Site uses cookies to provide basic functionality.

OK
EXODUS
Prev Up Next Toggle notes
Chapter 29
Exod BurJudso 29:1  သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ အဘယ်သို့ သန့်ရှင်းစေရမည် နည်းဟူမူကား၊ အပြစ်မပါသော နွားသငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကို၎င်း၊
Exod BurJudso 29:2  တဆေးမပါသော ဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ကြွပ်တို့ကို၎င်း ယူရမည်။
Exod BurJudso 29:3  ထိုမုန့်များကို တောင်းတလုံးထဲ၌ ထည့်ပြီးမှ၊ နွားတကောင်၊ သိုးနှစ်ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။
Exod BurJudso 29:4  အာရုန်နှင့်သူ၏သားတို့ကို၊ ပရိသတ် စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။
Exod BurJudso 29:5  အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ၍၊ ထူးဆန်းသော သင်တိုင်းရင်စည်းနှင့် စည်းရမည်။
Exod BurJudso 29:6  သူ၏ ခေါင်းပေါ်မှာ ဗေါင်းကိုတင်၍၊ ဗေါင်း၌သန့်ရှင်းသော သင်းကျစ်ကို တပ်ရမည်။
Exod BurJudso 29:7  ထိုအခါ လိမ်းစရာ ဆီကိုယူ၍ သူ၏ ခေါင်းပေါ်၌ လောင်းသဖြင့် သူ့ကိုလိမ်းရမည်။
Exod BurJudso 29:8  သူ၏သားတို့ကိုလည်း ခေါ်ခဲ့၍ အင်္ကျီဝတ်စေရမည်။
Exod BurJudso 29:9  ခါးပန်းကိုလည်း စည်း၍၊ ဦးထုပ်ကိုလည်း ဆောင်းစေပြီးလျှင်။ သူတို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင်ရမည်။ ထိုသို့ အာရုန်နှင့် သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားရမည်။
Exod BurJudso 29:10  ထိုနောက်၊ နွားထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏ သားတို့သည်၊ မိမိတို့ လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။
Exod BurJudso 29:11  ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ရမည်။
Exod BurJudso 29:12  အသွေးကို ယူ၍ ယဇ်ပလ္လင်ဦးချိုတို့၌ လက်ညှိုးနှင့်ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင် ခြေရင်းနား၌ သွန်ရမည်။
Exod BurJudso 29:13  အအူကို ဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
Exod BurJudso 29:14  နွား၏အသား၊ အရေး၊ ချေးနုကိုကား၊ တပ်ပြင်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်၏
Exod BurJudso 29:15  သိုးထီးတကောင်ကိုလည်း ယူ၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည်။
Exod BurJudso 29:16  ထိုသိုးကို သတ်ပြီးလျှင် အသွေးကိုယူ၍ ယဇ်ပလ္လင်အပေါ်နား ပတ်လည်၌ ဖြန်းရမည်။
Exod BurJudso 29:17  သိုးကိုလည်း အပိုင်းပိုင်းဖြတ်၍ ဝမ်းထဲ၌ရှိသောအရာနှင့်ခြေတို့ကို ဆေးကြောပြီးလျှင်၊ ခေါင်းနှင့် သားတစ်များကို စုထား၍၊
Exod BurJudso 29:18  သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးရှို့သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်၏။
Exod BurJudso 29:19  အခြားသော သိုးကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည်။
Exod BurJudso 29:20  ထိုသိုးကို သတ်ပြီးလျင် အသွေးကိုယူ၍ အာရုန်၏ လက်ျာနားပျဉ်း၌၎င်း၊ သူ၏သားတို့၏ လက်ျာနားပျဉ်း၌၎င်း။ သူတို့၏ လက်ျာလက်မ၌၎င်း၊ လက်ျာခြေမ၌၎င်း ထည့်၍၊ ယဇ်ပလ္လင်အပေါ် ပတ်လည်၌ ဖြန်းရမည်။
Exod BurJudso 29:21  ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းစရာဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏ သားတို့နှင့်သူတို့ အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့သည် သန့်ရှင်း ကြလိမ့်မည်။
Exod BurJudso 29:22  ထိုသိုးသည် အရာ၌ ခန့်ထားရာသိုး ဖြစ်သောကြောင့်၊ ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်း ပေါ်၌ ရှိသောအမြှေး ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသော ဆီဥ၊ လက်ျာပခုံး၊
Exod BurJudso 29:23  ထာဝရဘုရား ရှေ့တော၌ထားသော တဆေးမဲ့ မုန့်တောင်းထဲက မုန်တလုံး၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကို ယူ၍၊
Exod BurJudso 29:24  အာရုန်လက်၊ သူ၏ သားတို့လက်၌ ထိုအရာတို့ကို ထားပြီးလျှင်၊ ထာဝရ ဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုရမည်။
Exod BurJudso 29:25  ထိုအရာတို့ကို သူတို့လက်မှ ခံယူ၍၊ ထာဝရဘုရား ရှေ့တော်တွင် မွှေးကြိုင်သောအနံ့ ဖြစ်စေခြင်းငှါ၊ ယဇ်ပလ္လင်၌ မီးရှို့ရာ ယဇ်အပေါ်မှာ ရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာ ဖြစ်၏။
