Site uses cookies to provide basic functionality.

OK
ACTS
Prev Up Next Toggle notes
Chapter 8
Acts BurCBCM 8:1  ဆောလုသည်လည်း စတေဖနုအသတ်ခံရခြင်း၌ အလိုတူအလိုပါဖြစ်၏။ ထိုနေ့ရက်၌ ဂျေရုဆလင်မြို့ရှိ အသင်းတော်၌ ကြီးစွာသော ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ပေါ်သဖြင့် တမန်တော်ကြီးတို့မှအပ ယုံကြည်သူအားလုံးသည် ဂျူဒေးယနှင့် ဆမာရိယနယ်တစ်လျှောက် ကွဲလွင့်သွားကြ၏။-
Acts BurCBCM 8:2  ဘုရားတရားကြည်ညိုသူ အချို့တို့သည် စတေဖနုကို သင်္ဂြိုဟ်ကြ၍ သူ့အတွက် အလွန်ဝမ်းနည်းပူဆွေးကြလေ၏။-
Acts BurCBCM 8:3  ဆောလုသည်ကား အသင်းတော်ကိုဖျက်ဆီး၍ ယုံကြည်သူယောက်ျား၊ မိန်းမတို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက် ဆွဲခေါ်ထုတ်ပြီးလျှင် အကျဉ်းထောင်တွင် ချုပ်နှောင်ထားလေ၏။
Acts BurCBCM 8:4  တကွဲတပြားစီ ပျံ့လွင့်သွားကြသော သူတို့သည်လည်း နှုတ်တော်ထွက်စကားကို လှည့်လည်ဟောပြောကြ၏။-
Acts BurCBCM 8:5  ဖိလိပုသည် ဆမာရိယမြို့တစ်မြို့သို့သွား၍ ထိုသူတို့အား ခရစ်တော်အကြောင်းကို ဟောပြောလေ၏။-
Acts BurCBCM 8:6  များစွာသော လူတို့သည်လည်း ဖိလိပု၏စကားကို ကြားနာကြ၍ သူပြုလုပ်သော တန်ခိုးလက္ခဏာများကို မြင်ကြသောအခါ သူဟောပြောသမျှကို တညီတညွတ်တည်း နာယူလက်ခံကြ၏။-
Acts BurCBCM 8:7  အကြောင်းမူကား ညစ်ညူးသော နတ်ဆိုးတို့သည် ကျယ်လောင်စွာ အော်ဟစ်ကြလျက် မိမိတို့ပူးဝင်နေသော လူများစွာထံမှ ထွက်သွားကြကာ လေဖြတ်သူများနှင့် ခြေလက်မသန်စွမ်းသော သူတို့သည်လည်း ပျောက်ကင်းကြသောကြောင့်ဖြစ်၏။-
Acts BurCBCM 8:8  သို့ ဖြစ်၍ ထိုမြို့၌ အလွန်ဝမ်းမြောက်ပျော်ရွှင်ခြင်း ရှိလေ၏။
Acts BurCBCM 8:9  ထိုအရပ်၌ ယခင်က မှော်အတတ်ဖြင့် မြို့ထဲ၌ မျက်လှည့်ပြကာ ဆမာရိယလူမျိုးအားလုံးကို အံ့အားသင့်စေခဲ့သည့် စီမွန်အမည်ရှိသော လူတစ်ယောက်ရှိလေ၏။ သူသည် မိမိကိုယ်ကို တစ်စုံတစ်ရာ ထူးခြားသောသူ ဖြစ်သည်ဟုဆို၏။-
Acts BurCBCM 8:10  လူအပေါင်းတို့ကလည်း ဤသူသည်ကား ဘုရားသခင်၏ ကြီးမြတ်လှသော တန်ခိုးတော်ပင် ဖြစ်သည်ဟုဆိုကာ အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် သူ့ကိုနာခံကြ၏။-
