Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 106
Psal BurCBCM 106:1  ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြလော့။ ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာတော်သည် အစဉ်အမြဲတည်တော်မူ၏။-
Psal BurCBCM 106:2  ထာ၀ရဘုရားသခင်၏ ကြီးမြတ်သောအမှုတော်တို့ကို မည်သူပြောဆိုနိုင်ပါမည်နည်း။ ကိုယ်တော်၏ ဂုဏ်တော်ကို စုံလင်စွာ မည်သူထုတ်ဖော်ဝန်ခံနိုင်မည်နည်း။-
Psal BurCBCM 106:3  တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်၍ ဖြောင့်မှန်ရာကို လိုက်ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
Psal BurCBCM 106:4  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏လူမျိုးတော်ကို ကရုဏာမေတ္တာပြသသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ။ သူတို့အား ကယ်တင်တော်မူသောအခါတွင် အကျွန်ုပ်ကို ကူညီမစတော်မူပါ။-
Psal BurCBCM 106:5  ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်ရွေးကောက်တော်မူသောသူတို့၏ ကြီးပွားတိုးတက်ခြင်းကို မြင်နိုင်ပါလိမ့်မည်။ ကိုယ်တော့်လူမျိုး၏ ပျော်ရွှင်ဝမ်းမြောက်ခြင်း၌ အကျွန်ုပ်လည်း ပါဝင်ဝမ်းမြောက်နိုင်ပါလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်၏ အမွေအနှစ်ကို ခံစားခြင်း၌ ဂုဏ်ယူနိုင်ပါလိမ့်မည်။
Psal BurCBCM 106:6  အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ ဘိုးဘေးတို့သည် အပြစ်ကျူးလွန်ခဲ့ကြပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှားကျူးလွန်ခဲ့ကြပြီး ဆိုးယုတ်စွာပြုကျင့်ခဲ့ကြပါပြီ။-
Psal BurCBCM 106:7  အကျွန်ုပ်တို့၏ဘိုးဘေးများသည် အီဂျစ်ပြည်၌ရှိခဲ့စဉ်က ကိုယ်တော်၏ အံ့ဖွယ်ရာအမှုတော်တို့ကို ထောက်ရှုဆင်ခြင်ခြင်း မပြုခဲ့ကြပါ။ သူတို့သည် ကိုယ်တော်၏ကြွယ်၀သော မေတ္တာတော်များကိုမေ့လျော့ကြပြီး ပင်လယ်နီအနီးတွင် အမြင့်ဆုံးသော ဘုရားသခင်ကို ပုန်ကန်ခဲ့ကြပါ၏။-
Psal BurCBCM 106:8  သို့ဖြစ်သော်လည်း ကိုယ်တော်သည် မိမိ၏ကြီးမြတ်သော ဘုန်းတန်ခိုးတော်ကို ထင်ရှားစေရန် နာမတော်ကို ထောက်၍ သူတို့ကို ကယ်တင်တော်မူခဲ့၏။-
Psal BurCBCM 106:9  ကိုယ်တော်သည် ပင်လယ်နီကို ကြိမ်းမောင်းတော်မူ၍ ရေသည်ခန်းခြောက်သွားပါ၏။ သဲကန္တာရကို ဖြတ်ကျော်သကဲ့သို့ ခန်းခြောက်သောပင်လယ်ကို ဖြတ်ကျော်ရန် ကိုယ်တော်သည် သူတို့ကို ဦးဆောင်တော်မူခဲ့၏။-
