Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 17
Luke BurCBCM 17:1  ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မိန့်တော်မူသည်မှာ အပြစ်သို့ကျရောက်စေ နိုင်သော အကြောင်းရင်း များသည် ဧကန်မုချ ဖြစ်ပေါ်တတ်၏။ သို့သော် အပြစ်သို့ကျစေမည့်အကြောင်းရင်းကိုဖြစ် ပေါ်စေသောသူသည် အမင်္ဂလာရှိ၏။-
Luke BurCBCM 17:2  ထိုသူသည် ငယ်ရွယ်သော ဤသူငယ်တို့တွင် တစ်ယောက်ကို အပြစ်သို့ရောက်စေခြင်းထက် မိမိလည်ပင်း၌ ကြိတ်ဆုံကျောက် ကိုဆွဲလျက် ပင်လယ်ထဲသို့ ပစ်ချခံရခြင်းက သူ့အတွက် ပို၍ကောင်းလိမ့်မည်။-
Luke BurCBCM 17:3  သို့ဖြစ်၍ သင်တို့သည် သတိနှင့် ဆင်ခြင်ကြလော့။ သင်၏ညီအစ်ကိုသည် အပြစ်ကျူးလွန်လျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တရလျှင် သူ့ ကိုခွင့်လွှတ်လော့။-
Luke BurCBCM 17:4  သူသည် တစ်နေ့တည်းတွင် ခုနစ်ကြိမ်တိုင်တိုင် သင့်ကိုပြစ်မှား၍ ခုနစ်ကြိမ်တိုင်တိုင်ပင် သင့်ထံသို့လာလျက် အကျွန်ုပ် နောင်တရပါပြီဟုဆိုလျှင် သင်သည် သူ့ကိုခွင့်လွှတ်ရမည်ဟု မိန့်တော်မူ၏။
Luke BurCBCM 17:5  ထိုအခါ တမန်တော်တို့က သခင်ဘုရားအား တပည့်တော်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါဟု လျှောက်ကြ၏။-
Luke BurCBCM 17:6  သခင်ဘုရားကလည်း သူတို့အား မိန့်တော်မူသည်ကား သင်တို့၌ မုန်ညင်းစေ့မျှလောက် ယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား အမြစ်ပါနုတ်၍ ပင်လယ်ထဲတွင် ပေါက်နေလော့ဟုဆိုလျှင် ၎င်းသည် သင်တို့၏စကားကို နာခံလိမ့်မည်။
Luke BurCBCM 17:7  သင်တို့တွင် မည်သူသည် လယ်ထွန်ရာမှဖြစ်စေ၊ သိုးကျောင်းရာမှဖြစ်စေ လယ်ကွင်းမှပြန်လာသော မိမိ၏အစေခံအား သင်ချက်ချင်းလာ၍ စားပွဲ၌ထိုင်လော့ဟု ဆိုမည်နည်း။-
Luke BurCBCM 17:8  ထိုသို့မဟုတ်ဘဲ သူသည် မိမိ၏အစေခံအား ငါ့အဖို့ ညစာကိုပြင်လော့။ ငါစားသောက်နေစဉ် ခါးကိုစည်း၍ ငါအလိုရှိရာကို ဆောင်ရွက်ပေးလော့။ ထို့နောက်မှ သင်စားသောက်ရမည်ဟူ၍ ဆိုမည်မဟုတ်လော။-
Luke BurCBCM 17:9  အစေခံသည် မိမိစေခိုင်းသည့်အတိုင်း ဆောင်ရွက်သောကြောင့် သူသည် ထိုအစေခံကို ကျေးဇူးတင်သလော။-
Luke BurCBCM 17:10  ထိုနည်းတူ သင်တို့သည်လည်း မိမိတို့အား စေခိုင်းသည့်အရာ အားလုံးကို ဆောင်ရွက်ပြီးသောအခါ ငါတို့သည် မထိုက်တန်သော အစေခံများသာဖြစ်ပြီး ငါတို့ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားကို ဆောင်ရွက်ကြခြင်းသာဖြစ်သည်ဟု ဝန်ခံကြလော့ဟူ၍ မိန့်တော်မူ၏။
Luke BurCBCM 17:11  ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွသွားတော်မူစဉ် ဆမာရိယနှင့် ဂါလေလေးယ နယ်စပ်တစ်လျှောက်ကို ဖြတ်သွားတော်မူ၏။-
