Site uses cookies to provide basic functionality.

OK
ACTS
Prev Up Next Toggle notes
Chapter 23
Acts BurCBCM 23:1  ပေါလုသည်လည်း ဘာသာရေးလွှတ်တော် အဖွဲ့ဝင်များကို စေ့စေ့ကြည့်လျက် ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့ထက်တိုင် ဘုရားသခင်၏ ရှေ့တော်၌ အပြစ်ကင်းလွတ်သော စိတ်သဘောဖြင့် နေထိုင်ကျင့်ကြံခဲ့ပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 23:2  ထိုအခါ ရဟန်းအကြီးအကဲ အာနာနိယသည် အနီးတွင်ရပ်နေကြသော သူတို့အား ပေါလု၏နှုတ်ကိုရိုက်ရန် အမိန့်ပေးလေ၏။-
Acts BurCBCM 23:3  ထိုအခါ ပေါလုက အသင် ထုံးဖြူသုတ်ထားသော အုတ်တံတိုင်း၊ ဘုရားသခင်သည် သင့်ကိုရိုက်လိမ့်မည်။ သင်သည် ပညတ်တရားနှင့်အညီ အကျွန်ုပ်ကိုစီရင်ရန် ထိုနေရာတွင် ထိုင်နေပါလျက်နှင့် အကျွန်ုပ်ကိုရိုက်နှက်ရန် စေခိုင်းခြင်းအားဖြင့် ပညတ်တရားကို ချိုးဖောက်လေပြီဟုဆို၏။-
Acts BurCBCM 23:4  အနီးတွင်ရပ်နေကြသော သူတို့က သင်သည် ဘုရားသခင်၏ ရဟန်းအကြီးအကဲကို စော်ကားဝံ့ပါသလောဟု သူ့အား ဆိုကြ၏။-
Acts BurCBCM 23:5  ထိုအခါ ပေါလုက ညီအစ်ကိုတို့၊ ထိုသူသည် ရဟန်းအကြီးအကဲဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အကြောင်းမူကား သင်၏လူမျိုးကို အုပ်စိုးသောမင်းအား မကောင်းမပြောရဟု ကျမ်းစာတော်မြတ်တွင် ရေးထားလျက် ရှိသောကြောင့် ဖြစ်ပါသည်ဟု ဆိုလေ၏။
Acts BurCBCM 23:6  သို့သော် ထိုသူတို့တွင် အချို့တို့သည် ဖာရီဇေးဦးများဖြစ်ကြ၍ အချို့တို့သည် ဇာဒူခေးဦးများဖြစ်ကြောင်းကို ပေါလုသတိပြုမိသောအခါ သူက အစ္စရာအဲလ်လူမျိုး ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရီဇေးဦးဖြစ်ပါသည်။ ဖာရီဇေးဦး၏ သားလည်းဖြစ်ပါသည်။ သေသူတို့သည် ရှင်ပြန်ထမြောက်ရမည်ဟု မျှော်လင့်ခြင်းကြောင့် အကျွန်ုပ်သည် ဤနေရာ၌ စစ်ဆေးစီရင်ခြင်းကို ခံနေရပါသည်ဟု ဘာသာရေးလွှတ်တော်အဖွဲ့ရှေ့တွင် ကြွေးကြော်လေ၏။-
Acts BurCBCM 23:7  သူသည် ထိုစကားကို ပြောဆိုပြီးသောအခါ ဖါရီဇေးဦးများနှင့် ဇာဒူခေးဦးတို့သည် အပြင်းအထန် သဘောကွဲလွဲကြပြီး ဘာသာရေးလွှတ်တော်အဖွဲ့သည် နှစ်ဖွဲ့ကွဲသွားလေ၏။-
