Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 139
Psal BurCBCM 139:1  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ဆေးရွေးချယ်ခဲ့၍ အကျွန်ုပ်ကို သိတော်မူပါ၏။-
Psal BurCBCM 139:2  ကိုယ်တော်သည် အကျွန်ုပ်ထိုင်သောအချိန်နှင့် ထသောအချိန်တို့ကို သိတော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ အကြံအစည်များကို အဝေးကပင် သိမြင်တော်မူပါ၏။-
Psal BurCBCM 139:3  ကိုယ်တော်သည် အကျွန်ုပ်လျှောက်လှမ်းသောလမ်းနှင့် အကျွန်ုပ်အနားယူချိန်တို့ကို စစ်ဆေးသိရှိတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ် ပြုလုပ်သမျှတို့ကို သိမြင်တော်မူပါ၏။-
Psal BurCBCM 139:4  အကျွန်ုပ်၏နှုတ်မှ စကားတစ်ခွန်းမျှမထွက်မီ ကိုယ်တော်သည် အားလုံးကို သိပြီးဖြစ်တော်မူပါ၏။-
Psal BurCBCM 139:5  ကိုယ်တော်သည် အကျွန်ုပ်ကို ရှေ့နောက်ဝန်းရံ၍ စောင့်ရှောက်တော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အပေါ်၌ လက်တော်ကိုတင်တော်မူပါ၏။-
Psal BurCBCM 139:6  ဤကဲ့သို့သိရှိတော်မူခြင်းသည် အကျွန်ုပ်အတွက် အလွန်ထူးဆန်းအံ့ဩဖွယ်ဖြစ်ပါ၏။ ဤအသိဉာဏ်သည် မြင့်မားနက်နဲ လှသောကြောင့် အကျွန်ုပ်နားမလည်နိုင်ပါ။
Psal BurCBCM 139:7  ကိုယ်တော်၏ ဝိညာဉ်တော်နှင့်ဝေးရန် မည်သည့်အရပ်သို့ အကျွန်ုပ်သွားရပါမည်နည်း။ ကိုယ်တော်၏ မျက်မှောက်တော်မှ လွတ်မြောက်နိုင်ရန် မည်သည့်အရပ်သို့ အကျွန်ုပ် ထွက်ပြေးရပါမည်နည်း။-
Psal BurCBCM 139:8  အကျွန်ုပ်သည် ကောင်းကင်သို့တက်ပါလျှင် ကိုယ်တော်သည် ထိုအရပ်၌ ရှိတော်မူ၏။ အကျွန်ုပ်သည် မရဏနိုင်ငံတွင် အိပ်ရာကိုခင်းသောအခါ ကိုယ်တော်သည် ထိုအရပ်၌ ရှိတော်မူ၏။-
Psal BurCBCM 139:9  အကျွန်ုပ်သည် နံနက်အရုဏ်ဦး၏ အတောင်တို့ဖြင့်ပျံသန်း၍ ပင်လယ်သမုဒ္ဒရာတစ်ဖက်စွန်းတွင် သွားရောက်နေထိုင် ပါလျှင်လည်း၊-
Psal BurCBCM 139:10  ကိုယ်တော်၏ လက်တော်သည် အကျွန်ုပ်ကို ဦးဆောင်မည်ဖြစ်၍ လက်ယာလက်တော်သည် အကျွန်ုပ်ကိုကူမပါလိမ့်မည်။-
Psal BurCBCM 139:11  အကယ်၍အမှောင်ထုသည် အကျွန်ုပ်ကိုဖုံးလွှမ်း၍ အကျွန်ုပ်၏ပတ်လည်တွင်ရှိသော အလင်းကို ညအဖြစ်သို့ပြောင်းလဲ ပါစေဟု အကျွန်ုပ်ဆိုခဲ့ပါလျှင်၊-
Psal BurCBCM 139:12  အမှောင်ထုသည်ပင်လျှင် ကိုယ်တော့်အတွက် အမှောင်မဟုတ်ပါ။ ညသည်လည်း နေ့ကဲ့သို့ လင်းလျက်ရှိပါ၏။ အဘယ်ကြောင့်ဆိုသော် အမှောင်နှင့်အလင်းသည် ကိုယ်တော့်အတွက် အတူတူပင်ဖြစ်သောကြောင့်တည်း။
Psal BurCBCM 139:13  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများကို ဖန်ဆင်း၍ အကျွန်ုပ်ကို အမိဝမ်းတွင်း၌ အတူတကွဆက်စပ်ထားတော်မူ၏။-
