Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 108
Psal BurCBCM 108:1  အကျွန်ုပ်၏နှလုံးသည် တည်ကြည်ခိုင်မြဲပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်၏နှလုံးသည် တည်ကြည်ခိုင်မြဲပါ၏။ အကျွန်ုပ်သည် တေးသီချင်းစပ်၍ သီဆိုကျူးအေးပါမည်။-
Psal BurCBCM 108:2  အိုငါ့ဝိညာဉ်၊ နိုးထပါလော့။ စောင်းကြီးစောင်းငယ်တို့၊ နိုးထကြလော့။ ငါသည် အရုဏ်ဦးကို နိုးထစေမည်။-
Psal BurCBCM 108:3  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် လူမျိုးအပေါင်းတို့အလယ်တွင် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော့်ကိုချီးမွမ်းဧကျူးပါမည်။-
Psal BurCBCM 108:4  အကြောင်းမူကား ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် ကောင်းကင်ယံတို့ထက်မြင့်မား၍ ကိုယ်တော်၏ သစ္စာတော်သည် မိုးတိမ်များထိတိုင်အောင် ရောက်ပါ၏။
Psal BurCBCM 108:5  အိုဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်ယံအထက်တိုင် ချီးမြှောက်ခြင်းကို ခံရပါစေ။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည်လည်း ကမ္ဘာမြေပြင်တစ်ဝန်းလုံးကို လွှမ်းမိုးတော်မူစေသတည်း။-
Psal BurCBCM 108:6  ကိုယ်တော်ချစ်မြတ်နိုးသောသူတို့ လွတ်မြောက်စေရန် ကိုယ်တော်၏ လက်ယာလက်တော်ဖြင့် ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ကို နားညောင်းတော်မူပါ။
Psal BurCBCM 108:7  ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာန၌ ကတိထားတော်မူသည်ကား ငါသည် အောင်ပွဲခံ၍ ရှီကိမ်မြို့ကိုပိုင်းခြား၍ ဆုကော့ချိုင့်ဝှမ်းကို ခွဲဝေပေးမည်။-
Psal BurCBCM 108:8  ဂိလတ်ပြည်ကို ငါပိုင်၏။ မာနားဆေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်၍ ဂျုဒပြည်သည်လည်း ငါ၏ရာဇလှံတံဖြစ်၏။-
Psal BurCBCM 108:9  မောဘပြည်သည် ငါ၏ရေဆေးဇလုံဖြစ်ပြီး ဧဒွမ်ပြည်ပေါ်၌ ငါ၏ဖိနပ်များကို ငါချထားမည်။ ဖိလစ္စတင်းပြည်ပေါ်တွင် အောင်ပွဲဖြင့် ငါကြွေးကြော်မည် ဟု မိန့်တော်မူ၏။
Psal BurCBCM 108:10  မည်သူသည် ငါ့ကိုခံတပ်မြို့တော်သို့ ခေါ်ဆောင်သွားမည်နည်း။ မည်သူသည် ငါ့ကိုဧဒွမ်သို့ ဦးဆောင်လမ်းညွန်မည်နည်း။-
Psal BurCBCM 108:11  အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်ထားတော်မူသည် မဟုတ်ပါလော။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏စစ်တပ်များနှင့် ချီတက်တော်မမူတော့ပေ။-
Psal BurCBCM 108:12  ရန်သူများကို ဆန့်ကျင်တိုက်ခိုက်ရန် အကျွန်ုပ်တို့အား ကူညီမစတော်မူပါ။ အကြောင်းမူကား လူသားတို့၏ကူညီမှုသည် အချည်းနှီးပင်ဖြစ်ပါ၏။-
Psal BurCBCM 108:13  ဘုရားသခင်နှင့်အတူ အကျွန်ုပ်တို့သည် ရဲရင့်စွာတိုက်ခိုက်နိုင်ပေလိမ့်မည်။ ကိုယ်တော်သာလျှင် အကျွန်ုပ်တို့၏ရန်သူများကို နှိမ်နင်းတော်မူလိမ့်မည်။