Acts BurCBCM 8:11  သူသည် ကာလကြာမြင့်စွာကပင် ထိုသူတို့အား မိမိ၏မှော်အတတ်ပညာဖြင့် အံ့အားသင့်စေခဲ့သောကြောင့် လူတို့သည် သူ့ကိုနာခံခဲ့ကြခြင်းဖြစ်၏။-
Acts BurCBCM 8:12  သို့ရာတွင် ဖိလိပုသည် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းနှင့် ယေဇူးခရစ်တော်၏ နာမတော် အကြောင်းတို့ကို ဟောပြောသောကြောင့် သူတို့သည် ယုံကြည်ကြ၍ ယောက်ျား၊ မိန်းမများ အားလုံးသည် ဆေးကြောခြင်းကို ခံယူကြ၏။-
Acts BurCBCM 8:13  စီမွန်ကိုယ်တိုင်သည်ပင် ယုံကြည်၍ ဆေးကြောခြင်းခံယူပြီးမှ ဖိလိပုထံ၌ ဆက်လက်ဆည်းကပ်လေ၏။ သူသည် နိမိတ်လက္ခဏာများနှင့် ကြီးကျယ်သော တန်ခိုးများကို မြင်သောအခါ အလွန်အံ့ဩလျက်ရှိ၏။
Acts BurCBCM 8:14  ဤတွင် ဆမာရိယနယ်သားတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို နာယူလက်ခံကြကြောင်းကို ဂျေရုဆလင်မြို့ရှိ တမန်တော်များ ကြားသိကြသောအခါ ပေတရုနှင့် ယောဟန်တို့ကို ထိုသူတို့ထံသို့ စေလွှတ်လိုက်ကြ၏။-
Acts BurCBCM 8:15  တမန်တော်နှစ်ပါးသည်လည်း လာကြ၍ ထိုသူတို့သည် ဝိညာဉ်တော်မြတ်ကို ခံယူရရှိကြစေရန် သူတို့အတွက် ဆုတောင်းပေးကြ၏။-
Acts BurCBCM 8:16  အကြောင်းမူကား ဝိညာဉ်တော်မြတ်သည် ထိုသူတို့ထဲတွင် မည်သူ့အပေါ်မျှ ဆင်းသက်တော်မမူသေးချေ။ ထိုသူတို့သည် ယေဇူးသခင်၏နာမတော်၌ ဆေးကြောခြင်းကိုသာ ခံယူထားကြသောကြောင့်ဖြစ်၏။-
Acts BurCBCM 8:17  တမန်တော်တို့သည်လည်း မိမိတို့၏လက်များကို ထိုသူတို့အပေါ်တွင် တင်ကြသဖြင့် သူတို့သည် ဝိညာဉ်တော်မြတ်ကို ခံယူရရှိကြ၏။-
Acts BurCBCM 8:18  တမန်တော်တို့၏ လက်တင်ခြင်းဖြင့် ဝိညာဉ်တော်မြတ်အား ခံယူရရှိကြောင်းကို စီမွန်တွေ့မြင်သောအခါ သူသည် တမန်တော်တို့အား ငွေကိုဆက်ကပ်လျက်၊-
Acts BurCBCM 8:19  အကျွန်ုပ်၏ လက်တင်ခြင်းကို ခံရသောသူ မည်သူမဆို ဝိညာဉ်တော်မြတ်ကို ခံယူရရှိစေခြင်းငှာ အကျွန်ုပ်အားလည်း ဤတန်ခိုးအာဏာကို ပေးပါဟု ဆိုလေ၏။-
Acts BurCBCM 8:20  သို့သော် ပေတရုက သင်၏ငွေသည် သင်နှင့်အတူ ပျက်စီးပါစေ။ အကြောင်းမူကား သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ငွေဖြင့်ရယူနိုင်သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။-
Acts BurCBCM 8:21  သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာတွင် ပါဝင်ခွင့်၊ ရပိုင်ခွင့်မရှိ။-