Acts BurCBCM 23:8  အကြောင်းမူကား ဇာဒူခေးဦးတို့က သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်တမန်တော်နှင့် နာမ်ဝိညာဉ်တို့မရှိဟု ပြောဆိုကြသောကြောင့်ဖြစ်၏။ ဖာရီဇေးဦးတို့မူကား ဤသုံးပါးစလုံးရှိသည်ဟု ယုံကြည်လက်ခံထားကြ၏။-
Acts BurCBCM 23:9  ထို့နောက် ဆူညံသံများ ပိုမိုကျယ်လောင်လာပြီး ဖာရီဇေးဦးတို့၏ အဖွဲ့တွင်ပါဝင်သော ကျမ်းတတ်ဆရာအချို့တို့သည် ထကြ၍ ငါတို့သည် ဤသူ၌ မည်သည့်အပြစ်ကိုမျှမတွေ့။ သူ့အား နာမ်ဝိညာဉ်ကဖြစ်စေ၊ ကောင်းကင်တမန်တော်တစ်ပါးက ဖြစ်စေ ဗျာဒိတ်ပေးကောင်း ပေးခဲ့ပေလိမ့်မည်ဟု ငြင်းခုံပြောဆိုကြ၏။-
Acts BurCBCM 23:10  ဤသို့ဖြင့် သဘောထားကွဲလွဲမှု ပြင်းထန်လာသောအခါ ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို ရောမတပ်မှူးသည် စိုးရိမ်သောကြောင့် စစ်သူရဲများကို ဆင်းသွားစေ၍ ပေါလုကို ထိုသူတို့အလယ်မှ အတင်းအကျပ် ခေါ်ဆောင်လာစေပြီး ခံတပ်အတွင်းသို့ပို့ရန် အမိန့်ပေးလေ၏။
Acts BurCBCM 23:11  ထိုည၌ သခင်ဘုရားသည် ပေါလုအနီးတွင်ရပ်နေလျက် မကြောက်နှင့်၊ သင်သည် ဂျေရုဆလင်မြို့ ၌ ငါ၏အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့တွင်လည်း သက်သေခံရမည်ဟု မိန့်တော်မူ၏။
Acts BurCBCM 23:12  နောက်တစ်နေ့နံနက်တွင် အချို့သောဂျူးလူမျိုးတို့ သည် စုဝေးကြလျက် ပေါလုကို မသတ်ရမချင်း မစားမသောက်ကြရန် အဓိဋ္ဌာန်ပြုကြလေ၏။-
Acts BurCBCM 23:13  ထိုသို့လျှို့ဝှက်ကြံစည်သူတို့မှာ အယောက်လေးဆယ်ကျော်ရှိကြ၏။-
Acts BurCBCM 23:14  ထိုသူတို့သည် ရဟန်းအကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့ထံ သွားကြ၍ အကျွန်ုပ်တို့သည် ပေါလုကို မသတ်ရမချင်း မည်သည့်အရာကိုမျှ မစားကြရန် အဓိဋ္ဌာန်ပြုပြီး ဖြစ်ပါ၏။-
Acts BurCBCM 23:15  သို့ဖြစ်ပါ၍ ယခုအရှင်တို့နှင့် လွှတ်တော်အရာရှိများသည် ပေါလု၏အမှုကို ပို၍တိကျစွာ စစ်ဆေးလိုဟန်ဖြင့် သူ့ကိုအရှင်တို့ထံသို့ ခေါ်ဆောင်လာပါရန် ရောမတပ်မှူးအား အကြောင်းကြားပါလော့။ သို့ရာတွင် အရှင်တို့ထံသို့ သူမရောက်မီ အကျွန်ုပ်တို့သည် သူ့ကိုသတ်ရန် အသင့်စောင့်နေကြပါမည်ဟု လျှောက်ကြ၏။
Acts BurCBCM 23:16  ထိုသို့လမ်းမှ ဆီးကြိုတိုက်ခိုက်မည့်အကြံကို ပေါလု၏တူဖြစ်သူ ကြားသိသွားသောအခါ သူသည်လာ၍ ခံတပ်အတွင်းသို့ ဝင်ပြီး ပေါလုအား ပြောပြလေ၏။-
Acts BurCBCM 23:17  ထိုအခါ ပေါလုသည် လူတစ်ရာတပ်မှူးတစ်ဦးကိုခေါ်၍ ဤလူရွယ်ကို တပ်မှူးထံပို့ပေးပါ။ သူ၌ တပ်မှူးအား သတင်း ပေးစရာရှိပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 23:18  သို့ဖြစ်၍ လူတစ်ရာတပ်မှူးသည် ထိုလူရွယ်ကို တပ်မှူးထံသို့ခေါ်သွားပြီးလျှင် အကျဉ်းသားပေါလုသည် အကျွန်ုပ်ကိုခေါ်၍ ဤလူငယ်၌ အရှင့်အား သတင်းပေးစရာရှိသည့်အတွက် သူ့ကို အရှင့်ထံသို့ ပို့ပေးပါမည့်အကြောင်း တောင်းဆိုခဲ့ပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 23:19  ထိုအခါ ရောမတပ်မှူးသည် လူရွယ်၏လက်ကိုဆွဲ၍ ဘေးဘက်သို့ ခေါ်သွားပြီးလျှင် သင်သည် ငါ့အား မည်သည့် အကြောင်းကိစ္စကို တင်ပြလိုသနည်းဟု သီးခြားမေးလေ၏။-
Acts BurCBCM 23:20  ထိုလူရွယ်ကလည်း ဂျူးလူမျိုးတို့သည် ပေါလု၏အမှုကို ပို၍တိကျစွာ စုံစမ်းစစ်ဆေးလိုဟန်ဖြင့် ပေါလုကို မနက်ဖြန်နေ့၌ တရားရုံးသို့ ခေါ်ဆောင်လာရန် အရှင့်အား တောင်းပန်ကြမည်ဟု တိုင်ပင်ထားကြပါ၏။-
Acts BurCBCM 23:21  သို့သော် သူတို့အား မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်ခန့်သည် လမ်းတွင် ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်လျက်ရှိကြပါသည်။ ထိုသူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေကြရန် အဓိဋ္ဌာန်ပြုထားကြပါသည်။ ထိုသူတို့သည် ပေါလုကိုသတ်ရန် ယခုပင် အသင့်ပြင်ဆင်ကာ အရှင်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 23:22  ရောမတပ်မှူးကလည်း သင်သည် ငါ့အား ဤသတင်းကို ပေးပို့ခဲ့ကြောင်း မည်သူ့ကိုမျှ မပြောနှင့်ဟုဆို၍ လူရွယ်ကို ပြန်လွှတ်လိုက်လေ၏။
Acts BurCBCM 23:23  ထို့နောက် ရောမတပ်မှူးသည် လူတစ်ရာတပ်မှူး နှစ်ယောက်ကိုခေါ်၍ ပြောသည်မှာ ယနေ့ည ကိုးနာရီတွင် ဆီဇားရိယမြို့သို့ ထွက်ခွာရန် စစ်သူရဲနှစ်ရာ၊ မြင်းစီးသူရဲခုနစ်ဆယ်နှင့် လှံကိုင်သူရဲနှစ်ရာတို့ကို အဆင်သင့်ပြင်ဆင်ထားလော့။-
Acts BurCBCM 23:24  ပေါလုစီးရန်မြင်းကိုလည်း ပြင်ထား၍ သူ့ကို ဖေလစ်မင်းထံသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးကြလော့ဟု အမိန့်ပေးလေ၏။-
Acts BurCBCM 23:25  ထို့နောက် ရောမတပ်မှူးသည် ဘုရင်ခံထံသို့ စာတစ်စောင်ကိုလည်း ရေးပေးလိုက်လေ၏။