Psal BurCBCM 106:10  ကိုယ်တော်သည် ရန်မူလိုသောသူတို့၏လက်ထဲမှ သူတို့ကိုကယ်တင်တော်မူ၍ ရန်သူတို့၏လက်မှ လွတ်မြောက်စေ တော်မူ၏။-
Psal BurCBCM 106:11  ရေတို့သည် သူတို့၏ရန်သူများကို ဖုံးလွှမ်းသဖြင့် ရန်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်တော့ပေ။-
Psal BurCBCM 106:12  ထိုအခါ သူတို့သည် ကိုယ်တော်၏ကတိတော်ကို ယုံကြည်ကြလျက် ကိုယ်တော့်ကို သီဆိုချီးမွမ်းကြ၏။
Psal BurCBCM 106:13  သို့သော် သူတို့သည် ကိုယ်တော်ပြုလုပ်တော်မူသော အမှုတော်များကို မကြာမီတွင်ပင် မေ့လျော့ကြပြီး ကိုယ်တော်၏ လမ်းညွန်ချက်များကို မစောင့်ဆိုင်းခဲ့ကြပေ။-
Psal BurCBCM 106:14  သူတို့သည် တောအရပ်၌ရှိစဉ် မိမိတို့၏စိတ်အလိုကိုလိုက်၍ သဲကန္တာရ၌ ဘုရားသခင်ကို စုံစမ်းခဲ့ကြ၏။-
Psal BurCBCM 106:15  ကိုယ်တော်သည် သူတို့တောင်းဆိုသောအရာကို ပေးသနားတော်မူခဲ့သော်လည်း သူတို့အား အမျိုးပြုတ်စေနိုင်သော ရောဂါဆိုးကို စွဲကပ်စေတော်မူ၏။
Psal BurCBCM 106:16  တဲစခန်းအတွင်း၌ လူတို့သည် မိုးဇက်နှင့် ဘုရားသခင်၏သန့်ရှင်းသောသူဖြစ်သည့် အာရွန်တို့အပေါ် မနာလိုဖြစ်ကြ၏။-
Psal BurCBCM 106:17  ထိုအခါ မြေကြီးသည် ကွဲအက်ပြီးလျှင် ဒါသန်ကိုဝါးမျို၍ အာဘီရမ်နှင့် အပေါင်းပါတို့အပေါ် ဖုံးလွှမ်းခဲ့၏။-
Psal BurCBCM 106:18  သူတို့၏နောက်လိုက်နောက်ပါများတွင်လည်း မီးလောင်ခဲ့ပြီး မီးတောက်သည် ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်း ခဲ့လေ၏။
Psal BurCBCM 106:19  သူတို့သည် ဟောရက်အရပ်တွင် နွားသူငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုကို ရှိခိုးကိုးကွယ်ကြ၏။-
Psal BurCBCM 106:20  သူတို့သည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်နေရာတွင် မြက်စားသောနွား၏ရုပ်တုကို အစားထိုးလဲလှယ်ခဲ့ကြ၏။-
Psal BurCBCM 106:21  သူတို့သည် အီဂျစ်ပြည်တွင် အံ့ဖွယ်ကောင်းသောအမှုတို့ကို ပြုလုပ်တော်မူခဲ့သော သူတို့၏ကယ်တင်ရှင် ဘုရားသခင်ကို မေ့လျော့ခဲ့ကြ၏။-
Psal BurCBCM 106:22  သူတို့သည် ဟမ်ပြည်တွင် ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုတို့နှင့် ပင်လယ်နီတွင် ပြုလုပ်တော်မူသော ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တို့ကိုလည်း မေ့လျော့ခဲ့ကြ၏။-
Psal BurCBCM 106:23  ကိုယ်တော်ရွေးကောက်တော်မူသော မိုးဇက်သည် ကိုယ်တော်၏ ရှေ့တော်တွင်ရပ်လျက် သူတို့အား ဖျက်ဆီးသုတ်သင်မည့် ကိုယ်တော်၏ အမျက်တော်ကို မဆီးတားခဲ့ပါလျှင် ကိုယ်တော်သည် သူတို့ကို ဖျက်ဆီးသုတ်သင်ရန် အမိန့်တော်ချမှတ်ခဲ့ ပေလိမ့်မည်။