Luke BurCBCM 17:12  ရွာတစ်ရွာသို့ ကိုယ်တော်ဝင်တော်မူသောအခါ အနာကြီးရောဂါသည် ဆယ်ဦးနှင့် တွေ့ဆုံ၍ သူတို့သည် အဝေးတွင် ရပ်နေကြလျက်၊-
Luke BurCBCM 17:13  ဆရာသခင် ယေဇူး၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ကျယ်လောင်သောအသံဖြင့် တောင်းလျှောက်ကြ၏။-
Luke BurCBCM 17:14  ကိုယ်တော်သည် သူတို့ကိုမြင်တော်မူသောအခါ သင်တို့သွား ကြ၍ သင်တို့ကိုယ်ကို ရဟန်းတို့အား ပြကြလော့ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း ရဟန်းတို့ထံသို့သွားကြစဉ် စင်ကြယ်ခြင်းသို့ရောက်ကြလေ၏။-
Luke BurCBCM 17:15  ထိုသူတို့တွင် တစ်ယောက်သည် မိမိပျောက်ကင်းချမ်းသာ ရကြောင်းကိုမြင်သောအခါ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ကျယ်လောင်စွာ အော်ဟစ်ချီးမွမ်းလျက် ပြန်လှည့်လာ၏။-
Luke BurCBCM 17:16  ထို့နောက် သူသည် ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် ကိုယ်တော်အား ကျေးဇူးတင်လေ၏။ ဤသူသည်ကား ဆမာရိယလူမျိုးဖြစ်၏။-
Luke BurCBCM 17:17  ယေဇူးကလည်း ဆယ်ယောက်သောသူတို့သည် ပျောက်ကင်းစင်ကြယ်ခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကျန်သော ကိုးယောက်တို့သည် အဘယ်မှာရှိကြသနည်း။-
Luke BurCBCM 17:18  ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုချီးမွမ်းရန် ဤလူမျိုးခြားတစ်ဦးမှတစ်ပါး ပြန်လာသူတစ်ယောက်မျှ မရှိသလောဟု မိန့်တော်မူ၏။-
Luke BurCBCM 17:19  ထို့နောက် ကိုယ်တော်က ထိုသူအား သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်လေပြီဟု မိန့်တော်မူ၏။
Luke BurCBCM 17:20  ဖာရီဇေးဦးတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်အခါ၌ ရောက်လာမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြသဖြင့် ကိုယ်တော်က သူတို့ကို ပြန်ပြောတော်မူသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် မြင်နိုင်သော နိမိတ်လက္ခဏာများဖြင့် ရောက်လာမည်မဟုတ်။-
Luke BurCBCM 17:21  ကြည့်ကြ၊ ၎င်းသည် ဤအရပ်၌ရှိ၏။ သို့မဟုတ် ထိုအရပ်၌ရှိ၏ဟူ၍လည်း သူတို့မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အလယ်၌ တည်ရှိသောကြောင့်တည်းဟု မိန့်တော်မူ၏။
Luke BurCBCM 17:22  ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား မိန့်တော်မူသည်ကား သင်တို့သည် လူသား၏နေ့ရက်များထဲမှ တစ်ရက်ကို မြင်တွေ့လိုသော အချိန်ရောက်လာလိမ့်မည်။ သို့သော်လည်း ထိုနေ့ရက်ကို သင်တို့မြင်ကြရလိမ့်မည်မဟုတ်။-
