလော့။
Matt BurJudso 10:8  နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူ တို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့။
Matt BurJudso 10:9  ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။
Matt BurJudso 10:10  လမ်းခရီးဘို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။
Matt BurJudso 10:11  မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမှီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။
Matt BurJudso 10:12  အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့။
Matt BurJudso 10:13  ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ ထံသို့ ပြန်လာစေသတည်း။
Matt BurJudso 10:14  အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကိုနားမထောင်ဘဲနေ၏။ ထိုသူနေသော အိမ်မှ၎င်း၊ မြို့မှ၎င်း ထွက်သွားစဉ်၊ သင်တို့၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။
Matt BurJudso 10:15  ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ၍ ခံရလတံ့။
Matt BurJudso 10:16  တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။
Matt BurJudso 10:17  လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။
Matt BurJudso 10:18  ထိုသူတို့မှစ၍ တပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှါ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။
Matt BurJudso 10:19  သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏ ခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။
Matt BurJudso 10:20  အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။
Matt BurJudso 10:21  ထိုအခါ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။
Matt BurJudso 10:22  လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင် အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
Matt BurJudso 10:23  တမြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မှီ လူသားသည်ကြွလာလိမ့်မည်။
Matt BurJudso 10:24  တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။
Matt BurJudso 10:25  တပည့်သည် ဆရာကဲ့သို့၎င်း၊ ကျွန်သည်သခင် ကဲ့သို့၎င်းဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုဟုခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။
Matt BurJudso 10:26  ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည်။ ဆိတ် ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။
Matt BurJudso 10:27  မှောင်မိုက်၌ သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း၌ ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ဟု မိန့်တော်မူ၏။
Matt BurJudso 10:28  တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။
Matt BurJudso 10:29  စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။
Matt BurJudso 10:30  သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။
Matt BurJudso 10:31  ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။
Matt BurJudso 10:32  အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။
Matt BurJudso 10:33  အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။
Matt BurJudso 10:34  မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း။
Matt BurJudso 10:35  အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း။
Matt BurJudso 10:36  ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။
Matt BurJudso 10:37  အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။
Matt BurJudso 10:38  အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။
Matt BurJudso 10:39  မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။
Matt BurJudso 10:40  သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူ သောသူကို လက်ခံ၏။
Matt BurJudso 10:41  ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏အကျိုးကို ခံရလတံ့၊ ဖြောင့်မတ်သောသူ၏မျက်နှာကိုထောက်၍၊ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ် သောသူ၏အကျိုးကို ခံရလတံ့။
Matt BurJudso 10:42  အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ်တစုံတယောက်အား ရေတခွက်ကို မျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။