Psal BurCBCM 106:24  ထို့နောက် သူတို့သည် နှစ်သက်ဖွယ်ကောင်းသောပြည်ကို အထင်အမြင်သေး၍ ကိုယ်တော်၏ကတိတော်ကို မယုံကြည်ခဲ့ကြချေ။-
Psal BurCBCM 106:25  သူတို့သည် မိမိတို့၏တဲများအတွင်း၌ ပြစ်တင်ညည်းတွားကြပြီး ထာ၀ရဘုရားသခင်၏အသံကိုလည်း မနာခံခဲ့ကြချေ။-
Psal BurCBCM 106:26  ထို့ကြောင့် ကိုယ်တော်သည် သူတို့ကို တောကန္တာရထဲတွင် သေစေခြင်းငှာလည်းကောင်း၊-
Psal BurCBCM 106:27  သူတို့၏သားမြေးများကို တစ်ပါးအမျိုးသားတို့လက်တွင် ကျရောက်စေ၍ တိုင်းပြည်အနှံ့အပြားသို့ တကွဲတပြားစီ ဖြစ်စေခြင်းငှာလည်းကောင်း မိမိ၏လက်တော်ကိုမြှောက်၍ ကျိန်ဆိုတော်မူ၏။
Psal BurCBCM 106:28  ထို့နောက် သူတို့သည် ပေအော်အရပ်ရှိ ဘားလ်ဘုရားကို ရှိခိုးဝတ်ပြုကြ၍ သေသူတို့၏ရှေ့တွင် ပူဇော်ထားသော ယဇ်ကောင်များကိုစားကြ၏။-
Psal BurCBCM 106:29  ဤသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် ထာ၀ရဘုရားသခင်ကို အမျက်တော်ထွက်စေပြီး သူတို့အလယ်တွင် ကပ်ရောဂါ ကျရောက်စေလေ၏။-
Psal BurCBCM 106:30  ထိုအခါ ဖိနေဟသည်ထ၍ အသနားခံတောင်းလျှောက်သောကြောင့် ကပ်ရောဂါသည် ငြိမ်းလေ၏။-
Psal BurCBCM 106:31  ထိုအမှုကြောင့် သူသည် လူမျိုးအစဉ်အဆက်၌ ဖြောင့်မတ်ခြင်း၏ စံနမူနာဖြစ်လေ၏။
Psal BurCBCM 106:32  သူတို့သည် မေရိဘစမ်းချောင်းအနီးတွင် ထာ၀ရဘုရားသခင်ကို အမျက်ထွက်စေကြ၏။ သူတို့အတွက်ကြောင့် မိုးဇက်သည် ဒုက္ခရောက်ရလေ၏။-
Psal BurCBCM 106:33  အကြောင်းမူကား သူတို့သည် မိုးဇက်၏စိတ်ကို နာကြည်းခါးသီးစေသောကြောင့် မိုးဇက်သည် အဆင်ခြင်မဲ့သော စကားများကို ပြောဆိုခဲ့မိ၏။
Psal BurCBCM 106:34  သူတို့သည် ထာ၀ရဘုရားသခင် မိန့်တော်မူသည် ကိုလျစ်လျူရှုပြီး တစ်ပါးအမျိုးသားတို့အား ဖျက်ဆီးသုတ်သင်ခြင်း မပြုကြရုံသာမက၊-
Psal BurCBCM 106:35  တိုင်းတစ်ပါးသားတို့နှင့် ရောနှောဆက်ဆံကြ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို အတုယူကျင့်ကြံကြ၏။-
Psal BurCBCM 106:36  သူတို့သည် တိုင်းတစ်ပါးသားတို့၏ ရုပ်တုများကို ရှိခိုးဝတ်ပြုခဲ့ကြခြင်းဖြင့် ထိုသူတို့၏ထောင်ချောက်အတွင်းသို့ သက်ဆင်းခဲ့ကြ၏။-
Psal BurCBCM 106:37  သူတို့သည် မိမိတို့၏သားသမီးများကို နတ်ဆိုးများထံသို့ ယဇ်ပူဇော်ကြ၏။-