Luke BurCBCM 17:23  ထိုအခါ လူတို့က ကြည့်လော့။ ထိုအရပ်တွင်ရှိ၏။ သို့မဟုတ် ဤအရပ်တွင်ရှိ၏ဟု သင်တို့အား ဆိုကြလိမ့်မည်။ သို့သော် မသွားကြနှင့်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
Luke BurCBCM 17:24  အကြောင်းမူကား ကောင်းကင်တစ်ဖက်မှ ထွက်ပေါ်လာသော လျှပ်စီးလက်ခြင်းသည် ကောင်းကင် အခြားတစ်ဖက် တိုင်အောင် လင်းဖြာသကဲ့သို့ လူသားသည် မိမိ၏နေ့ရက်တွင် ကြွလာသောအခါ၌လည်း ထိုနည်းအတိုင်းဖြစ်လိမ့်မည်။-
Luke BurCBCM 17:25  သို့ရာတွင် သူသည် ပထမဦးစွာ ဒုက္ခဆင်းရဲများကိုခံယူ၍ ဤလူမျိုး ဆက်၏ငြင်းပယ်ခြင်းကိုလည်း ခံရလိမ့်မည်။
Luke BurCBCM 17:26  နောဧ၏လက်ထက်၌ ဖြစ်ပျက်ခဲ့သည့်အတိုင်းပင် လူသား၏နေ့ရက်များတွင်လည်း ဖြစ်လိမ့်မည်။-
Luke BurCBCM 17:27  နောဧသည် သင်္ဘောထဲသို့ဝင်ပြီးနောက် ရေလွှမ်းမိုးခြင်း ကျရောက်သဖြင့် လူအားလုံး သေကြေပျက်စီးခဲ့ကြသည့် နေ့ရက် တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်း မြားပေးစားလျက် နေခဲ့ကြ၏။-
Luke BurCBCM 17:28  ထိုနည်းတူပင် လောတ၏လက်ထက်၌လည်း လူတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ တည်ဆောက် လျက်နေခဲ့ကြ ၏။-
Luke BurCBCM 17:29  သို့ရာတွင် လောတသည် ဆောဒိုမာမြို့မှ ထွက်ခွာသွားသောနေ့၌ ကောင်းကင်မှ မီးနှင့်ကန့်မိုးတို့ ရွာသွန်းသဖြင့် လူအားလုံး သေကြေပျက်စီးခဲ့ကြ၏။-
Luke BurCBCM 17:30  လူသားကို ထင်ရှားစေတော်မူမည့်နေ့တွင်လည်း ဤကဲ့သို့ဖြစ်လိမ့်မည်။
Luke BurCBCM 17:31  ထိုနေ့၌ အိမ်ခေါင်မိုးပေါ်တွင် ရှိသောသူသည် အိမ်ထဲ၌ရှိသော မိမိပစ္စည်းဥစ္စာတို့ကိုယူခြင်းငှာ အောက်သို့မဆင်းလေနှင့်။ ထိုနည်းတူ လယ်ထဲ၌ ရှိသောသူသည်လည်း အိမ်သို့မပြန်လေနှင့်။-
Luke BurCBCM 17:32  လောတ၏ဇနီးကို သတိရကြလော့။-
Luke BurCBCM 17:33  မိမိ၏အသက်ကို ကယ်တင်ရန် ကြိုးစားသောသူသည် အသက်ကိုဆုံးရှုံးလိမ့်မည်။ မိမိ၏အသက် ကိုဆုံးရှုံးသောသူသည် အသက်ကို ကယ်တင်နိုင်လိမ့်မည်။-
Luke BurCBCM 17:34  သင်တို့အား ငါဆိုသည်ကား ထိုည၌ အိပ်ရာတစ်ခုထဲတွင် ရှိနေသော လူနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ်လိမ့်မည်။-
Luke BurCBCM 17:35  ကြိတ်ဆုံအတူကြိတ်လျက်ရှိသော အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ်လိမ့်မည်။-
Luke BurCBCM 17:36  လယ်ထဲ၌ရှိသောသူနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ် လိမ့်မည်ဟု မိန့်တော်မူ၏။-
Luke BurCBCM 17:37  တပည့်တော်တို့ကလည်း မည်သည့်အရပ်တွင် ထိုသို့ဖြစ်ပျက်ပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြလျှင် ကိုယ်တော်က အသေကောင်ရှိရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။