Acts BurCBCM 23:26  ထိုစာတွင် ရေးထားသည်ကား ကလောဒီဦးလစ္စီယထံမှ ရိုသေလေးစားအပ်သော ဘုရင်ခံဖေလစ်ထံသို့ နှုတ်ခွန်းဆက်သ လိုက်ပါသည်။-
Acts BurCBCM 23:27  ဂျူးလူမျိုးတို့သည် ဤသူ့ကိုဖမ်းဆီး၍ သတ်မည်ပြုကြပါသည်။ သို့သော် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်း အကျွန်ုပ်ကြားသိရ သောကြောင့် စစ်သူရဲများနှင့်အတူ သွားပြီးလျှင် သူ့ကို ကယ်ဆယ်ထားခဲ့ပါသည်။-
Acts BurCBCM 23:28  အကျွန်ုပ်သည် သူ့ကို ဂျူးလူမျိုးတို့က မည်သို့သောစွဲချက်ဖြင့် အပြစ်တင်ကြသည်ကို သိလိုသဖြင့် သူတို့၏တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ပါ သည်။-
Acts BurCBCM 23:29  သူသည် ထိုသူတို့၏ပညတ်တရားနှင့်ဆိုင်သော ပြဿနာများဖြင့် စွဲချက်တင်ခံရခြင်းဖြစ်သော်လည်း သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ခံထိုက်သော အပြစ်တစ်စုံတစ်ရာ မရှိကြောင်း အကျွန်ုပ်တွေ့ရှိခဲ့ပါ၏။-
Acts BurCBCM 23:30  ထို့နောက် သူ့ကိုလုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြသည့် သတင်းကိုရရှိသဖြင့် အကျွန်ုပ်သည် သူ့ကို အရှင့်ထံသို့ ယခုချက်ချင်း စေလွှတ်လိုက်ပါသည်။ သူ့ကိုစွပ်စွဲအပြစ်တင် သူများအားလည်း သူနှင့်ပတ်သက်၍ ပြောရန်ရှိသည်တို့ကို အရှင်၏ရှေ့မှောက်၌ လျှောက်ထားစေခြင်းငှာ အကျွန်ုပ် ညွန်ကြားလိုက်ပါသည်။ ကျန်းမာပါစေဟူ၍ ပါရှိလေ၏။
Acts BurCBCM 23:31  သို့ဖြစ်၍ စစ်သူရဲတို့သည် အမိန့်အတိုင်း ထိုညတွင် ပေါလုကို အန္တီပတ္ထရစ်မြို့အထိပို့ဆောင်ကြ၏။-
Acts BurCBCM 23:32  နောက်တစ်နေ့တွင် သူတို့သည် ခံတပ်သို့ပြန်လာခဲ့ကြပြီး မြင်းစီးသူရဲများကိုမူ ပေါလုနှင့်အတူ ဆက်လက်လိုက်ပါသွားရန် ထားခဲ့ကြ၏။-
Acts BurCBCM 23:33  ဤသို့ဖြင့် ထိုသူတို့သည် ဆီဇားရိယမြို့သို့ ရောက်ကြသောအခါ တပ်မှူး၏စာကို ဘုရင်ခံထံ ဆက်သကြကာ ပေါလုကိုလည်း ရှေ့တော်သို့သွင်းကြ၏။-
Acts BurCBCM 23:34  ဘုရင်ခံသည်လည်း စာကိုဖတ်ပြီးမှ သင်သည် မည်သည့်နယ်မှ လာသနည်းဟု ပေါလုကို မေးလေ၏။ ပေါလုသည် စီလိစိယနယ်မှ လာကြောင်း သူသိရသောအခါ၊-
Acts BurCBCM 23:35  ဘုရင်ခံက သင့်ကိုစွပ်စွဲသူများ ရောက်လာကြသောအခါ သင်၏အမှုကို ငါကြားနာမည်ဟုဆို၏။ ထို့နောက် သူသည် ပေါလုကို ဟေရုဒ်၏ နန်းတော်အတွင်း၌ အစောင့်အကြပ်နှင့်ထားရန် အမိန့်ပေးလေ၏။