Psal BurCBCM 106:38  သူတို့သည် အပြစ်မဲ့သောသွေးဖြစ်သည့် မိမိတို့သားသမီးများ၏သွေးကို ကာနန်ရုပ်တုများရှေ့တွင် သွန်းလောင်း ပူဇော်ကြသောကြောင့် ထိုတိုင်းပြည်ကို သွေးဖြင့်ညစ်ညူးစေခဲ့ကြ၏။-
Psal BurCBCM 106:39  သူတို့သည် မိမိတို့၏အပြုအမူများဖြင့် မိမိတို့ကိုယ်ကို ညစ်ညူးစေခဲ့ကြ၏။ သူတို့သည် မိမိတို့၏အပြုအမူများအားဖြင့် ပြည့်တန်ဆာကဲ့သို့ ပြုမူခဲ့ကြ၏။
Psal BurCBCM 106:40  ထိုအခါ ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အပေါ် အမျက်ထွက်ပြီး မိမိ၏အမွေစားအမွေခံတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။-
Psal BurCBCM 106:41  ကိုယ်တော်သည် သူတို့ကို တစ်ပါးအမျိုးသားတို့၏ လက်သို့အပ်တော်မူသဖြင့် သူတို့ကိုမုန်းတီးသောရန်သူတို့သည် သူတို့အပေါ် စိုးမိုးအုပ်ချုပ်ကြ၏။-
Psal BurCBCM 106:42  သူတို့၏ရန်သူများသည် သူတို့ကို ဖိစီးနှိပ်စက်ကြသဖြင့် သူတို့သည် ရန်သူတို့၏လက်အောက်၌ ဩဇာခံများ ဖြစ်လာခဲ့ကြ၏။-
Psal BurCBCM 106:43  ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အား ကြိမ်ဖန်များစွာ ကယ်ဆယ်တော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော့်ကို ပုန်ကန်ရန် အမြဲကြံရွယ်ကြသဖြင့် မိမိတို့၏အပြစ်ထဲတွင် နစ်မွန်းခဲ့ကြ၏။-
Psal BurCBCM 106:44  သို့သော်လည်း ကိုယ်တော်သည် သူတို့၏အော်ဟစ်ငိုကြွေးသံကို ကြားသောအခါ သူတို့၏ဆင်းရဲဒုက္ခကို သတိပြုမိ တော်မူ၏။-
Psal BurCBCM 106:45  ကိုယ်တော်သည် သူတို့၏အကျိုးကိုထောက်၍ မိမိ၏ပဋိညာဉ်တော်ကို သတိရတော်မူပြီးလျှင် ကြီးမားလှသော ကရုဏာမေတ္တာတော်ကြောင့် အမျက်တော်ပြေခဲ့လေ၏။-
Psal BurCBCM 106:46  ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ဖမ်းဆီးအကျဉ်းချထားသော သူတို့၏စိတ်တွင် သနားကြင်နာခြင်းကို ဖြစ်ပေါ်စေ တော်မူခဲ့၏။
Psal BurCBCM 106:47  အကျွန်ုပ်တို့၏ဘုရားဖြစ်သော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ကျေးဇူးတင်ဆပ်နိုင်ရန်သော်လည်းကောင်း၊ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုခြင်းဖြင့် ဂုဏ်ပြုနိုင်ရန်သော်လည်းကောင်း လူမျိုးတကာတို့အလယ်မှ အကျွန်ုပ်တို့ကို ခေါ်ယူစုရုံးတော်မူပါ။
Psal BurCBCM 106:48  အစ္စရာအဲလ်လူမျိုး၏ ဘုရားဖြစ်တော်မူသော ထာ၀ရဘုရားသခင်အား ကာလအဆက်ဆက် ချီးမွမ်းထောမနာ ရှိပါစေသော်။ လူမျိုးအပေါင်းတို့သည် အာမင်ဟု ဆိုကြပါစေသော်။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထော မနာပြုကြလော့။