Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 145
Psal BurCBCM 145:1  အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားနှင့် ဘုရင်ဖြစ်တော်မူသော ကိုယ်တော့်ကိုချီးမြှောက်၍ ကိုယ်တော်၏နာမတော်ကို ကာလအဆက်ဆက် ကောင်းချီးပေးပါမည်။-
Psal BurCBCM 145:2  အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ကိုယ်တော့်ကို ကောင်းချီးပေး၍ ကာလအစဉ်အဆက် ကိုယ်တော်၏ နာမတော်အား ချီးမွမ်းထောမနာပြုပါမည်။-
Psal BurCBCM 145:3  ထာ၀ရဘုရားသခင်သည် ကြီးမြတ်၍ ချီးမွမ်းထောမနာပြုခြင်းကို အလွန်ခံထိုက်တော်မူ၏။ ကိုယ်တော်၏ ကြီးမြတ်တော် မူခြင်းသည် တိုင်းတာ၍မရနိုင်ပါ။
Psal BurCBCM 145:4  ကိုယ်တော်လုပ်ဆောင်တော်မူသော အမှုအရာတို့ကို လူမျိုးအဆက်ဆက် ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ အံ့ဖွယ်အမှုတို့ကို ထုတ်ဖော်ကြေညာကြလိမ့်မည်။-
Psal BurCBCM 145:5  သူတို့သည် ကိုယ်တော့်ဘုန်းအာနုဘော်၏ ဂုဏ်ကျက်သရေကို ပြောဆိုကြပါလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်၏ အံ့ဖွယ်အမှုအရာတို့ကို ဆင်ခြင်ထောက်ရှုပါမည်။-
Psal BurCBCM 145:6  လူတို့သည် ကြောက်မက်ဖွယ်အမှုတို့ပါဝင်သော ကိုယ်တော်၏တန်ခိုးတော်ကို ကြေညာပြောဆိုကြလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းကို ထုတ်ဖော်ကြေညာပါမည်။-
Psal BurCBCM 145:7  သူတို့သည် ကိုယ်တော်၏ အတိုင်းမသိကောင်းမြတ်တော်မူခြင်းကို ပြောဆိုကြ၍ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို ကျယ်လောင်စွာ သီဆိုချီးမွမ်းကြပါလိမ့်မည်။
Psal BurCBCM 145:8  ထာ၀ရဘုရားသခင်သည် ကျေးဇူးတော်နှင့်ပြည့်စုံ၍ သနားကရုဏာရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် စိတ်ရှည်သည်းခံ၍ ခိုင်မြဲသော ကရုဏာမေတ္တာတော်နှင့် ကြွယ်၀တော်မူ၏။-
Psal BurCBCM 145:9  ကိုယ်တော်သည် လူအားလုံးအပေါ် ကောင်းမြတ်၍ မိမိဖန်ဆင်းထားသော အရာသတ္တဝါတို့အပေါ် သနားကြင်နာတော်မူ၏။
Psal BurCBCM 145:10  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လက်ရာတော်ရှိသမျှတို့သည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါလိမ့်မည်။ ကိုယ်တော်၏ သူတော်သူမြတ်အပေါင်းတို့သည် ကိုယ်တော့်ကို ကောင်းချီးမင်္ဂလာပေးကြပါလိမ့်မည်။-
Psal BurCBCM 145:11  သူတို့သည် ကိုယ်တော့်နိုင်ငံတော်၏ ဘုန်းဂုဏ်တော်နှင့် ကိုယ်တော်၏တန်ခိုးတော်ကို ပြောကြားကြပါလိမ့်မည်။-
Psal BurCBCM 145:12  ဤသို့ဖြင့် လူအပေါင်းတို့သည် ကိုယ်တော်၏ အံ့ဩဖွယ်အမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းကျက်သရေတော်ကို သိရှိလာပါလိမ့်မည်။-
Psal BurCBCM 145:13  ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာ၀ရတည်ရှိသော နိုင်ငံတော်ဖြစ်၍ ကိုယ်တော်၏ ဘုန်းအာဏာတော်သည်လည်း လူမျိုးအစဉ်အဆက် တည်တော်မူပါ၏။ ထာ၀ရဘုရားသခင်သည် မိမိ၏ကတိတော်အားလုံး၌ သစ္စာတည်၍ မိမိပြုလုပ်သော အမှုတို့၌ ကရုဏာမေတ္တာတော်ကို ပြတော်မူ၏။-
Psal BurCBCM 145:14  ထာ၀ရဘုရားသခင်သည် ဒုက္ခရောက်နေသောသူတို့ကို ကူညီစောင်မ၍ လဲကျနေသောသူတို့ကို ထူမပေးတော်မူ၏။-
Psal BurCBCM 145:15  လူအပေါင်းတို့သည် ကိုယ်တော့်ကို မျှော်ကြည့်ကြ၍ ကိုယ်တော်သည် သင့်လျော်သောအချိန်၌ သူတို့အား အစားအစာကို ပေးတော်မူ၏။-
Psal BurCBCM 145:16  ကိုယ်တော်သည် လက်တော်ကိုဖွင့်၍ သက်ရှိသတ္တဝါတိုင်း၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတော်မူ၏။-
Psal BurCBCM 145:17  ထာ၀ရဘုရားသခင်သည် မိမိ၏လမ်းတော်တို့တွင် တရားမျှတ၍ မိမိပြုလုပ်တော်မူသော အမှုအရာတို့၌ သနားကရုဏာနှင့် ပြည့်စုံတော်မူ၏။-
Psal BurCBCM 145:18  ထာ၀ရဘုရားသခင်သည် မိမိကိုခေါ်တ၍ အသနားခံသူအပေါင်းတို့၏ အနီးတွင်ရှိတော်မူ၏။ ကိုယ်တော်သည် သစ္စာသမ္မာ တရား၌ ကိုယ်တော့်ကို အသနားခံသောသူအပေါင်းတို့၏ အနီးတွင်ရှိတော်မူ၏။-
Psal BurCBCM 145:19  ကိုယ်တော်သည် မိမိအား ကြောက်ရွံ့ရိုသေသော သူအပေါင်းတို့၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးတော်မူ၏။ ကိုယ်တော်သည် သူတို့၏အော်ဟစ်သံကိုလည်း ကြားတော်မူ၍ သူတို့ကိုကယ်တင်တော်မူ၏။-
Psal BurCBCM 145:20  ထာ၀ရဘုရားသခင်သည် မိမိကိုချစ်သော သူအပေါင်းတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့သော် ကိုယ်တော်သည် ဆိုးယုတ်သောသူတို့ကို ဖျက်ဆီးသုတ်သင်တော်မူလိမ့်မည်။
Psal BurCBCM 145:21  အကျွန်ုပ်၏နှုတ်သည် ထာ၀ရဘုရားသခင်ကို အစဉ်ချီးမွမ်းထောမနာပြုပါမည်။ သက်ရှိသတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းမွန်မြတ်သော နာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးပေးကြပါစေ။