Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 15
Mark BurJudso 15:1  နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။
Mark BurJudso 15:2  ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
Mark BurJudso 15:3  ယဇ်ပုရောဟိတ်မင်းကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ၏။
Mark BurJudso 15:4  တဖန်ပိလတ်မင်းက၊ သင်သည် တခွန်းကိုမျှပြန်၍ မပြောသလောက်။ သင့်တဘက်၌ အဘယ်မျှ လောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊
Mark BurJudso 15:5  စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။
Mark BurJudso 15:6  ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတောင်းသော သူတယောက်ယောက်ကို လွှတ်တတ်၏။
Mark BurJudso 15:7  ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတယောက် သည်၊ ပုန်ကန်သောအပေါင်းဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။
Mark BurJudso 15:8  လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍ တောင်းပန်သောအခါ၊
Mark BurJudso 15:9  ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်၍မေး၏။
Mark BurJudso 15:10  အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ၏။
Mark BurJudso 15:11  ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစု အဝေးကို နှိုးဆော်ကြ၏။
Mark BurJudso 15:12  တဖန်ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကိုအဘယ်သို့ပြုရမည်နည်းဟု မေးမြန်း သော်၊
Mark BurJudso 15:13  ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ၏။
Mark BurJudso 15:14  ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။
Mark BurJudso 15:15  ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှါ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။
Mark BurJudso 15:16  ထိုအခါစစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင် သွား၍၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကိုဝတ်စေ၍၊
Mark BurJudso 15:17  ဆူးပင်နှင့်ရက်သော ဦးရစ်ကိုတင်ပြီးလျှင်၊
Mark BurJudso 15:18  ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးစကားကို ပြောကြ၏။
Mark BurJudso 15:19  ခေါင်းတော်ကို ကျူးလုံးနှင့် ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပြပ်ဝပ်ခြင်း ကိုလည်း ပြုကြ၏။
Mark BurJudso 15:20  ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကိုချွတ်၍ အဝတ်တော်ကို ဝတ် ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။
Mark BurJudso 15:21  အာလေဇန္ဒြုနှင့် ရုဖု၏ အဘရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။
Mark BurJudso 15:22  ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါသဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊
Mark BurJudso 15:23  မုရန်နှင့်ရောသော စပျစ်ရည်ကို၊ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲ နေတော်မူ၏။
Mark BurJudso 15:24  လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်ကို စားရေးတံချ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။
Mark BurJudso 15:25  ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တချက်တည်းအချိန်ဖြစ်သတည်း။
Mark BurJudso 15:26  အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်ဟု ရေးထားသတည်း။
Mark BurJudso 15:27  ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျားတော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
Mark BurJudso 15:28  ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
Mark BurJudso 15:29  လမ်းမှာသွားသောသူတို့ကလည်း၊ ဟဲ့၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ၊
Mark BurJudso 15:30  ကိုယ်ကိုကိုယ်ကယ်တင်လော့။ လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ်၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ၏။
Mark BurJudso 15:31  ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား။
Mark BurJudso 15:32  ငါတို့မြင်၍ ယုံကြည်စေခြင်းငှါ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ် တိုင်မှ ယခုဆင်းပါလော့ဟု အချင်းချင်းပြက်ယယ်ပြု၍ ပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။
Mark BurJudso 15:33  မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
Mark BurJudso 15:34  သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော် မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု ဆို လိုသတည်း။
Mark BurJudso 15:35  အနား၌ရပ်နေသော သူအချို့တို့သည်ကြားလျှင်၊ သူသည်ဧလိယကို ခေါ်သည်ဟုဆိုကြ၏။
Mark BurJudso 15:36  လူတယောက်သည် ပြေး၍ရေမှိုတထွေးကို ပုံရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူးလုံးဖျား၌တပ်၍ ကိုယ် တော်အား သောက်စိမ့်သောငှါ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှါ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟုဆို၏။
Mark BurJudso 15:37  ယေရှုသည်ကြီးသောအသံနှင့် ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။
Mark BurJudso 15:38  ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။
Mark BurJudso 15:39  ထိုသို့ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည်မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟုဆို၏။
Mark BurJudso 15:40  မိန်းမအချို့တို့သည်လည် ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။
Mark BurJudso 15:41  ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အကျွေးလိုက် သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့်ယောသ၏ အမိဖြစ်သော မာရိနှင့်ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှ လင်မြို့သို့ လိုက်လာသောအခြားမိန်းမများလည်း ပါကြသတည်း။
Mark BurJudso 15:42  ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကဲနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊
Mark BurJudso 15:43  အသရေရှိသော လွှတ်အရာရှိ၊ အရိမသဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မြော် လင့်သောသူဖြစ်သည်နှင့်၊ ပိမလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
Mark BurJudso 15:44  ယေရှုသည်ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည် ကား ကြာပြီလောဟုမေး၏။
Mark BurJudso 15:45  သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အားအပ်ပေး၏။
Mark BurJudso 15:46  ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကိုလှိမ့်ထားလေ၏။
Mark BurJudso 15:47  မာဂဒလမာရိ၊ ယောသေ၏ အမိဖြစ်သောမာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှု ကြ၏။