Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 144
Psal BurCBCM 144:1  အကျွန်ုပ်၏ခိုလှုံရာ ကျောက်ဆောင်တည်းဟူသော ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏လက်များကို စစ်တိုက်ရန်အတွက်လည်းကောင်း၊ အကျွန်ုပ်၏လက်ချောင်းများကို တိုက်ပွဲဝင်ရန်အတွက် လည်းကောင်း လေ့ကျင့်ပေးတော်မူ၏။-
Psal BurCBCM 144:2  ကိုယ်တော်သည် အကျွန်ုပ်၏ ခိုလှုံရာကျောက်ဆောင်၊ အကျွန်ုပ်၏ခံတပ်၊ အကျွန်ုပ်၏ရဲတိုက်၊ အကျွန်ုပ်၏ကယ်တင်ရှင်နှင့် အကျွန်ုပ်၏ဒိုင်းလွှားဖြစ်တော်မူပါ၏။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အကျွန်ုပ်၏လက်အောက်သို့ ရောက်စေတော်မူ၏။
Psal BurCBCM 144:3  အိုထာ၀ရဘုရားသခင်၊ လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် ဤမျှအရေးတယူ တန်ဖိုးထားတော်မူပါသနည်း။ သာမန်လူသားသည် မည်သူဖြစ်၍ ကိုယ်တော်သည် သူ့ကိုဂရုစိုက်တော်မူပါသနည်း။-
Psal BurCBCM 144:4  လူသည် အသက်ရှူသွင်းသော လေနှင့်တူပါ၏။ သူ၏အသက်တာသည် ဖြတ်သန်းသွားသော အရိပ်နှင့်တူပါ၏။
Psal BurCBCM 144:5  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏မိုးကောင်းကင်ကိုညွတ်၍ ဆင်းကြွလာတော်မူပါ။ တောင်များကို တို့ထိတော်မူပါ။ ယင်းတို့မှ မီးခိုးထွက်ကြပါလိမ့်မည်။-
Psal BurCBCM 144:6  ကိုယ်တော်၏လျှပ်စီးကို လက်စေတော်မူ၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူပါ။ ကိုယ်တော်၏ လေးမြားတော်တို့ကို ပစ်သဖြင့် သူတို့ကို ရှုံးနိမ့်ပြိုကွဲစေတော်မူပါ။-
Psal BurCBCM 144:7  ကိုယ်တော်၏လက်တော်ကို အထက်အရပ်မှဆန့်တန်းတော်မူပါ။ အကျွန်ုပ်ကို ရေနက်ရာမှလည်းကောင်း၊ တိုင်းတစ်ပါး သားတို့၏ လက်ထဲမှလည်းကောင်း ကယ်ဆယ်တော်မူပါ။-
Psal BurCBCM 144:8  ထိုသူတို့သည် လိမ်ညာလှည့်ဖြားသောစကားကို နှုတ်မှပြောဆိုကြ၍ မမှန်ကန်ရာတို့ကို လက်ယာလက်ဖြင့် ပြုလုပ်ကြပါ၏။
Psal BurCBCM 144:9  အိုဘုရားသခင်၊ အကျွန်ုပ်သည် သီချင်းအသစ်ကိုသီဆို၍ ကိုယ်တော်အား ချီးမွမ်းပါမည်။ ကြိုးဆယ်ပင်ပါသော စောင်းကိုတီးလျက် ကိုယ်တော့်ကို ချီးမွမ်းပါမည်။-
Psal BurCBCM 144:10  ကိုယ်တော်သည် ဘုရင်တို့အား စစ်အောင်နိုင်ခွင့်ကို ပေးတော်မူပါ၏။ ကိုယ်တော်၏ကျွန် ဒါဝိဒ်ကိုလည်း ကယ်တင် တော်မူပါ၏။-
Psal BurCBCM 144:11  ရက်စက်ကြမ်းကြုတ်သော ဓား၏ဘေးရန်မှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တိုင်းတစ်ပါးသားတို့၏ လက်ထဲမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ထိုသူတို့သည် လိမ်လည်လှည့်ဖြားသော စကားများကို နှုတ်မှပြောဆိုကြ၍ မမှန်ကန်ရာတို့ကို လက်ယာလက်ဖြင့် ပြုမူကြပါ၏။
Psal BurCBCM 144:12  အကျွန်ုပ်တို့၏ သားများသည် သူတို့၏ပျိုရွယ်ချိန်၌ သန်မာကြီးထွားလာသော အပင်ပေါက်များကဲ့သို့ ဖြစ်ကြပါစေ။ အကျွန်ုပ်တို့၏ သမီးများသည် နန်းတော်ထောင့်တွင် စိုက်ထူမည့် ကျောက်တိုင်များကဲ့သို့ ဖြစ်ကြပါစေ။-
Psal BurCBCM 144:13  အကျွန်ုပ်တို့၏ ရိက္ခာတိုက်များသည် အသီးအနှံအမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေပါစေ။ အကျွန်ုပ်တို့၏ သိုးများသည် အကျွန်ုပ်တို့၏ ကွင်းပြင်များတွင် ထောင်သောင်းမက တိုးပွားကြပါစေ။-
Psal BurCBCM 144:14  အကျွန်ုပ်တို့၏ နွားအုပ်များသည်လည်း ရင်သွေးကိုလွယ်ပိုက်၍ ၀ဖြိုးလေးလံကြပါစေ။ မြို့ရိုးကျိုးပေါက်ခြင်း သော်လည်းကောင်း၊ အတင်းအဓမ္မ သိမ်းယူခေါ်ဆောင်သွားခြင်းသော်လည်းကောင်း မရှိပါစေနှင့်။ အကျွန်ုပ်တို့၏လမ်းများ ပေါ်တွင်လည်း အော်ဟစ်ငိုကြွေးခြင်း မရှိပါစေနှင့်။
Psal BurCBCM 144:15  ဤကဲ့သို့ ကောင်းချီးမင်္ဂလာခံစားရသော လူမျိုးသည် မင်္ဂလာရှိ၏။ ထာ၀ရဘုရားသခင်ကို ဘုရားအဖြစ် ရှိခိုးကိုးကွယ်သော လူမျိုးသည် မင်္ဂလာရှိ၏။