Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 39
Psal BurCBCM 39:1  ငါသည်နှုတ်၊ လျှာဖြင့် မပြစ်မှားမိစေရန် ငါ၏အပြုအမူများကို စောင့်ထိန်းပါမည်။ ငါ၏အနီး၌ ဆိုးယုတ်သော သူတို့ရှိနေစဉ် ငါ၏နှုတ်ကို ချုပ်တည်းပါမည်။-
Psal BurCBCM 39:2  ငါသည် နှုတ်ဆိတ်၍ ငြိမ်သက်နေလျက် အကောင်းကိုပင် မပြောဆိုခဲ့ရပေ။ ငါ၏ဝမ်းနည်းပူဆွေးမှုသည် ပိုမိုကြီး ထွားလာခဲ့၏။-
Psal BurCBCM 39:3  ငါ၏နှလုံးသားသည် ငါ့ရင်ထဲ၌ ပို၍ပူလောင်လာ၏။ ငါသည် ပြန်ပြောင်းစဉ်းစားသောအခါ သောကမီးတောက်လောင်လာ၏။ ထိုအခါ ငါ၏နှုတ်လျှာဖြင့် ပြောဆိုခဲ့သည်မှာ၊
Psal BurCBCM 39:4  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဘ၀လမ်းဆုံးကို သိမြင်ခွင့်ပေးတော်မူပါ။ အကျွန်ုပ်နေထိုင်ရမည့် နေ့ရက်များ၏ အရေအတွက်ကိုလည်းကောင်း၊ အကျွန်ုပ်၏ ဘ၀အသက်တာသည် မတည်မြဲကြောင်းကိုလည်းကောင်း သိမြင်ခွင့် ပေးတော်မူပါ။-
Psal BurCBCM 39:5  ကိုယ်တော်သည် အကျွန်ုပ်၏ နေ့ရက်များကို တစ်မိုက်မျှသာ ရှည်လျားစေတော်မူလေပြီ။ အကျွန်ုပ်၏ အသက်တာသည် ကိုယ်တော်၏ ရှေ့မှောက်တော်တွင် အချည်းနှီးသက်သက်သာ ဖြစ်ပါ၏။ အမှန်စင်စစ် လူသားတိုင်းသည် အသက်တစ်ချက် ရှူရှိုက်ရုံမျှသာ တည်ရှိကြရပါ၏။-
Psal BurCBCM 39:6  အမှန်စင်စစ် လူသားတိုင်းသည် အရိပ်သဖွယ်သွားလာရပါ၏။ သူတို့သည် အကျိုးမဲ့ရှုပ်ထွေးနေကြပါ၏။ လူသည် ဥစ္စာပစ္စည်းကို စုဆောင်းသော်လည်း မည်သူစံစားရမည်ကို မသိရပေ။
Psal BurCBCM 39:7  သို့ဖြစ်၍ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် မည်သည့်အရာကို မျှော်ကိုးရပါမည်နည်း။ အကျွန်ုပ်၏ မျှော်လင့်ချက်သည် ကိုယ်တော်၌ရှိပါ၏။-
Psal BurCBCM 39:8  အကျွန်ုပ်ကို အပြစ်ကျူးလွန်ခြင်းတို့မှ ကယ်တော်မူပါ။ အကျွန်ုပ်ကို ရူးမိုက်သူ၏ လှောင်ပြောင်စရာ ဖြစ်စေတော်မမူပါနှင့်။-
Psal BurCBCM 39:9  အကျွန်ုပ်သည် တိတ်ဆိတ်စွာနေခဲ့၍ နှုတ်ကိုမဖွင့်ခဲ့ပါ။ အကြောင်းမူကား ဤအရာကို ပြုလုပ်ခဲ့သောသူမှာ ကိုယ်တော်တိုင်ပင် ဖြစ်သောကြောင့်တည်း။-
Psal BurCBCM 39:10  ကိုယ်တော်၏ ပြစ်ဒဏ်ခတ်ခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ ကိုယ်တော့်လက်တော်၏ ရိုက်ခတ်မှုများသည် အကျွန်ုပ်ကို အားကုန်နွမ်းလျစေပါ၏။-
Psal BurCBCM 39:11  ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အပြစ်ဒဏ်ခတ်ခြင်းဖြင့် သူတို့ကို ဆုံးမတော်မူ၏။ ကိုယ်တော်သည် လူတို့နှစ်သက်သည့် အရာများကို ပိုးဖလံကဲ့သို့ ဖျက်ဆီးတော်မူ၏။ အကယ်စင်စစ် လူသည် ထွက်သက်ဝင်သက်မျှသာဖြစ်ပါ၏။
Psal BurCBCM 39:12  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက် သံကို နားညောင်းတော်မူပါ။ အကျွန်ုပ် ငိုကြွေးအသနားခံသောအခါ လျစ်လျူရှုတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ဘိုးဘေးတို့ကဲ့သို့ သူစိမ်းဧည့်သည်အာဂန္တုမျှသာဖြစ်ပါ၏။-
Psal BurCBCM 39:13  အကျွန်ုပ်သေဆုံး၍ ပျောက်ကွယ်မသွားမီ ဝမ်းမြောက်ရွှင်လန်းခြင်းရှိရန် အကျွန်ုပ်၏ အပြစ်များကို မျက်နှာလွှဲတော်မူပါ။