Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 38
Psal BurCBCM 38:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏အမျက်တော်၌ အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်။ အမျက်ဒေါသထွက်၍ အကျွန်ုပ်ကို ဆုံးမတော်မမူပါနှင့်။-
Psal BurCBCM 38:2  အကြောင်းမူကား ကိုယ်တော်၏မြားတို့သည် အကျွန်ုပ်၌ စူးဝင်၍ ကိုယ်တော်၏ လက်တော်သည် အကျွန်ုပ်အပေါ်သို့ သက်ရောက်လျက်ရှိပါ၏။
Psal BurCBCM 38:3  ကိုယ်တော်၏ အမျက်တော်ကြောင့် အကျွန်ုပ်၏ ကိုယ်ခန္ဓာ၌ ကျန်းမာခြင်း ကင်းမဲ့ပါ၏။ အကျွန်ုပ်၏ အပြစ်ဒုစရိုက် များကြောင့် အကျွန်ုပ်၏ အရိုးများသည် သန်စွမ်းခြင်းမရှိပါ။-
Psal BurCBCM 38:4  အကြောင်းမူကား အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်များသည် အကျွန်ုပ်အပေါ်၌ရှိကြ၍ ၎င်းတို့သည် အကျွန်ုပ် မထမ်းနိုင်လောက်အောင် လေးလံသောဝန်ထုပ်ကဲ့သို့ အကျွန်ုပ်ကို ဖိစီးလျက်ရှိပါ၏။
Psal BurCBCM 38:5  အကျွန်ုပ်၏မိုက်မဲမှုကြောင့် ရရှိသောဒဏ်ရာများသည် ပုပ်စပ်၍ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လာပါ၏။-
Psal BurCBCM 38:6  အကျွန်ုပ်သည် ပြင်းထန်စွာခံရပြီး အလွန်သိမ်ငယ်ရကာ တစ်နေ့လုံး ငိုကြွေးမြည်တမ်းလျက် သွားလာရပါ၏။-
Psal BurCBCM 38:7  အကြောင်းမူကား အကျွန်ုပ်၏ ခါးတစ်ပြင်လုံးသည် ပူလောင်လျက် ခန္ဓာကိုယ်သည်လည်း ကျန်းမာခြင်းမရှိပါ။-
Psal BurCBCM 38:8  အကျွန်ုပ်သည် ခွန်အားကုန်ခန်း၍ နွမ်းလျနေပါ၏။ အကျွန်ုပ်စိတ်နှလုံး၏ ပူဆွေးမှုကြောင့် ညည်းညူနေရပါ၏။
Psal BurCBCM 38:9  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ အလိုဆန္ဒဟူသမျှကို ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏ ညည်းတွားခြင်းသည်လည်း ကိုယ်တော့်ထံမှ ဝှက်ကွယ်လျက်မရှိပါ။-
Psal BurCBCM 38:10  အကျွန်ုပ်၏နှလုံးသည် ပြင်းစွာရိုက်ခတ်၍ ခွန်အားလည်း ကုန်ခန်းနေပါပြီ။ အကျွန်ုပ်၏ မျက်စိအလင်းသည်လည်း အကျွန်ုပ်ထံမှ ကွယ်ပျောက်သွားပါပြီ။-
Psal BurCBCM 38:11  အကျွန်ုပ်၏ မိတ်ဆွေများနှင့် အပေါင်းအသင်းများသည် အကျွန်ုပ်၏ အနာရောဂါကြောင့် အကျွန်ုပ်ကို တိမ်းရှောင် နေကြပါ၏။ အကျွန်ုပ်၏ အိမ်နီးနားချင်းတို့သည်လည်း အကျွန်ုပ်ထံမှ ဝေးဝေးနေကြပါ၏။
Psal BurCBCM 38:12  အကျွန်ုပ်၏ အသက်ကို ရန်ရှာကြသော သူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်ကို ဘေးဥပဒ် ပြုလိုသော သူတို့သည် အကျွန်ုပ်၏ ပျက်စီးရာပျက်စီးကြောင်းကို ပြောဆိုကြပါ၏။ သူတို့သည် ကောက်ကျစ်စဉ်းလဲခြင်းအမှုကို တစ်နေကုန် ကြံစည်နေကြပါ၏။
Psal BurCBCM 38:13  သို့သော် အကျွန်ုပ်သည် နားပင်းနေသူကဲ့သို့ မည်သည့်အရာကိုမျှ မကြားရပါ။ ဆွံ့အနေသူကဲ့သို့ စကားတစ်ခွန်းကိုမျှ မပြောနိုင်ပါ။-
Psal BurCBCM 38:14  အမှန်စင်စစ် အကျွန်ုပ်သည် နားမကြားသောသူကဲ့သို့ဖြစ်ပြီး အကျွန်ုပ်၏နှုတ်သည်လည်း ပြန်ပြောနိုင်စွမ်းမရှိပါ။
Psal BurCBCM 38:15  သို့ရာတွင် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို စောင့်မျှော်နေပါ၏။ အကျွန်ုပ်၏သခင်၊ အကျွန်ုပ်၏ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ပြန်ထူးတော်မူမည်သာဖြစ်၏။-
Psal BurCBCM 38:16  အကြောင်းမူကား အကျွန်ုပ်က အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်အပေါ် ဝမ်းသာအားရမရှိပါစေနှင့်။ အကျွန်ုပ်၏ ခြေချော်ကျမှုကို အကြောင်းပြု၍ ရန်သူတို့ကို ကြွားဝါခွင့် ပြုတော်မမူပါနှင့်ဟု တောင်းလျှောက်သောကြောင့်ဖြစ်ပါ၏။
Psal BurCBCM 38:17  အကျွန်ုပ်သည် ပြိုလဲလုနီးပြီဖြစ်၍ ဝေဒနာကို အမြဲခံစားနေရပါ၏။-
Psal BurCBCM 38:18  အကျွန်ုပ်၏ ပြစ်မှားမှုများကို ဖော်ပြဝန်ခံပါ၏။ အကျွန်ုပ်၏ အပြစ်များအတွက် ဝမ်းနည်းခြင်းရှိပါ၏။-
Psal BurCBCM 38:19  အကျွန်ုပ်ကို အကြောင်းမဲ့ဆန့်ကျင်ကြသော သူတို့သည် ခွန်အားကြီးမားကြပါ၏။ အကျွန်ုပ်အား မတရားသဖြင့် မုန်းတီးကြသော သူတို့သည်လည်း များပြားလှပါ၏။-
Psal BurCBCM 38:20  အကောင်းကို အဆိုးဖြင့် တုံ့ပြန်ကြသောသူတို့သည် အကျွန်ုပ်ကောင်းသော အမှုကိုပြုလုပ်ရန် ကြိုးစားသောအခါ အသရေဖျက်ကြပါ၏။
Psal BurCBCM 38:21  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို စွန့်ပစ်ထားတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်နှင့် ဝေးလံစွာ နေတော် မမူပါနှင့်။-
Psal BurCBCM 38:22  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ကယ်တင်ရှင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန် ကြွလာတော်မူပါ။