Acts BurCBCM 8:22  ထို့ကြောင့် သင်၏မိုက်မှားမှုအတွက် နောင်တရလော့။ သင်၏စိတ်နှလုံးထဲမှ အကြံ အစည်အတွက် ခွင့်လွှတ်ခြင်းခံရစေရန် ဘုရားသခင်ထံ ဆုတောင်းလော့။-
Acts BurCBCM 8:23  အကြောင်းမူကား သင်သည် ခါးသီးသော မုန်းတီးခြင်း၌လည်းကောင်း၊ ဒုစရိုက်၏ အနှောင်အဖွဲ့၌လည်းကောင်း ရှိနေသည်ကို ငါမြင်ရသည်ဟု စီမွန်အား ဆိုလေ၏။-
Acts BurCBCM 8:24  ထိုအခါ စီမွန်က သင်မိန့်ဆိုသည့်အရာ တစ်ခုမျှ အကျွန်ုပ်အပေါ်သို့ မကျရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံတော်သို့ ဆုတောင်းပေးကြပါဟု ဆိုလေ၏။
Acts BurCBCM 8:25  ဤသို့ဖြင့် တမန်တော်တို့သည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားကို ဟောပြောသက်သေခံကြပြီးနောက် ဆမာရိယလူမျိုးတို့၏ ကျေးရွာအမြောက်အမြားတွင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောကြလျက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
Acts BurCBCM 8:26  ထို့နောက် သခင်ဘုရား၏ ကောင်းကင်တမန်က ဖိလိပုအား သင်ထ၍ ဂျေရုဆလင်မြို့မှ ဂါဇာသို့ဆင်းသွားသော လမ်း၏တောင်ဘက်အရပ်သို့ သွားလော့။ ဤလမ်းသည် လူသူဆိတ်ကွယ်သော တောလမ်းဖြစ်သည်ဟုဆို၏။-
Acts BurCBCM 8:27  သူသည်လည်း ထ၍သွားလေ၏။ ထိုအချိန်တွင် အီသီယိုးပိယဘုရင်မ ကန်ဒါစေ၏မှူးမတ်ဖြစ်ပြီး သူမ၏ ဥစ္စာရတနာ အားလုံးကို ထိန်းသိမ်းစောင့်ရှောက်ရသော အီသီယိုးပိယလူမျိုး မိန်းမစိုးတစ်ဦးသည် ဂျေရုဆလင်မြို့သို့ ဝတ်ပြုရန် လာရောက်ခဲ့ပြီးနောက်၊-
Acts BurCBCM 8:28  အပြန်ခရီး၌ မိမိ၏ မြင်းရထားပေါ်တွင် ထိုင်၍ ပရောဖက်အီဇာယ၏ကျမ်းကို ဖတ်ရှုလျက်နေ၏။-
Acts BurCBCM 8:29  ထိုအခါ ဝိညာဉ်တော်က ဖိလိပုအား သွား၍ မြင်းရထားအနီးသို့ ချဉ်းကပ်လော့ဟု မိန့်တော်မူ၏။-
Acts BurCBCM 8:30  သို့ဖြစ်၍ ဖိလိပုသည် ထိုသူရှိရာသို့ ပြေးသွားပြီး သူသည် ပရောဖက်အီဇာယ၏ ကျမ်းအား ဖတ်ရှုနေသည်ကိုကြားလျှင် သင်ဖတ်ရှုနေသောအရာကို နားလည်ပါ၏လောဟု ထိုသူအား မေးလေ၏။-
Acts BurCBCM 8:31  ထိုသူကလည်း ရှင်းလင်းညွန်ပြမည့်သူ မရှိပါလျှင် အကျွန်ုပ်မည် သို့ နားလည်နိုင်ပါမည်နည်းဟု ဆိုလေ၏။ ထို့နောက် သူက ဖိလိပုအား ရထားပေါ်သို့တက်၍ မိမိနှင့်အတူထိုင်ပါ ရန် ဖိတ်ခေါ်လေ၏။
