Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 42
Psal BurCBCM 42:1  သမင်ဒရယ်သည် စီးဆင်းနေသော စမ်းချောင်းကို တမ်းတသကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည်လည်း ကိုယ်တော့်ကို တမ်းတပါ၏။-
Psal BurCBCM 42:2  ငါ၏ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသည့် ဘုရားကို တောင့်တပါ၏။ ငါသည် မည်သည့်အခါတွင် ကိုယ်တော်၏ ရွှေမျက်နှာတော်ကို လာရောက်ဖူးမြင်ရပါမည်နည်း။-
Psal BurCBCM 42:3  လူတို့က သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်မပြတ် ပြောဆိုကြသဖြင့် ငါ၏မျက်ရည်တို့သည် နေ့ညမပြတ် ငါ၏စားစရာဖြစ်ရပါ၏။
Psal BurCBCM 42:4  ဘုရားသခင်၏ ကျေးဇူးတော်ကို ရွှင်လန်းစွာသီဆိုကာ ချီးမွမ်းလျက် ပွဲတော်ကျင်းပကြသော လူအစုအဝေးကို ဦးဆောင်၍ ဘုရားသခင်၏ အိမ်တော်သို့ စီတန်းလှည့်လည် သွားခဲ့ရခြင်းကို ငါရင်ဖွင့်သောအခါ ၎င်းတို့ကို ငါသတိရပါ၏။-
Psal BurCBCM 42:5  အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်နေပါသနည်း။ ငါ၏ရင်တွင်း၌ အဘယ်ကြောင့် မငြိမ်မသက် ဖြစ်နေပါသနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ အကြောင်းမူကား ငါ့ကိုကူညီမစတော်မူသော အရှင်ဖြစ်သည့် ငါ၏ ဘုရားသခင်ကို ငါသည် ထပ်မံ၍ ချီးမွမ်းထောမနာပြုမည်။
Psal BurCBCM 42:6  အကျွန်ုပ်၏ဝိညာဉ်သည် အကျွန်ုပ်၏ရင်တွင်း၌ ညှိုးငယ်လျက်ရှိ၏။ ထို့ကြောင့် အကျွန်ုပ်သည် ဂျော်ဒန်ပြည်နှင့် ဟေမွန်ပြည်တို့မှလည်းကောင်း၊ မစ်ဇာတောင်မှလည်းကောင်း ကိုယ်တော့်ကို အောက်မေ့သတိရပါ၏။-
Psal BurCBCM 42:7  ကိုယ်တော့်ရေတံခွန်များ၏ မြည်ဟည်းသံများနှင့်အတူ ဝဲဩဃတို့သည် တစ်ခုကိုတစ်ခု ဟစ်အော်ခေါ်ကြပါ၏။ ကိုယ်တော်၏ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်အပေါ် လွှမ်းမိုးကြလေပြီ။-
Psal BurCBCM 42:8  ထာ၀ရဘုရားသခင်သည် နေ့အချိန်၌ ကရုဏာမေတ္တာတော်ကို ပြတော်မူ၍ ညအချိန်၌ ငါသည်ဂုဏ်တော်ကို ကျူးအေးလျက် ငါ၏ အသက်သခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။
Psal BurCBCM 42:9  ကိုယ်တော်သည် အကျွန်ုပ်ကို အဘယ်ကြောင့်မေ့လျော့၍ နေတော်မူပါသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ ဖိနှိပ်မှုကိုခံရပြီး ဝမ်းနည်းကြေကွဲစွာ သွားလာရပါမည်နည်းဟူ၍ ငါ၏ကျောက်ဆောင်တော်ဖြစ်သော ဘုရားသခင်ထံသို့ ငါလျှောက်ထားပါ၏။-
Psal BurCBCM 42:10  ငါ၏ရန်သူတို့က သင်၏ဘုရားသခင် အဘယ်မှာရှိသနည်းဟု ငါ့အား နေ့စဉ်ပြောဆိုကြလျက် ငါ၏အရိုးများ ကွဲလုမတတ် ကဲ့ရဲ့စော်ကားကြ၏။
Psal BurCBCM 42:11  အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်နေပါသနည်း။ ငါ့ရင်တွင်း၌ အဘယ်ကြောင့် မငြိမ်မသက်ဖြစ်နေ ပါသနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ အကြောင်းမူကား ငါ့ကို ကူညီမစတော်မူသောအရှင် ငါ၏ဘုရားသခင်ကို ငါသည် ထပ်မံ၍ ချီးမွမ်းထောမနာပြုပါမည်။