Psal BurCBCM 139:14  ကိုယ်တော်သည် ကြောက်ရွံ့အံ့ဩဖွယ်ကောင်းသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါ၏။ ကိုယ်တော်ပြုလုပ်တော်မူသော အမှုအရာတို့သည် ထူးဆန်းအံ့ဩဖွယ်ကောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းစွာသိတော်မူပါ၏။-
Psal BurCBCM 139:15  အကျွန်ုပ်သည် မထင်ရှားသောနေရာတွင် ဖန်ဆင်းခံရ၍ ကမ္ဘာမြေကြီးအောက် နက်ရှိုင်းသောအရပ်၌ သေချာစွာ ပုံသွင်းခြင်းခံရချိန်တွင် အကျွန်ုပ်၏အရိုးတို့သည် ကိုယ်တော်၏မျက်မှောက်တော်မှ ဖုံးကွယ်ခြင်းမရှိပါ။-
Psal BurCBCM 139:16  အကျွန်ုပ်၏ကိုယ်ခန္ဓာရုပ်လုံး မပေါ်မီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ကြည့်မြင်တော်မူပြီးဖြစ်ပါ၏။ အကျွန်ုပ်၏ နေ့ရက်များသည်လည်း ယင်းတို့မဖြစ်ပေါ်မီကတည်းကပင် ကိုယ်တော်၏မှတ်တမ်းစာအုပ်၌ ရေးမှတ်ထားပြီးဖြစ်ပါ၏။-
Psal BurCBCM 139:17  အိုဘုရားသခင်၊ ကိုယ်တော်၏အကြံအစည်တော်တို့သည် အကျွန်ုပ်အတွက် လွန်စွာအဖိုးတန်ပါ၏။ ကိုယ်တော်၏ အကြံအစည်တော်တို့သည် များပြားလှပေသည်တကား။-
Psal BurCBCM 139:18  အကျွန်ုပ်သည် ထိုအကြံအစည်တော်တို့ကို ရေတွက်ရပါလျှင် ယင်းတို့သည် သဲပွင့်များထက် ပို၍များပြားပါလိမ့်မည်။ အကျွန်ုပ်သည် အိပ်ရာမှနိုးထသောအခါ ကိုယ်တော်နှင့် အတူရှိနေပါ၏။
Psal BurCBCM 139:19  အိုဘုရားသခင်၊ ကိုယ်တော်သည် ဆိုးမိုက်သောသူများကို သုတ်သင်တော်မူပါလျှင် ကောင်းပေစွ။ ထိုအခါ သွေးဆာနေသော သူတို့သည် အကျွန်ုပ်ထံမှ ထွက်ခွာသွားကြပါလိမ့်မည်။-
Psal BurCBCM 139:20  ထိုသူတို့သည် ကိုယ်တော့်ကို ဆိုးယုတ်စွာ ထိခိုက်ပြောဆိုကြပါ၏။ ကိုယ်တော်၏ ရန်သူများသည် ကိုယ်တော်၏ နာမတော်ကို ပုတ်ခတ်ပြောဆိုကြပါ၏။-
Psal BurCBCM 139:21  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို မုန်းတီးသူတို့အား မုန်းတီးသည်မဟုတ်ပါလော။ အကျွန်ုပ်သည် ကိုယ်တော့်ကို ပုန်ကန်သောသူတို့အား စက်ဆုပ်ရွံရှာသည် မဟုတ်ပါလော။-
Psal BurCBCM 139:22  အကျွန်ုပ်သည် သူတို့ကို အမှန်ပင်မုန်းတီးပါ၏။ အကျွန်ုပ်သည် သူတို့ကို အကျွန်ုပ်၏ ရန်သူများကဲ့သို့ မှတ်ယူပါ၏။-
Psal BurCBCM 139:23  အို ဘုရားသခင်၊ အကျွန်ုပ်ကိုရှာဖွေ၍ အကျွန်ုပ်၏နှလုံးသားကို သိမြင်တော်မူပါ။ အကျွန်ုပ်ကို စုံစမ်း၍ အကျွန်ုပ်၏ အကြံအစည်တို့ကို သိမြင်တော်မူပါ။-
Psal BurCBCM 139:24  အကျွန်ုပ်၌ ဆိုးမိုက်သောလမ်းစဉ်ရှိ၊ မရှိကြည့်တော်မူပါ။ အကျွန်ုပ်ကို ထာ၀ရတည်ရှိသော လမ်းစဉ်သို့ ဦးဆောင်တော်မူပါ။