Acts BurCBCM 8:32  ထိုသူဖတ်ရှုနေသော ကျမ်းချက်သည်ကား သားသတ်သမားထံသို့ ခေါ်ဆောင်သွားခြင်း ခံရသော သိုး၊ သို့မဟုတ် သိုးမွေးညှပ်သူ၏ ရှေ့ ၌ရှိသော သိုးသူငယ်သည် အသံမထွက်ဘဲ နှုတ်ပိတ်နေသကဲ့သို့ သူသည် မိမိ၏နှုတ်ကို မဖွင့်ဘဲနေ၏။-
Acts BurCBCM 8:33  သူ့ကိုအရှက်ရစေကြ၍ သူ့အပေါ်၌ တရားမျှတစွာ မပြုမူကြချေ။ မည်သူသည် သူ၏လူမျိုးဆက်ကို ထုတ်ဖော် ပြောဆိုမည်နည်း။ အကြောင်းမူကား သူ၏အသက်ကို ကမ္ဘာမြေကြီးပေါ်မှ နုတ်ယူသွားကြလေပြီဟူ၍ဖြစ်သတည်း။
Acts BurCBCM 8:34  မိန်းမစိုးကလည်း ပရောဖက်သည် မိမိကိုယ်ကို ရည်ညွန်းပြောဆိုသလော၊ သို့မဟုတ် အခြားသူတစ်ဦးကိုလော၊ အကျွန်ုပ်အား ပြောပြပါလော့ဟု ဖိလိပုအား မေးလေ၏။-
Acts BurCBCM 8:35  ထိုအခါ ဖိလိပုသည် မိမိ၏နှုတ်ကိုဖွင့်၍ ဤကျမ်းချက်မှ အစပြုကာ ယေဇူး၏ သတင်းကောင်းကို ထိုသူအား ပြောပြလေ၏။-
Acts BurCBCM 8:36  သူတို့သည် လမ်းအတိုင်းခရီး ဆက်သွားကြစဉ် ရေအနည်းငယ်ရှိရာ အရပ်သို့ ရောက်ကြ၍ မိန်းမစိုးက ကြည့်ပါ၊ ဤနေရာတွင် ရေရှိပါသည်၊ အကျွန်ုပ်သည် ဆေးကြောခြင်းခံယူခြင်းငှာ မည်သည့်အတားအဆီး ရှိပါသနည်းဟု ဆိုလေ၏။-
Acts BurCBCM 8:37  ထိုအခါ ဖိလိပုက သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပါလျှင် ဆေးကြောခြင်း ခံယူနိုင်ပါသည်ဟုဆိုသော် သူက ယေဇူးခရစ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ပြန်ပြောလေ၏။-
Acts BurCBCM 8:38  ထို့နောက် မိန်းမစိုးသည် မြင်းရထားကို ရပ်တန့်ရန် အမိန့်ပေးပြီးလျှင် ဖိလိပုနှင့်အတူ နှစ်ဦးစလုံးရေထဲသို့ ဆင်းသွားကြလျက် ဖိလိပုသည် သူ့အား ဆေးကြောခြင်းပေးလေ၏။-
Acts BurCBCM 8:39  သူတို့သည် ရေထဲမှ တက်လာကြသောအခါ ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်သည် ဖိလိပုကို ဆောင်ယူသွား တော်မူသဖြင့် မိန်းမစိုးသည် ဖိလိပုကို မတွေ့မြင်ရတော့ချေ။ ဤသို့ဖြင့် သူသည် ဝမ်းမြောက်ရွှင်လန်းလျက် မိမိ၏ခရီးကို ဆက်သွားလေ၏။-
Acts BurCBCM 8:40  ဖိလိပုမူကား အာဇိုတုမြို့သို့ ရောက်ရှိသွားပြီး ဆက်လက်ခရီးပြုလျက် ဆီဇားရိယမြို့သို့ ရောက်သည့်တိုင်အောင် မြို့ ရွာ များ အားလုံးတွင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောလေ၏။