Exod BurJudso 29:26  အာရုန်၏အရာ၌ ခန့်ထားရာ သိုး၏ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုပြီးမှ၊ သိုး၏ ရင်ပတ်သည် သင်၏အဘို့ ဖြစ်ရမည်။
Exod BurJudso 29:27  ထိုသို့ အာရုန်နှင့်သားတို့၏ အရာ၌ ခန့်ထားသော သိုးထဲက၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲ သော ရင်ပတ်ကို၎င်း၊ ချီမြှောက်သော ပူဇော်သက္ကာပြု၍၊ ချီမြှောက်သော ပခုံးကို၎င်း သန့်ရှင်းစေ ပြီးမှ၊
Exod BurJudso 29:28  ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏ အဘို့၊ သူ့သားတို့၏အဘို့ ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိဿဟာယယဇ်ထဲက၊ ထာဝရ ဘုရား ရှေ့တော်၌ ချီးမြှောက်၍၊ ချီးမြှောက်ရာ ပူဇော်သက္ကာ ဖြစ်၏။
Exod BurJudso 29:29  အာရုန်၏ သန့်ရှင်းသော အဝတ်တန်ဆာကို၊ သူ၏သားတို့သည် အမွေခံသဖြင့်၊ ဆီလိမ်းခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသောအခါ၊
Exod BurJudso 29:30  အာရုန်ကိုယ်စား ယဇ်ပုရောဟိတ်လုပ်သော သားသည်၊ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ ခုနစ်ရက်ပတ်လုံး ဝတ်ဆင်ရမည်။
Exod BurJudso 29:31  အရာ၌ခန့်ထားရာ သိုး၏အသားကို ယူ၍၊ သန့်ရှင်းရာဌာန၌ ပြုတ်ပြီးမှ၊
Exod BurJudso 29:32  အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို၎င်း၊ တောင်းထဲ၌ ရှိသောမုန့်ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စားရကြမည်။
Exod BurJudso 29:33  သူတို့ကို သန့်ရှင်းစေ၍၊ အရာ၌ ခန့်ထားစေခြင်းငှါ၊ အပြစ်ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သော အရာတို့ကို၊ သူတို့သည် စားရကြမည်။ ထိုအရာတို့သည် သန့်ရှင်းသောကြောင့်၊ မဆိုင်သောသူ မစားရ။
Exod BurJudso 29:34  အရာ၌ ခန့်ထားရာနှင့် ဆိုင်သော အမဲသားဖြစ်စေ၊ မုန့်ဖြစ်စေ၊ နံနက်တိုင်အောင် ကျန်ကြွင်းလျှင်၊ ထိုအကြွင်းကို မီးရှို့ရမည်။ သန့်ရှင်းသောကြောင့်၊ အဘယ်သူမျှ မစားရ။
Exod BurJudso 29:35  ထိုသို့ ငါပညတ်သမျှအတိုင်း အာရုန်နှင့် သူ၏ သားတို့ အားပြု၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားခြင်း မင်္ဂလာကို၊ ခုနစ်ရက်ပတ်လုံးဆောင်ရမည်။
Exod BurJudso 29:36  ထိုမှတပါး၊ အပြစ်ဖြေခြင်းအလိုငှါ၊ နေ့တိုင်း နွားထီးတကောင်ကို ပူဇော်၍၊ အပြစ်ဖြေရာယဇ် ပြုရမည်။ ထိုသို့ ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြုပြီးမှ၊ ပလ္လင်ကို စင်ကြယ်စေရမည်။ ထို့နောက် သန့်ရှင်း စေခြင်းငှါ ဆီနှင့် လိမ်းရမည်။
Exod BurJudso 29:37  ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြု၍ သန့်ရှင်းစေပြီးမှ၊ အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်၍၊ ထိုပလ္လင်နှင့် တွေ့သမျှသောအရာတို့သည် သန့်ရှင်းသောအရာ ဖြစ်ရမည်။
Exod BurJudso 29:38  ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာ ဟူမူကား၊ အခါမလည်သော သိုးသငယ် နှစ်ကောင်ကို ယူ၍၊
Exod BurJudso 29:39  နေ့တိုင်းအစဉ်မပြတ် နံနက်ယံ၌ တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။
Exod BurJudso 29:40  သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသော သံလွင်ဆီသုံးလောဃ နှင့် ရောသော မုန့်ညက်တဩမဲကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃကို ၎င်း၊ သိုးသငယ်နှင့် အတူ ပူဇော်ရမည်။
Exod BurJudso 29:41  အခြားသော သိုးသငယ်ကို ညဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာပြုရမည်။
Exod BurJudso 29:42  ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရား ရှေ့တော် ၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ် မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။
Exod BurJudso 29:43  ထိုအရပ်၌ ဣသရေလအမျိုးသားတို့နှင့် ငါတွေ့၍၊ ငါ့ဘုန်းတော်အားဖြင့် သူတို့ကို သန့်ရှင်းစေမည်။
Exod BurJudso 29:44  ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေ ခြင်းငှါ၊ အာရုန်နှင့် သူ၏သားတို့ကို၎င်း၊ ပရိသတ် စည်းဝေးရာ တဲတော်ကို၎င်း၊ ယဇ်ပလ္လင်ကို၎င်း၊ ငါသန့်ရှင်းစေမည်။
Exod BurJudso 29:45  ဣသရေလအမျိုးသားတို့တွင် ငါနေ၍၊ သူတို့၏ ဘုရားဖြစ်မည်။
Exod BurJudso 29:46  ငါသည် သူတို့တွင် နေခြင်းငှါ၊ သူတို့ကို အဲဂုတ္တုပြည်ထဲက ကယ်နှုတ်ဆောင်ယူခဲ့သော သူတို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိကြလိမ့်မည်။ ငါသည် သူတို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။